မတ်လ ၁၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းမှာ ယာယီဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်ကို ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က မဲပေးရွေးချယ်တဲ့သတင်းအပါအဝင် မတ်လ ၁၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
မတ်လ ၁၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
အမေရိကန်လူထုကို ဒေါ်လာသန်းရာထောင်ချီ ဆုံးရှုံးအောင် ပစ်မှတ်ထားနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေဟာ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာရှိနေပြီး အဲဒီလုပ်ငန်းတွေကို နှိမ်နင်းဖို့ လိုအပ်ရင် နိုင်ငံတွေထဲအထိ ဝင်ရောက် နှိမ်နင်းမယ်လို့ အမေရိကန်ထောက်လှမ်းရေးဗျူရို(FBI) အကြီးအကဲက ပြောလာပါတယ်။
အမေရိကန်ထောက်လှမ်းရေးရဲ့ လုံခြုံရေးထိပ်တန်းအရာရှိတွေတက်ရောက်ပြီး အထက်လွှတ်တော် ထောက်လှမ်း ရေးကော်မတီမှာ မနေ့တုန်းက ပြုလုပ်တဲ့ကြားနာမှုအတွင်း FBI ညွှန်ကြားရေးမှူးက ခါ့ရှ် ပတ်တဲလ်က ပြောလိုက်တာပါ။
ဉာဏ်ရည်တုနည်းပညာ(အေအိုင်)အပါအဝင် နည်းပညာကို အသုံးချပြီး အမေရိကန်လူထုကို လိမ်လည်နေတာတွေကို တိုက်ဖျက်ဖို့ FBI ဘက်က ဘာတွေလုပ်မလဲလို့ မေးမြန်းတဲ့ အထက်လွှတ်တော်အမတ် လန့်ခ်ဖောဒ်ရဲ့အမေးကို FBI ညွှန်ကြားရေးမှူးက ပြန်ရှင်းပြချိန် အခုလိုပြောလိုက်တာဖြစ်ပါတယ်။
''ကျားဖြန့် လိမ်လည်မှုလုပ်တဲ့ဝင်းတွေဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်မှာရှိနေတယ်။ ... ကျွန်တော်တို့ အဲဒီကျားဖြန့်ဝင်းတွေကို နှိမ်နင်းတာနဲ့ ပိတ်သွားအောင် လုပ်ထားနိုင်ပါတယ်။ ဒီနေရာမှာ ပြည်ပက ကျားဖြန့်တွေ့ကို နှိမ်နင်းဖို့ဆိုရင်တော့ အဲဒီနိုင်ငံတွေထဲအထိသွားပြီး အဲဒီကျားဖြန့်ဝင်း တစ်ဝင်းမှ မကျန်အောင် လုပ်ဖို့ပါပဲ'' လို့ သူက ပြောပါတယ်။
လက်ရှိမှာ အရှေ့တောင်အာရှက ကျားဖြန့် နှိမ်နင်းရေးတွေအတွက် မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးလုပ်ထားတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာ FBI ဟာ ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ကျားဖြန့်နှိမ်နင်းရေးတွေလုပ်နေတယ်ဆိုတာကို FBI ဘက်ကရော၊ ထိုင်းရဲတပ်ဖွဲ့ကပါ သတင်းထုတ်ပြန်လာပါတယ်။
FBI ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး ကိုယ်တိုင်လည်း ပြီးခဲ့တဲ့လမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့အထိ သွားပြီး ကျားဖြန့်နှိမ်နင်းရေးတွေ ဆွေးနွေးထားပါတယ်။
ကျားဖြန့် နှိမ်နင်းရေးနဲ့ပတ်သက်ပြီး FBI နဲ့ ပူးတွဲလုပ်ဆောင်မှု ရှိ မရှိဆိုတာကို ဘီဘီစီက မြန်မာစစ်ကော်မရှင်ကို ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက မေးမြန်းခဲ့ပေမဲ့ မှတ်ချက်တစုံတရာ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် ၅၀၀ ကျော်ကို မိဘအုပ်ထိန်းသူတွေဆီ ပြန်အပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်က ဒီနေ့ မတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
“လက်နက်ကိုင်တော်လှန်ရေးပါဝင်ခဲ့သူတွေ” လို့ စစ်တပ်က သုံးနှုန်းပြီး လူငယ်အယောက် ၅၀၀ ကျော်ရှိတယ်ဆိုကာ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြပါတယ်။
စစ်ကော်မရှင်တပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးကတော့ ကျန်ရှိနေတဲ့လူငယ်တွေကို အဖွဲ့ဝင်အချင်းအချင်းအသိပေးဖို့ တိုက်တွန်းတယ်ဆိုပြီး အဲဒီအခမ်းအနားမိန့်ခွန်းမှာ ထည့်ပြောသွားတာတွေ့ရပါတယ်။
မန္တလေးတိုင်းမှာ စစ်ရေးလှုပ်ရှားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ရဲ့ TRI ဗျူဟာကလည်း လက်နက်ချသွားသူတွေကနေတဆင့် ကျန်တပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့ စည်းရုံးတာတွေ လုပ်နေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
TRI ဗျူဟာဘက်က အခုလိုထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာပဲ မန္တလေးမှာ တော်လှန်ရေးမှာပါဝင်တဲ့လူငယ်တွေကို သူတို့ရဲ့ မိဘတွေထံ ပြန်အပ်နှံတဲ့ပွဲကို ပြုလုပ်တယ်ဆိုပြီး စစ်တပ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်ကော်မရှင်ထုတ်ပြန်ချက်အရ အမျိုးသား ၄၅၃ ဦး၊ အမျိုးသမီး ၅၃ ဦးပါဝင်တဲ့ စုစုပေါင်း ၅၀၆ ဦးတို့ကို မိဘဆီ ပြန်အပ်တယ်လို့ဆိုပြီး တစ်ဦးကို ဆုကြေးငွေတစ်သိန်းစီ ပေးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့နဲ့အတူ လက်နက်မျိုးစုံ ၇၈ လက်ကိုလည်း လက်ခံရရှိတယ်လို့ဆိုကာ မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက်ကို သိန်း ၅၀၊ RPG တစ်လက်ကို ၇၅ သိန်း၊ လက်လုပ်သေနတ်တစ်လက်ကို ၅ သိန်းနဲ့ လက်ပစ်ဗုံး/ ဗုံးသီးတစ်လုံးကို ၃ သိန်းနှုန်း ဆုကြေးပြန်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
လက်နက်အပ်နှင်းသူတွေထဲမှာ မန္တလေး PDF၊ တအာင်းတပ်(TNLA) နဲ့ PDF ဝတ်စုံ ဝတ်ဆင်ထားသူတွေ ပါဝင်နေပါတယ်။
မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကတော့ အကြောင်းအမျိုးမျိုးကြောင့် စစ်ကော်မရှင်တပ်ဆီ အလင်းဝင်သွားသူတချို့ရှိခဲ့ပေမဲ့ အခုစစ်ကော်မရှင် ထုတ်ပြန်ကြေညာထားတဲ့အရေအတွက်ပမာဏ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
“ယူနီဖောင်းနဲ့အလင်းဝင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အချက်ဖြစ်ပါတယ်။ ဒီနေ့ စစ်ကောင်စီ ထုတ်ပြန်တဲ့ဓာတ်ပုံမှာဆိုရင် ကျွန်တော်တို့ ယူနီဖောင်းနဲ့ တခြားဦးထုပ်တွေတွဲပြီး ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဒါက ကျွန်တော်တို့တပ်ဖွဲ့မှာ သုံးလေ့ရှိတဲ့ဦးထုပ်တွေ မဟုတ်ပါဘူး။ ဖြစ်နိုင်တာကတော့ သိမ်းဆည်းရမိတဲ့ ယူနီဖောင်းတချို့ကို မြို့ပေါ်မှာပြန်ပွားပြီး ယူနီဖောင်းဝတ်ဆင် စေတာပါ။ ဒါက စစ်တပ်ဘက်က ဝါဒဖြန့်မှုသက်သက်ဖြစ်ပါတယ်” လို့ မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။
စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ပြည်သူရင်ခွင်ခိုလှုံလာသူတွေ အစစ်အမှန်ဖြစ်ပါတယ်။ နောက်လည်း ဝင်လာမယ့်သူ အများအပြားရှိပါတယ်” လို့ ဒီနေ့ ညနေပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။
အခုစစ်တပ်ထုတ်ပြန်တဲ့ မိဘတွေထံပြန်အပ်နှံခဲ့တယ်ဆိုတဲ့ ဦးရေ ၅၀၀ ကျော်ရှိ မရှိဆိုတာနဲ့ အားလုံးဟာ PDF အဖြစ် လက်နက်ကိုင်ခဲ့သူတွေ ဟုတ်၊ မဟုတ်ဆိုတာကို ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ်(MNDAA) က ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းယူခဲ့တဲ့ သိန္နီမြို့နယ်ထဲ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေကြောင်း ဒီနေ့မှာ ကိုးကန့်ဘက်က ဓာတ်ပုံနဲ့တကွထုတ်ပြန်လာပါတယ်။
တည်ဆောက်ရေးကုမ္ပဏီတွေဟာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ အရည်အသွေးပိုင်း အထူးဂရုပြုပြီး သတ်မှတ်စံချိန်စံညွှန်းတွေနဲ့အညီ တည်ဆောက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဖို့ဆိုပြီး ကိုးကန့်သတင်း (The Kokang) မှာ ဖော်ပြပါတယ်။
သိန္နီမှာတည်ဆောက်နေတဲ့ ဒီရေအားလျှပ်စစ်စီမံကိန်းရဲ့ နာမည်၊ ဒီစီမံကိန်းကို ဘယ်ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်ရပြီး တည်ဆောက်ရေးလုပ်နေတယ်ဆိုတာကိုတော့ သတင်းမှာ ထည့်သွင်းပြောကြားထားတာ မရှိပါဘူး။
MNDAA ရဲ့ သိန္နီခရိုင်ပါတီကော်မတီအတွင်းရေးမှူး Mr. Peng Xin Qiang နဲ့ အဖွဲ့ဟာ မတ် ၁၆ ရက်နေ့တုန်းက ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ခဲ့ကြောင်း ဒီနေ့သတင်းမှာ ဖော်ပြတာပါ။
ကိုးကန့်ရဲ့အထူးဒေသ ၁ ဖွဲ့စည်းပုံထဲမှာပါဝင်တဲ့ သိန္နီကို MNDAA က သူ့ ထိန်းချုပ်မှုအောက်ရောက်တဲ့ ၂ နှစ်နီးပါးအတွင်း "မူပန်"ဆိုပြီး တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ်သုံးနှုန်းလာပါတယ်။
တစ်ချိန်တည်းမှာပဲ သိန္နီမြို့လယ်နဲ့ အချက်အချာကျတဲ့နေရာတွေမှာ တရုတ်စီမံကိန်းနဲ့ဆောက်တဲ့အဆောက်အအုံအသစ်တွေ တိုးလာသလို မြို့လယ်မှာလည်း တရုတ်လူမျိုးတွေဖွင့်ထားတဲ့စားသောက်ဆိုင်နဲ့ လောင်းကစားဝိုင်းတွေမှာ လူတွေ စည်ကားနေတယ်လို့လည်း မြို့ခံတချို့ဆီက သိရပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်ဟာ ထိုင်းနိုင်ငံရဲ့ ၃၂ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံလိုက်ရပြီလို့ ထိုင်းအစိုးရ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
မစ္စတာ အနုတင် အရွေးခံရတဲ့အတွက် ဂုဏ်ပြုတဲ့အကြောင်း ရေးသားရင်း လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်နေရာအတွက် ထိုင်းလွှတ်တော်မှာ အမတ် ၅၀၀ နီးပါးက ဒီနေ့ မဲပေးခဲ့တာဖြစ်ပါတယ်။
အနုတင်ဟာ မဲအရေအတွက် ၂၉၃ မဲရရှိခဲ့ပြီး သူ့နဲ့အတူ ဝန်ကြီးချုပ်လောင်းနေရာအတွက် ဝင်ပြိုင်တဲ့ အတိုက်အခံ ပြည်သူ့ပါတီက နတ်တာပွန်ကတော့ ၁၁၉ မဲ ရရှိခဲ့ပါတယ်။
အနုတင်ဟာ သူ့ပါတီ အမတ်တွေ ၁၉၁ ဦးထဲက ၁၈၇ ဦးရဲ့မဲကို ရခဲ့တာဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ သူ့ပါတီ အမတ် ၂ ဦးက နိုင်ငံရေးအရ ကြားနေဖို့ မဲ မပေးတာ၊ အနုတင် ကိုယ်တိုင် မဲမပေးတာနဲ့ သူ့ပါတီက နောက်အမတ် ၁ ဦး မဲ မပေးတာတွေကြောင့် ပါတီအမတ်တွေရဲ့မဲစုစုပေါင်း ၁၉၁ မဲထဲက ၁၈၇ မဲကို သူရခဲ့တာဖြစ်ပါတယ်။
ဒီနေ့ မဲပေးပွဲမှာ မဲမထည့်တဲ့မဲ ၈၆ မဲအထိရှိခဲ့ပါတယ်။
ဒါကြောင့် အနုတင်ဟာ သူ့ပါတီ ဖုန်ကျန်ထိုင်းက အမတ်တွေရဲ့မဲတွေရော၊ ဖုအာထိုင်းပါတီအမတ်တွေရဲ့မဲတွေကိုပါ ရရှိခဲ့တယ်လို့ နားလည်ရပါတယ်။
ဖုအာထိုင်းဘက်ကတော့ အနုတင်ကိုပဲ မဲပေးမယ်လို့ပြောပြီး ဖုအာထိုင်းဟာ အခုတစ်ခေါက် ထိုင်းလွှတ်တော်မှာ အမတ်အရေအတွက် ၇၃ နေရာရရှိထားပါတယ်။
နောက်ပြီး အနုတင်ဟာ ရွေးကောက်ပွဲအနိုင်ရ ပါတီ ၁၆ ခုက ညွန့်ပေါင်းအမတ်တွေရဲ့မဲကြောင့်လည်း အခုလို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရဖို့ ခိုင်မာတဲ့ မဲအပြတ်အသတ်ရခဲ့တာလို့ နားလည်နိုင်ပါတယ်။
လတ်တလောကြုံနေရတဲ့ လေယာဉ်ဆီအကန့်အသတ်ဖြစ်မှုကြောင့် ခရီးသည်တစ်ဦးကို ၁၀ ကီလိုသာ ထပ်တိုးသယ်ယူခွင့်ပြုတော့မယ်လို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) နဲ့ မြန်မာအမျိုးသာလေကြောင်းလိုင်း (MNA) တို့က ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ပြည်ပထွက်ခွာရော ပြည်တွင်းဆိုက်ရောက်လေယာဉ်လမ်းကြောင်းအကုန်လုံးမှာ ကီလိုထပ်တိုး ဝယ်ယူခွင့်ကို ယာယီကန့်သတ်လိုက်ကြောင်း MAI က ထုတ်ပြန်ထားတာပါ။ MNA ကလည်း ဘန်ကောက်နဲ့ စင်ကာပူတို့က Check in ကောင်တာတွေမှာ ၁၀ ကီလိုသာ အများဆုံး ဝယ်ယူခွင့်ရတော့မယ်လို့ ထုတ်ပြန်ပါတယ်။
MAI လေကြောင်းလိုင်းကို ပုံမှန်အသုံးပြုတဲ့ Sky Smile အစီအစဉ်မှာပါတဲ့ Ruby နဲ့ Diamond အဆင့်ရှိတဲ့ ခရီးသည်တွေကိုတော့ ကီလိုထပ်တိုးဝယ်ယူခွင့် ပိတ်လိုက်ပါတယ်။
Ruby အဆင့်ခရီးသည်တွေရဲ့ ခံစားခွင့်ဖြစ်တဲ့ အထူးတန်းအတွက် ၁၀ ကီလို၊ ရိုးရိုးတန်းအတွက် ၅ ကီလို ထပ်တိုးဝယ်ယူနိုင်ခွင့်၊ Diamond ခံစားခွင့်ဖြစ်တဲ့ အထူးတန်းအတွက် ကီလို ၂၀၊ ရိုးရိုးတန်း အတွက် ၁၀ ကီလို ထပ်တိုးဝယ်ယူခွင့်တွေ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
နောက်ထပ်တစုံတရာထုတ်ပြန်ချက်မရှိခင်အချိန်အထိ ဒီကန့်သတ်ရပ်ဆိုင်းမှုတွေ အကျုံးဝင်မယ့် အကြောင်း MAI က ဖော်ပြပါတယ်။
အလားတူ MNA ကလည်း သူ့ရဲ့ ပုံမှန်အသုံးပြုတဲ့ ခရီးသည် MNACLUB အဖွဲ့ဝင်တွေအနေနဲ့ ထပ်တိုးကီလိုဝယ်ယူခွင့် ရပ်ဆိုင်းတယ်လို့ ပြောပါတယ်။
မြန်မာမှာ စစ်ရေးပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်ရေးတွေရပ်တန့်သွားပြီးနောက် ပြည်တွင်း ကုန်စည်ရှားပါးမှုနဲ့ရင်ဆိုင်လာရပြီး လေယာဉ်လိုင်းတွေကို အားထားပြီး ပစ္စည်းတွေ ဝယ်ယူနေကြ ရတာဖြစ်ပါတယ်။
ပြည်ပကိုခရီးထွက်ခွာတဲ့ မြန်မာနိုင်ငံသားအများစုဟာ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေးလို တကိုယ်ရည်သုံးပစ္စည်းတွေကိုပါ ထပ်တိုးကီလိုတွေဝယ်ယူပြီး လေကြောင်းလိုင်းကနေတဆင့် သယ်ယူကြရတဲ့အခြေအနေပါ။
အီရန်-အမေရိကန် စစ်ရေးကြောင့် လောင်စာဆီသယ်ယူရာမှာအရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားမှာ ဆီတင်သင်္ဘောတွေသွားလာရေးအခက်ကြုံနေပြီး ဆီရှားပါးမှုပြဿနာကို ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းအဖြစ် ရင်ဆိုင်နေကြရပါတယ်။
ထိုင်းနိုင်ငံက အောက်လွှတ်တော်မှာတော့ ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ဖို့ လွှတ်တော်အမတ် ၅၀၀ နီးပါး ဒီနေ့ မဲပေးနေပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာအများဆုံး ရရှိထားတဲ့ ဖုန်ကျန်ထိုင်းပါတီက လက်ရှိမှာ ယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားတဲ့ အနုတင် ချန်ဝီရာကူလ်ကိုပဲ သူတို့ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်ကို အမည်စာရင်းတင်သွင်းပါတယ်။
လွှတ်တော်အမတ်နေရာ ၇၀ ကျော်ရရှိထားတဲ့ ဖုအာထိုင်းပါတီကတော့ သူတို့ပါတီက ဝန်ကြီးချုပ်လောင်း နာမည်တင်သွင်းတော့မှာမဟုတ်ဘဲ အနုတင်ကိုပဲ ထောက်ခံမယ်လို့ ပြောပါတယ်။
အတိုက်အခံအနေနဲ့ လွှတ်တော်အမတ်နေရာတွေရရှိထားတဲ့ ပြည်သူ့ပါတီက ဒုတိယခေါင်းဆောင် လွှတ်တော်အမတ် ရန်စီမန် ရုမ်းက သူတို့ပါတီအတွက် ဝန်ကြီးချုပ်လောင်းအဖြစ် နတ်တာဖွန် ရုန်ပညာဝတ်ကို အမည်စာရင်းတင်သွင်းပါတယ်။
လွှတ်တော်ထဲ အမတ်နေရာ ၂၁ နေရာရရှိထားတဲ့ ဒီမိုကရက်ပါတီရဲ့ခေါင်းဆောင်လည်းဖြစ် ထိုင်းဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ အဘိဆစ်တော့ သူ့ပါတီဟာ အနုတင်ကို ထောက်ခံမှာမဟုတ်ဘဲ မဲမပေးဘဲနေမယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ဆီးနိတ်လွှတ်တော်ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ဆက်နွှယ်နေတယ်လို့ စွပ်စွဲခံရမှုတွေမှာ အနုတင်ရဲ့ပတ်သက်မှုတွေနဲ့ပတ်သက်ပြီး ဒီမိုကရေစီအရေး စိုးရိမ်တာကြောင့် မထောက်ခံတာလို့ ပြောပါတယ်။
ဒီနေ့ထိုင်းလွှတ်တော်ကို တက်ရောက်ခွင့်ရှိတဲ့အမတ်ပေါင်း ၄၉၉ ဦးမှာ ၄၉၇ ဦး တက်ရောက်ပါတယ်။
အာဏာရပါတီရော၊ အတိုက်အခံတွေပါ လွှတ်တော်ထဲ ဆွေးနွေးကြတာ ထိုင်း ဒေသစံတော်ချိန် ၁၂ နာရီကျော်မှာ ပြီးဆုံးပြီဖြစ်လို့ ဝန်ကြီးချုပ်နေရာ မဲပေးတာ ဆက်လက်ပြုလုပ်နေပါတယ်။
အဆုံးအဖြတ်ရလဒ် မဲပေးတာကတော့ ထိုင်းစံတော်ချိန် ညနေ ၃ နာရီ၊ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲခန့်မှာ ထွက်ပေါ်မယ်လို့ နားလည်ရပါတယ်။
ပထမအစောပိုင်းမှာ စစ်ပွဲနဲ့ပတ်သက်ပြီး သတင်းတွေက နိုင်ငံခြားသတင်းဌာနတွေမှာပဲ ပေါ်ထွက်လာပြီး အဲဒီသတင်းဌာနတွေက ထုတ်လွှင့်တာတွေကို အီရန်ပြည်သူအများစုက လက်လှမ်းမမီကြပါဘူး။
ဖေဖော်ဝါရီ ၂၈ မှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက "အာဏာရှင် ဇာတ်သိမ်းသွားပြီဆိုတဲ့လက္ခဏာတွေ"ကို တွေ့နေရတယ်လို့ဆိုရင်း အမေရိကန်နဲ့ အစ္စရေး ပူးတွဲတိုက်ခိုက်မှုတစ်ခုမှာ အီရန်နိုင်ငံ့ဦးသျှောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသွားပြီဆိုတာကို ညွှန်းဆို ပြောခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားကို ကြည့်နေကြတဲ့အီရန်နိုင်ငံသားတွေ ဒီအကြောင်းကို လုံးဝ မသိခဲ့ကြရပါဘူး။
ခါမေနီ သေဆုံးသွားပြီလားဆိုတာကို အီရန်အစိုးရအရာရှိတွေက အစောပိုင်းမှာ အတည်လည်းမပြုသလို ငြင်းဆိုတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ နိုင်ငံပိုင်မီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ အိုင်အာတီဗီ ၃ (IRTV 3) လိုင်းက သတင်းတင်ဆက်သူတစ်ယောက်က ပရိသတ်တွေအနေနဲ့ သူ့ကို "ယုံပါ"၊ အစိုးရက ရထားတဲ့သတင်းတွေက "နောက်ဆုံးရသတင်းအချက်အလက်တွေ" လို့ ပြောခဲ့ပါတယ်။ သူက ခါမေနီ သေဆုံးတယ်ဆိုတဲ့သတင်းဟာ မကြာခင်မှာ အမှန်တရားထွက်ပေါ်မယ့် "အခြေအမြစ်မရှိတဲ့ကောလာဟလတွေ" သာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဒါက အီရန်ပြည်သူတွေ ပြည်တွင်းမှာ သိရတဲ့ သတင်းအခြေအနေပါ။ နောက်ပိုင်းမှာတော့ အယာတိုလာ အလီ ခါမေနီသေဆုံးပြီလို့ အီရန်အာဏာပိုင်တွေက အတည်ပြုပါတယ်။
ဒါပေမဲ့ အခုတစ်ခေါက် စစ်ပွဲမှာ အီရန်ပြည်တွင်းထဲ လုပ်ကြံထားတဲ့သတင်းအတုတွေလည်း ရှိနေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာအချို့ကို စစ်တပ်အင်အား ဆယ်ချီက ဆိုင်ကယ်တွေနဲ့ ဝင်ရောက်လာပြီး စစ်ကြောင်းထိုးချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး နေအိမ်အချို့ မီးရှို့ခံရသလို ဒေသခံ ၃ ဦးလည်း အသတ်ခံရတယ်လို့ ဒေသခံနဲ့ မြေပြင်အခြေအနေ သိသူတွေက ပြောပါတယ်။
စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တဲ့ရွာတွေဟာ နတ်တလင်းမြို့နယ်ထဲက ဖလံပင်ရွာ၊ သရက်ပင်ကံရိုး၊ ငုတ်တိုကျေးရွာတို့ဖြစ်ပြီး ဒေသခံတွေဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်နေတုန်းဖြစ်တယ်လို့ ဒေသခံတချို့ဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၆ ရက်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဖလံပင်ရွာထဲကို စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး နောက်တစ်ရက် ၁၇ ရက်နေ့မှာပဲ ရွာအရှေ့ခြမ်းကနေအိမ်တွေကို မီးရှို့ခဲ့တာလို့ မြေပြင်အခြေအနသိတဲ့ နတ်တလင်းဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးလည်း အသတ်ခံရတယ်။ အဖမ်းခံရတဲ့သူလည်းရှိပေမဲ့ ပြန်လွတ် မလွတ် မသိရသေးဘူး။ ရွာအရှေ့ပိုင်းက အိမ်ခြေ ၁၅၀ လုံးတော့ ကုန်သွားပြီ” လို့ သူက ဆက်ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူအချို့ကတော့ နတ်တလင်းမြို့နယ်၊ ဓမ္မငယ်ရွာမှာ အခြေချနေတဲ့စစ်တပ်က အင်အားဆယ်ချီနဲ့ စစ်ကြောင်းထိုးခဲ့တာလို့ ပြောပြီး ဖလံပင်ရွာထဲကို မတ်လ ၁၆ ရက် မနက်လင်းပိုင်းမှာ ရုတ်တရက် ဝင်ရောက်ခဲ့တာလို့ ပြောပါတယ်။
မနေ့ မတ် ၁၈ ရက်မှာလည်း ဖလံပင်ရွာထဲ တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး လေယာဉ်တွေပျံဝဲတဲ့ အသံ၊ လက်နက်ကြီးပစ်ခတ်သံတွေကို နတ်တလင်းမြို့ပေါ်ကနေပါ ကြားနေရတယ်လို့ မြေပြင်မှာရှိနေသူ တချို့ ဆီကနေ သိရပါတယ်။
ဖလံပင်ရွာဟာ နတ်တလင်းမြို့ရဲ့ အရှေ့ခြမ်းမှာရှိပြီး မြို့နဲ့ ၁၁ မိုင်ကျော်သာ ကွာဝေးပါတယ်။
အခုဖလံပင်ရွာဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောမရှင်တပ်ဘက်က ဒီနေ့ မနက် ၁၁ နာရီအထိ တစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့ကို ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပြီးနောက် လောက်ကိုင်မှာ တွေ့ဆုံဆွေးနွေးနေပေမဲ့ ဒီနေ့ မနက်ပိုင်းအထိ အဖြေမထွက်သေးဘူးလို့ TNLA ဘက်ကနေ သိရပါတယ်။
“မတ် ၁၇ နဲ့ ၁၈ ရက် ၂ ရက်ဆွေးနွေးခဲ့ပါတယ်။ သဘောတူညီချက် မရသေးပါဘူး။ ဒီနေ့ အစည်းအဝေးဆက်ရှိလားဆိုတာလည်း သေချာမသိရသေးဘူး” လို့ TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဘီဘီစီကို ပြောပါတယ်။
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှာ လုပ်တဲ့ဆွေးနွေးပွဲကို TNLA ဒုတိယဥက္ကဋ္ဌ ၂ ဗိုလ်ချုပ် တားခူးလန်းနဲ့အဖွဲ့တက်ရောက်နေတာပါ။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းအတွင်း တအာင်းတပ် (TNLA) က သိမ်းပိုက်ခဲ့တဲ့ ကွတ်ခိုင်မြို့ကို မတ် ၁၄ ရက်မနက်ပိုင်းကစလို့ MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ TNLA သိမ်းထားတဲ့ နမ့်ခမ်းမြို့နဲ့ နမ့်ဖတ်ကာကြားက ၁၂ မိုင်ရွာမှာ မတ် ၁၆ ရက်ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ကြီပြီး အခုတော့ တိုက်ပွဲငြိမ်နေတယ်လို့ TNLA က ပြောပါတယ်။
MNDAA ဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ TNLA ရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ဖယ်ရှားခဲ့တာကြောင့် ဒီလမ်းမကြီးကို ကိုးကန့်တပ်ကပဲ စိုးမိုးထားတဲ့အခြေအနေပါ။
လုံးဝနီးပါးရပ်ဆိုင်းထားရတဲ့ တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ဖို့ တရုတ်ဘက်က စိုင်းပြင်းလာတဲ့အချိန်မှာ ရှမ်းမြောက် တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အခရာကျတဲ့လမ်းမကြီးပေါ်မှာ ညီနောင်မဟာမိတ်အဖွဲ့ကြား တိုက်ပွဲဖြစ်တဲ့အခြေအနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးဖွင့်လိုတဲ့တရုတ်အလိုကျ အခုလိုတွေ ဖြစ်လာပြီး လောက်ကိုင်ဆွေးနွေးပွဲကိုလည်း တရုတ်က ကြားဝင်စေ့စပ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ “မှတ်ချက်ပြောလိုတာ မရှိသေးဘူး” လို့ တုံ့ပြန်ပါတယ်။
ကိုးကန့်တပ် (MNDAA) ရဲ့ မတ် ၁၄ ရက်မှာ ကွတ်ခိုင်ဖြစ်စဉ်နဲ့ပတ်သက်လို့သဘောထား ထုတ်ပြန်ထားပြီးနောက် တစုံတရာထပ်ပြောလာတာမရှိသေးပါဘူး။
TNLA က ဝင်ရောက်စီးနင်း တာကြောင့် ကြိုးပမ်းဖော်ဆောင်ထားရတဲ့ နိုင်ငံရေးအခြေအနေတွေပျက်စီးရပြီး ညီနောင် မဟာမိတ်ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ထည့်ပြောပါတယ်။
TNLA ကတော့ ညီနောင်မဟာမိတ်ဆက်ဆံရေးဆက်ရှိနေတယ်လို့ ဒီနေ့ မတ် ၁၉ ရက်မှာ ဘီဘီစီကို ဖြေကြားပါတယ်။
MNDAA၊ TNLA နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့ပြီး အဲဒီစစ်ဆင်ရေးဟာ စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုလုံးကျဆုံးတဲ့အထိ ဦးတည်စေခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) က အခန်း (၈) ခန်းပါဝင်တဲ့ အီလက်ထရောနစ်ပတ်စ်ပို့ - မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ပါတယ်။
စစ်တပ်ဦးစီးတဲ့ ၂၀၂၅ ရွေးကောက်ပွဲအပြီးပေါ်ထွက်လာတဲ့ လွှတ်တော်နဲ့ အစိုးရသစ်ဖွဲ့စည်းဖို့ ရက်ပိုင်းအလိုမှာ ပေါ်ထွက်လာတဲ့ ဒီဥပဒေက လူထုရဲ့ နိုင်ငံရပ်ခြားထွက်ခွာခွင့်နဲ့ သွားလာခွင့်တွေအပေါ် သက်ရောက်မှုရှိလာမယ်လို့ လူ့အခွင့်အရေးနဲ့ ဥပဒေကြောင်းဆိုင်ရာ နားလည်တတ်ကျွမ်းသူတွေက သုံးသပ်ကြပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင်းက နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေကြားမှာ ဒီဥပဒေကို ထုတ်ပြန်ခြင်းအပေါ် တင်းကျပ်မှုတစ်ခုအဖြစ် ရှုမြင်မှုတွေရှိသလို ပိုပြီး စနစ်ကျတဲ့ နိုင်ငံကူးလက်မှတ်ပေါ် ပေါက်လာမယ်ဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။
အထူးသဖြင့် ပြည်ပထွက်ခွာလိုသူတွေနဲ့ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်လိုသူတွေအတွက် အကျိုးအပြစ်တွေရှိလာနိုင်တယ်လို့ နည်းပညာလွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူတချို့က ဝေဖန်ထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။
နေပြည်တော်ကိုရောက်လာတဲ့ ထိုင်းစစ်တပ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chitchanok Nujjaya နဲ့ အဖွဲ့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးကို အဓိက ဦးစားပေးလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်ဘက်ကရော ထိုင်းစစ်တပ်ကပါ သတင်းထုတ်ပါတယ်။
နယ်စပ်က တိုက်ပွဲ၊ စစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေထိန်းချုပ်မှုကိစ္စရပ်တွေကြောင့် ထိုင်းဘတ်ငွေ သန်းရာချီစီးဆင်းတဲ့ ထိုင်း- မြန်မာ နယ်စပ်နှစ်နိုင်ငံ ကုန်းလမ်းကုန်သွယ်ရေး ရပ်တန့်ထားရတာ နှစ်ပေါက်လာချိန်မှာ နယ်စပ်လုံခြုံရေးနဲ့ ကုန်သွယ်ရေးကိစ္စကို နှစ်ဖက်စလုံးက ပြောလာတာဖြစ်ပါတယ်။
မနေ့ မတ် ၁၈ ရက်တွေ့ဆုံမှုမှာ နှစ်ဖက်စစ်တပ်အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေး (HLC) ကျင်းပမယ့်အပြင် စစ်ရေးပူးတွဲ လေ့ကျင့်ရေးလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကျင်းပမယ့်ကာလနဲ့ နေရာကိုတော့ နှစ်ဖက်စစ်တပ်ရဲ့ထုတ်ပြန်ချက်တွေမှာ ထည့်သွင်းပြောထားတာမတွေ့ရပါဘူး။
နယ်စပ် လုံခြုံရေးကိစ္စရပ်တွေကိုလည်း အလေးပေးဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းစစ်တပ် ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသကတဆင့် တရားမဝင်ကုန်သွယ်မှုတွေမရှိစေရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့ညစ်ညမ်းမှုတွေကို လျှော့ချရေးတွေအပါအဝင် အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကို ထိရောက်အောင်ဟန့်တားနိုင်ရေး ဆွေးနွေးတယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ပူးတွဲစစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ထိုင်းဗိုလ်ချုပ်နဲ့ အဖွဲ့ကိုတွေ့ဆုံရာမှာ စစ်ခေါင်းဆောင်အပြင် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ပါ တွေ့ဆုံခဲ့ကြပါတယ်။
ထိုင်းစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ တက်ရောက်ခဲ့တဲ့ ဒီဗိုလ်ချုပ်ကြီးတွေဟာ လာမယ့်သီတင်းပတ်တွေအတွင်း နေပြည်တော်က နိုင်ငံရေးအချိုးအကွေ့မှာ မြန်မာစစ်တပ်ရဲ့ ထိပ်ပိုင်းတာဝန်တွေကို ရလာနိုင်ကြောင်း ရေပန်းစားနေသူတွေလည်းဖြစ်ပါတယ်။
ဒါအပြင် မြန်မာစစ်တပ်ကဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ထိုင်းကဝမ်းသာကြောင်းထည့်ပြောခဲ့တယ်လို့ ထိုင်းစစ်တပ်ကပါထုတ်ပြန်သလို လွှတ်တော်ခေါ်ယူတဲ့အခြေအနေကိုလည်း ပြောခဲ့ကြတယ်လို့ ဒီနေ့ထုတ်သတင်းစာမှာ ဖော်ပြပါတယ်။
မင်္ဂလာပါ။ မတ် ၁၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။