မတ် ၂၂ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - မိုးတိမ်တောင်နောက်ဆက်တွဲမိုးလေဝသဖြစ်စဉ်တွေကို သတိရှိဖို့ မိုးဇလပြော

ဖတ်ရန်အချိန်: မိနစ် ၁၄

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်နေတာကြောင့် ဒီမိုးတိမ်တောင်တွေ ရွှေ့လျားသွားတဲ့တလျှောက်မှာ မိုးရွာသွန်းနိုင်သလို လေပြင်းတိုက်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်နဲ့ မိုးသီးကြွေတဲ့ဖြစ်စဥ်တွေကို သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

ဒီဒေသတွေမှာ မနက်ဖြန်မနက်ပိုင်းအထိ နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပြီး မိုးရွာနိုင်ခြေ ရာခိုင်နှုန်း ၈၀ ရှိတယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက အနောက်မြောက်လေနဲ့ ဘင်္ဂလားပင်လယ်အော် တောင်ဘက်ကနေ မြောက်ဘက်ကို တိုက်ခတ်နေတဲ့ လေစီးကြောင်း ၂ ခုတို့ တွေ့ဆုံတာကြောင့် မိုးတိမ်တောင်တွေ ဖြစ်နေတာလို့ ပုဂ္ဂလိကမိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောပါတယ်။

ဒါကြောင့် မတ် ၂၁ ရက်ကနေ ၂၄ ရက်အတွင်း မန္တလေးတိုင်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင် ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာတာနဲ့အတူ အနောက်၊ အနောက်မြောက်အရပ်ကနေ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာတွေဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

မိုးဇလရဲ့မတ်လ ၂၂ ရက် နေ့လယ် ၂ နာရီထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မိုးရွာသွန်းမှု အခြေအနေဟာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်၊ ချင်း၊ ရှမ်းမြောက်နဲ့ ရှမ်းတောင်တို့မှာ နေရာအနှံ့အပြား ရွာခဲ့ပါတယ်။

မကွေးမှာနေရာကျဲကျဲ၊ ပဲခူးနဲ့ ရခိုင်မှာနေရာ ကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါတယ်။

မိုးရွာနိုင်ခြေ ခန့်မှန်းထားပေမဲ့ နေ့အပူချိန်တွေလည်း ဆက်တိုက်မြင့်တက်နေပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ မင်းဘူးမြို့မှာ ၃၉.၈ ဒီဂရီဆဲလ်စီးယပ်နဲ့ ချောက်မြို့မှာ ၃၉.၆ ဒီဂရီဆဲလ်စီးယပ် ရှိပါတယ်။

ကမ္ဘာ့အပျော်ဆုံးနိုင်ငံစာရင်းမှာ မြန်မာက အဆင့် ၁၂၉ မှာရှိ

နောက်ဆုံးထွက်ရှိထားတဲ့ ကမ္ဘာ့ပျော်ရွှင်မှုဆိုင်ရာအစီရင်ခံစာအရ မြန်မာဟာ အပျော်ဆုံးနိုင်ငံစာရင်းရဲ့ အဆင့် ၁၂၉ မှာရှိပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲ အနိမ့်ဆုံးဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံကအမြင့်ဆုံးမှာဖြစ်ပြီး ကမ္ဘာ့အဆင့် ၃၆ ပါ။ အဆင့်လိုက်ဆိုရင် ဗီယက်နမ်က ၄၅၊ ထိုင်းက ၅၂၊ ဖိလစ်ပိုင်က ၅၆၊ မလေးရှားက ၇၁ နဲ့ အင်ဒိုနီးရှားက ၈၇ မှာရှိပါတယ်။

မြန်မာနဲ့မတိမ်းမယိမ်းမှာရှိတာကတော့ ကမ္ဘောဒီးယားနိုင်ငံဖြစ်ပြီး အဆင့် ၁၂၁ ပါ။ ဘရူနိုင်းနဲ့ တီမောနိုင်ငံတို့ရဲ့ အချက်အလက်တွေတော့ မပါဝင်ပါဘူး။

ဘဝနေထိုင်မှုပုံစံကိုအကဲဖြတ်ပြီးတွက်ချက်ထားတဲ့ ဒီအစီရင်ခံစာမှာ ဖင်လန်နိုင်ငံဟာ ကမ္ဘာ့ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်ပြီး အိုက်စလန်က ဒုတိယ၊ ဒိန်းမတ်က တတိယနေရာမှာ ရှိပါတယ်။

ရုရှားကျူးကျော်စစ်ကိုရင်ဆိုင်နေရတဲ့ ယူကရိန်းက ၁၁၁ အဆင့်မှာရှိပြီး လတ်တလောပဋိပက္ခ ပြင်းထန်နေတဲ့ အီရန်နိုင်ငံကတော့ ၉၇ မှာရှိပါတယ်။ အာဖဂန်နစ္စတန်ကတော့ ၁၄၇ နဲ့ နောက်ဆုံးမှာ ရပ်တည်နေပါတယ်။

ဒါဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတဝန်းက လူငယ်တွေရဲ့ လူမှုဘဝ၊ စီးပွားရေး၊ လုံခြုံရေး၊ စိတ်ကျန်းမာရေးအခြေအနေအထိ စစ်တမ်းကောက်ယူတဲ့ Gallup World Poll အရ တွက်ချက် ထားတဲ့ အချက်အလက်လည်းဖြစ်ပါတယ်။

ဒါအပြင် လူငယ်တွေရဲ့ဆိုရှယ်မီဒီယာအသုံးပြုပုံကို ပျော်ရွှင်မှုညွှန်းကိန်းတွေနဲ့ ဒီစစ်တမ်းမှာ ဖော်ပြထားပြီး အင်တာနက်အသုံးပြုမှုရဲ့ဆိုးကျိုးတွေကို Generation Z လူငယ်တွေက အများဆုံးခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

သရက်ချောင်းမြို့နယ်ထဲ စစ်ရေးတင်းမာနေတဲ့ဂုံညင်းဆိပ်ရွာကို စစ်တပ် ဗုံးထပ်ကြဲ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ်ရွာမှာ တော်လှန်ရေးတပ်တွေက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝိုင်းဝန်းပိတ်ဆို့ထားချိန် စစ်တပ်က K-8 W အမျိုးအစား တိုက်လေယာဥ် နှစ်စီးသုံးပြီး ဒီနေ့ မနက်ပိုင်းမှာ ဗုံးကြဲသွားတယ်လို့ စစ်ရေးအရင်းအမြစ်တချို့ဆီကနေ သိရပါတယ်။

သရက်ချောင်းနဲ့ ပလောက်မြို့ကြားမှာရှိတဲ့ ဝင်းဝတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းမှာ သိမ်းပိုက်ခဲ့တာကြောင့် အဲဒီစခန်းကနေ ဆုတ်ခွာလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဂုံညင်းဆိပ်ရွာမှာ ရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေက အဲဒီအင်အားစုတွေကို ပိတ်ဆို့ထားရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။

"ဂုံညင်းဆိပ်ရွာ အပြင်ဘက်မှာက ရေတပ်စစ်သင်္ဘောကြီး တစ်စင်းလည်း ရှိနေတယ်။ ဂေါ်ပြားလို့ ခေါ်တဲ့ စစ်သင်္ဘောလည်း ရှိနေတယ်။ ရေပြင်အခြေအနေက အတွင်းထဲအထိ ပိတ်မိနေတဲ့သူတို့တပ်ကို လာခေါ်လို့ မရဖြစ်နေတာပါ။ လေကြောင်းဗုံးကြဲတာဆိုလည်း ဒီနေ့နဲ့ဆို ၁၃ ရက်မြောက်ရှိပြီ။ Y 12 နဲ့လည်း ရိက္ခာ၊ စစ်လက်နက်တွေလာချပေးနေတယ်" လို့ သရက်ချောင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဂုံညင်းဆိပ်ရွာတိုက်ပွဲအခြေအနေဟာ စစ်ကော်မရှင်တပ်ဘက်က ကြည်း၊ ရေ၊ လေ သုံးပြီး တိုက်ခိုက်နေတဲ့အခြေအနေလို့ သူက ဆိုပါတယ်။

လက်ရှိ သရက်ချောင်းမြို့နယ်ထဲ တိုက်ပွဲပြင်းထန်နေတဲ့ကျေးရွာတွေက ဒေသခံ ၁,၅၀၀ ခန့်ဟာ လှေတွေနဲ့ထွက်ပြေးတိမ်းရှောင်ကြရပြီး တောတောင်၊ ဥယျာဉ်ခြံနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ စစ်ရှောင်နေရတယ်လို့ သရက်ချောင်းမြို့နယ်ကူညီကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေကို အကာအကွယ်ပေးရေး စိန်ခေါ်မှုပိုကြီးလာတယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရှေ့ပြေးအသံ(Progressive Voice)က မတ် ၂၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အီရန်ပဋိပက္ခကြောင့် လောင်စာဆီရှားပါးမှုကိုကြုံရပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တချို့ ဖျက်သိမ်းတာနဲ့ ကုန်စည်တင်ဆောင်နိုင်တဲ့ပမာဏလျော့ချတာတွေ လုပ်နေပေမဲ့ စစ်တပ်ကတော့ လေယာဉ်ဆီအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုတွေ ဒီရက်ပိုင်း ပိုတိုးလုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်နေကြပါတယ်။

မတ် ၂၀ ရက်က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ဘုန်းတော်ကြီးကျောင်းလေကြောင်းတိုက်ခိုက်မှုမှာ လူဆယ်နဲ့ချီသေဆုံးခဲ့သလို မနေ့ မတ် ၂၁ ရက်မှာလည်း ကနီမြို့နယ်၊ ဆူးလေကုန်းရွာကို လေကြောင်းကနေ ကြဲတဲ့ဗုံးကြောင့် ရွာဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်း ဗုံးထိမှန်ပြီး ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူခဲ့ပါတယ်။

စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေအတွက် ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက်ကနေ စက်တင်ဘာ ၁၆ ရက်အထိ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၄.၁၆ သန်းကျော်ကို သုံးခဲ့တယ်လို့ စစ်တပ်ရဲ့ဝင်ငွေရလမ်းတွေကို စောင့်ကြည့်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေး(Blood Money Campaign)အဖွဲ့က ပြောပါတယ်။

ဒါကိုကြည့်ရင် စစ်တပ်ဟာ တိုက်လေယာဉ်အုပ်စု တစ်စုတည်းအတွက် လေယာဉ်ဆီ ၁,၉၃၅,၀၈၆၊ IG ၁.၉၄ သန်းကျော် သုံးစွဲခဲ့တာလို့ Blood Money အဖွဲ့ရဲ့စာရင်းအရ သိရပါတယ်။ IG ဆိုတာဟာ Imperial Gallon (အင်ပီယီရယ်ဂါလံ) သုံးစွဲတဲ့ ပမာဏကို ခေါ်ဝေါ်တာဖြစ်ပါတယ်။

ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက်အရေးပါတဲ့ ကော့ကရိတ်က အောက်ဘိုတဲလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ဘက်ခြမ်း အောက်ဘိုတဲလမ်းပိုင်းမှာရော၊ မိဖာလဲရွာအနီးမှာပါ ဒီရက်ပိုင်း စစ်တပ်နဲ့ ကရင်တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေစိုးမိုးထားတဲ့ ကော့ကရိတ်- မြဝတီလမ်းဟောင်းက အောက်ဘိုတဲလမ်းပိုင်းကို စစ်ကော်မရှင်တပ်ဘက်က မတ်လလယ်ကစလို့ ထိုးစစ်ဆင်လာတာဖြစ်ပြီး မနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ဒီနေ့ မနက်တော့ နည်းနည်းငြိမ်သွားပြီ။ လက်ရှိက သူတို့ဘက်က လက်နက်ကြီးပစ်ကူနဲ့ ဒရုန်းတွေ ကြဲတာလောက်ပဲရှိတယ်။ မနေ့နဲ့ တနေ့ကမှ တိုက်ပွဲက တောက်လျှောက်ကြမ်းတယ်။ သူတို့ဘက်က အထိနာတော့ လေယာဉ်နဲ့တောက်လျှောက်ကြဲတယ်" လို့ မြေပြင်မှာရှိနေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အခုတိုက်ပွဲပြင်းထန်နေတဲ့နေရာတွေဟာ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းဟောင်းလို့သိကြတဲ့ မြဝတီ-ထို့ကော်ကိုး -နဘူး-ဘားအံလမ်းပိုင်းမှာ ပါဝင်နေတာပါ။

"အောက်ဘိုတဲလမ်းပိုင်းကို သူတို့မရသရွေ့ သူတို့ အာရှလမ်းမကြီးကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ကလည်း လုံးဝမခွာဘဲရှိနေတာလေ" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဒါကြောင့် စစ်အင်အား၊ လက်နက်အင်အားအလုံးအရင်းနဲ့ စစ်တပ်က ထိုးစစ်ဆင်နေတဲ့အခြေအနေပါ။ ဒေါနတောင်ခြေမှာရှိတဲ့ မြပတိုင်၊ ထီဖိုးစံ၊ မိဖာလဲ၊ အောက်ဘိုတဲတကြော တိုက်ပွဲမှာ စစ်ကော်မရှင် တပ်ဘက်က တပ်ခွဲမှူး တစ်ဦးသေဆုံးခဲ့တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်ဆီကလည်း သိရပါတယ်။

"အဓိကတော့ နယ်စပ်ကုန်သွယ်ရေးအတွက် လမ်းကြောင်းရှင်းဖို့ တိုက်ပွဲဖော်တာပါ။ မြဝတီ- အာရှလမ်းကို ဧပြီလ ၁ ရက်နေ့မှာ ပြန်ဖွင့်မယ်ကြားနေတယ်။ မြဝတီလမ်းသစ် ဘက်မှာဆိုလည်း စစ်တပ်ရဲ့ DKBA၊ BGF တို့က လုံခြုံရေးယူထားတဲ့အနေအထားတွေ့ရတယ်" လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းစစ်တပ် ပူးတွဲကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့ နေပြည်တော်ခရီးစဉ်မှာလည်း နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ရေး၊ နယ်စပ်လုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ပိတ်ထားရတာကြာပြီဖြစ်တဲ့နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ချင်နေကြောင်းနဲ့ ပြန်ဖွင့်ဖို့ စစ်တပ်နဲ့ သက်ဆိုင်ရာနယ်မြေ ထိန်းချုပ်မှုတွေလုပ်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြား ကြားဝင်ညှိနှိုင်းပေးဖို့လည်း နေပြည်တော်ကို ကမ်းလှမ်းထားတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အစောပိုင်းမှာ ပြောထားပါတယ်။

အဲဒီနောက် ဘန်ကောက်က မြန်မာစစ်ကော်မရှင်သံအမတ်ကြီးနဲ့ ထိုင်းကုန်သွယ်ရေးဌာန အရာရှိတွေလည်း နယ်စပ်ကန်သွယ်ရေးကိစ္စကို ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ဆွေးနွေးထားပါတယ်။

ဒါအပြင် ထိုင်း - မြန်မာနယ်စပ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) စိုးမိုးထားတဲ့ ဖလူး - မင်းလက်ပံတဝိုက်မှာ ဒီရက်ပိုင်းနေ့စဉ်လိုလို နှစ်ဖက်တိုက်ပွဲရှိနေတယ်လို့ စစ်ရေးသိရှိသူတချို့ ဆီကနေ သိရပါတယ်။

လောင်စာဆီအခြေအနေကြောင့် ခရီးစဉ်တွေဖျက်သိမ်းရင် ငွေပြန်အမ်းမယ်လို့ အဝေးပြေးယာဉ်လိုင်းတချို့ ကြေညာ

အီရန်ပဋိပက္ခနဲ့အတူ စက်သုံးဆီရှားပါးလာတာကြောင့် ခရီးစဉ်တချို့ဖျက်သိမ်းခဲ့ရင် ငွေပြန်အမ်းမယ်လို့ အဝေးပြေးယာဉ်လိုင်းတချို့က ကားလက်မှတ်ဝယ်ယူသူတွေကို ကြိုတင်အကြောင်းကြားထားတဲ့အကြောင်း ယာဥ်လိုင်းတွေဘက်ကနေ သိရပါတယ်။

ခရီးသွားရာသီဖြစ်တဲ့ သင်္ကြန်ကာလအတွက် ကြိုတင်လက်မှတ်ရောင်းချရာမှာလည်း အခုလိုအသိပေးချက်စာသားကို လက်မှတ်နဲ့ တပါတည်းထည့်ပေးထားတယ်လို့ ရောင်းချသူတချို့က ပြောသလို ဝယ်ယူသူတွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားနေကြပါတယ်။

"ကြိုအ‌ကြောင်းကြားတာပါ။ သွားရင်းလာရင်းမှ ဆီမရရင် ကားပြောင်းစီးရတာမျိုး၊ ငွေပြန်အမ်းတာတွေ ဖြစ်လာနိုင်ကြောင်းပေါ့။ အခုထိတော့ ခရီးစဉ်ဖျက်သိမ်းရတာ မရှိသေးပါဘူး" လို့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့မြတ်မန္တလာထွန်းရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ စက်သုံးဆီအကန့်အသတ်နဲ့သာရတာကြောင့် ခရီးစဉ်အချိန် ပိုမိုကြာမြင့်တာ၊ လက်မှတ်ဈေး တက်တာတွေရှိနေပါတယ်။

"ရန်ကုန်-မန္တလေးဆို အခုတစ်ကြောင်းစာက ၆ သောင်း ပေါက်ဈေး ရှိပါတယ်။ အရင်က ၄ သောင်း ၃ ထောင်ပဲရှိတာပါ။ ခရီးဝေးတဲ့မြစ်ကြီးနားဆိုရင် တစ်ဦးကို ၁ သိန်း ၁ သောင်းရှိပေမဲ့ အခုက ၂ သိန်းခွဲလောက် ရှိပါတယ်" လို့ မြတ်မန္တလာထွန်းယာဉ်လိုင်း တာဝန်ရှိသူက ဆက်ပြောပါတယ်။

လေကြောင်းခရီးစဉ်တွေမှာတော့ ပြည်တွင်း၊ ပြည်ပခရီးစဉ်တချို့ ဖျက်သိမ်းတာ၊ အချိန်ပြောင်းတာ တွေရှိနေကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့ မတ် ၂၁ ရက်ကစလို့ အကြောင်း ကြားစာတွေ ဖော်ပြလာပါတယ်။

"မိမိသွားမယ့်ခရီးစဉ်မတိုင်ခင် တစ်ရက်ပြန်လည်စစ်ဆေးပေးပါ" ဆိုပြီး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ Tori Travel က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဒီလိုပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေ ဖျက်သိမ်းရတာတွေ ထပ်မဖြစ်အောင် သယ်ယူမယ့်ခရီးဆောင်ပစ္စည်း အလေးချိန်ကန့်သတ်ချက်တွေ ထပ်တိုးလိုက်တယ်လို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း(MAI) က မနေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

တန်ဖိုးသင့် (Economy Class) အတွက် အလေးချိန် ကီလို ၂၀ တစ်အိတ်၊ Business Class အတွက် ကီလို ၃၀ တစ်အိတ်၊ လက်ဆွဲ (Hand Carry) အတွက် ၇ ကီလို အများဆုံး နှစ်အိတ်သာခွင့်ပြုတော့မှာဖြစ်ပြီး ကီလိုအပိုကိုလည်း အများဆုံး ၅ ကီလိုသာ ရောင်းချပေးတော့မယ်လို့ MAI က ထပ်မံထုတ်ပြန်လာတာပါ။ ကီလိုအပို ကြိုတင်ဝယ်ယူထားသူတွေကိုလည်း ငွေပြန်လည်ပေးသွားမယ်လို့ MAI က ပြောပါတယ်။

မြောက်ဒဂုံမှာ အငှားယာဥ်ဆီဖြည့်ရာကနေ ဓာတ်ဆီဆိုင်မီးလောင်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၈ ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်မှာ ရှိတဲ့ Terminal ဓာတ်ဆီဆိုင်မီးလောင်မှု မနေ့ မတ် ၂၁ ရက် ည ၉ နာရီခွဲအချိန်မှာ ဖြစ်ခဲ့ပြီး ကျပ်သိန်း ၃၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ပုံမှန်အားဖြင့် ညနေ ၆ နာရီမှာ ဓာတ်ဆီဆိုင်ပိတ်ပေမဲ့ အငှားယာဉ်ရဲ့အကူအညီတောင်းမှုအရ ဓာတ်ဆီရောင်းချပေးနေချိန်မှာ ဆီထည့်တဲ့ပန့်ခေါင်းနဲ့ ဆီတိုင်ကီ တေ့ထားတဲ့နေရာမှာ မီးပွင့်ရာကနေ မီးလောင်မှု စတင်ခဲ့တာလို့ မြို့နယ် မီးသတ်က ပြောပါတယ်။

"ယာဉ်မောင်းနဲ့ ဝန်ထမ်းတို့က ငွေရှင်းဖို့သွားတဲ့အချိန်မှာ ပန့်ခေါင်းနဲ့ ဆီတိုင်ကီကို တေ့ပြီး ထားခဲ့တာပေါ့။ အဲဲဒီအချိန်မှာ ဆီတိုင်ကီထဲ မီးပွားကျပြီး လောင်တာပါ။ ကားပေါ်မှာပါလာတဲ့ နောက်ထပ်စီးနင်းသူက မီးစလောင်တဲ့အချိန် ဆီဖြည့်တဲ့ပိုက်ကို အနောက်ကို ဆွဲထုတ်လိုက်တာကြောင့် ဘယ်ဘက်လက်ဖျံ မီးဟက်ခံလိုက်ရပါတယ်။ ဒဏ်ရာက မစိုးရိမ်ရပါဘူး" လို့ မြောက်ဒဂုံ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီအငှားယာဉ်၊ ဆီဆိုင်ပိုင်တဲ့ကားတစ်စီးနဲ့ ဆိုင်အတွင်းမီးလောင်ကျွမ်းခဲ့ပေမဲ့ ဆီလှောင်ကန်နဲ့ ဆီတင်ကားတွေ မီးလောင်ကျွမ်းမှုမရှိဘူးလို့ သိရပါတယ်။

"ကျွန်တော်တို့ ဆီကန်မလောင်အောင် အဓိကထားပြီး မီးငြှိမ်းသတ်ခဲ့တာပါ" လို့ ဦးတင်ထွန်းအောင် က ဆက်ပြောပါတယ်။

ဒီမီးလောင်မှုကို Level 1 အဆင့်သတ်မှတ်ကာ မီးသတ်ယာဉ် ၁၃ စီး၊ မီးသတ်ဝန်ထမ်းအယောက် ၈၀ ကျော်နဲ့ ၇ မိနစ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

"အဲဒီဆီဆိုင်က တစ်နေ့ကို ကားအစီး ၁,၀၀၀ လောက်ထည့်ပေးတာ။ အတော်ကြီးတဲ့ဆီဆိုင်ပါ။ ၇/၈ လမ်းဆုံနဲ့လည်းနီးတယ်။ အရှေ့ဒဂုံနဲ့ သင်္ဃန်းကျွန်းတို့က ကားတွေလည်း ဆီလာထည့်ကြလေ့ရှိတယ်" လို့ Terminal ဆီဆိုင်မှာ ဝယ်ယူလေ့ရှိသူ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

အခုမီးလောင်ကျွမ်းတဲ့ဆီဆိုင်ဟာ မီးအာမခံမရှိဘူးလို့ အခြေအနေသိရှိသူတချို့ကရော မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓာတ်ဆီဆိုင်တွေကို မီး အာမခံမပေးတာကြောင့်လို့ အခြေအနေသိရှိသူတစ်ဦးက ပြောပေမဲ့ ဘီဘီစီကတော့ သီးခြား ထပ်မံအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။