ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငလျင်ကြီးတစ်နှစ်တာ - Sky Villa တိုက်ခန်းပိုင်ရှင်တွေရဲ့ အမေ့လျော့ခံဒဏ်ရာများ
မြန်မာနိုင်ငံမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တာ ၂၀၂၆ မတ်လ ၂၈ ရက်မှာ တစ်နှစ်ပြည့်ပါပြီ။ ဒီငလျင်ကို မြန်မာနိုင်ငံအလယ်ပိုင်းကနေ တောင်ပိုင်းတလျှောက် နေထိုင်သူတွေ ခံစားခဲ့ကြရပါတယ်။
အပြင်းထန်ဆုံး ခံစားခဲ့ကြရသူတွေကတော့ တစ်နေရာတည်းမှာ လူ ၂၀၀ ကျော် သေဆုံးခဲ့တဲ့ မန္တလေးမြို့က Sky Villa ကွန်ဒိုမှာ နေထိုင်ခဲ့သူတွေဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်မှု တစ်နှစ်နီးပါးကြာခဲ့ချိန်မှာ Sky Villa ကွန်ဒိုတည်ဆောက်ရေးလုပ်ငန်းပိုင်ရှင်ကို အာဏာပိုင်တွေက တရားစွဲအမှုဖွင့်ထားပါတယ်။
အသက်တွေ ဘဝတွေ အိုးအိမ်တွေဆုံးရှုံးခဲ့ရတဲ့ Sky Villa ကွန်ဒိုမှာနေထိုင်ခဲ့ကြသူတွေရဲ့ လိုလားချက်တွေကရော ဘာတွေပါလဲ။
တရားစွဲခံထားရတဲ့ Sky Villa ကွန်ဒိုဆောက်သူ
Sky Villa ကွန်ဒိုတည်ဆောက်တဲ့ N.T.L Construction ကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ဥပဒေပုဒ်မ ၃၀၄ (က) နဲ့ အောင်မြေသာစံမြို့နယ်၊ မန္တလေးနန်းရှေ့၊ အမှတ် (၁) ရဲစခန်းမှာတရားစွဲဆိုထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။
ဒီတရားစွဲဆိုမှုကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) က အဓိကကိုင်တွယ်နေတယ်လို့ ပြည်ထဲရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
"စသုံးလုံးက ကိုင်တာမှန်တယ်။ ဒီအမှုက Hot case ဖြစ်နေတော့ တရားစွဲခံရတဲ့ ကုမ္ပဏီ ပိုင်ရှင် အတွက်တော့ အတော်ကိုရင်ဆိုင်ရမယ်လို့ မြင်ပါတယ်''လို့ သူကပြောပါတယ်။
ဦးနိုင်ထွန်းလင်းကို စွဲဆိုထားတဲ့ ပုဒ်မကတော့ လူသေစေမှုနဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။ ပုဒ်မ ၃၀၄ (က) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ''မည်သူမဆို ပြစ်မှုပြစ်ဒဏ်ထိုက်သော လူသေမှုအဖြစ်ဖြင့်သော်လည်းကောင်း၊ လူသတ်မှုအဖြစ်ဖြင့်သော်လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း မခံထိုက်သော အရမ်းပြုလုပ်မှုကို သို့တည်းမဟုတ် ပေါ့လျော့သော ပြုလုပ်မှုကို ပြု၍ လူကိုသေစေလျှင် ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်'' လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲဖော်ပြချက်အနေနဲ့ ''သို့ရာတွင် အဆိုပါပြုလုပ်မှုကို သေစေတန်ရာသည်ဟု သိလျက်နှင့် ပြုလုပ်မူ ထောင်ဒဏ်ကိုတိုး၍ ဆယ်နှစ်အထိ ချမှတ်နိုင်သည်'' လို့လည်းဖော်ပြထားပါတယ်။
ဒီပုဒ်မဟာ ရဲအရေးပိုင် ရာဇဝတ်မှုဖြစ်လို့ အာမခံမရနိုင်ဘူးလို့ ဥပဒေကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ အမှုဖွင့် တရားစွဲဆိုခံရမှုနဲ့ ပတ်သက်လို့ N.T.L ကုမ္ပဏီ ရဲ့ တာဝန်ရှိသူကို ဘီဘီစီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
လက်ရှိ မှာ N.T.L ကုမ္ပဏီ ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ် ရဲစခန်းမှာ အချုပ်ချထားပြီး ဧပြီလပထမအပတ်ထဲ အောင်မြေသာစံမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ကြားနာမှုပြုလုပ်မယ်လို့ တိုက်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
အခန်းပိုင်ရှင်တွေကလည်း တရားစွဲမယ်
တစ်ဖက်မှာလည်း ငလျင်ကြောင့် နစ်နာမှုတွေရှိတဲ့ အခန်းပိုင်ရှင် ၅၀ ဦးဝန်းကျင်က စုပေါင်းပြီး ဦးနိုင်ထွန်းလင်းကို တရားစွဲဆိုနိုင်ဖို့ ပြင်ဆင်ထားကြတယ်လို့ အမည်မဖော်လိုတဲ့ အခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။
"တရားစွဲဆိုဖို့ စီစဉ်နေတာကြာပါပြီ။ တရားစွဲဖို့ရှေ့နေနဲ့ နို့တစ်စာတွေဘာတွေ ပို့ပြီးသွားပြီ" လို့ သူကပြောပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် နစ်နာခဲ့တဲ့ အခန်းပိုင်ရှင်တွေကို လျော်ကြေးပေးဖို့ ကုမ္ပဏီဘက်က နှုတ်ဆိတ်နေတာကြောင့် တရားစွဲဆို ဆုံးဖြတ်ခဲ့ကြတာလို့ဆိုပါတယ်။
"တရားမအမှု၊ နစ်နာကြေး၊ လျော်ကြေးငွေရလိုမှုနဲ့ တရားစွဲဆိုဖို့ ပြင်နေတာ။ ဆုံးရှုံးသွားတဲ့လူတွေ၊ အခန်းတွေ၊ ကားတွေ၊ ပစ္စည်းတွေ၊ ခန့်မှန်းခြေ တန်ဖိုးသတ်မှတ်ပြီးတော့ တရားမအမှုနဲ့ သွားဖို့ စဉ်းစားတာ" လို့ အခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဦးနိုင်ထွန်းလင်းရဲ့ ရှေ့နေဘက်ကတော့ သဘာဝဘေးကြောင့်ဖြစ်တာမို့လို့ အဲဒီလို ပုဒ်မတွေနဲ့ တရားစွဲဆိုလို့ မရကြောင်း အခန်းပိုင်ရှင်တွေဘက်ကို စာနဲ့ အကြောင်းပြန်ထားတယ်လို့ အခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
"သူတို့ဘက်က နစ်နာကြေး၊ လျော်ကြေးပေးစရာအကြောင်းမရှိဘူးပေါ့။ မြန်မာပြည်မှာ ဒီလို စီရင်ထုံးတွေ မရှိခဲ့ဘူးပေါ့ဗျာ။ ငလျင်ကြောင့် လျော်ကြေးပေးရတာထုံးစံမရှိဘူးပေါ့။ သဘာဝဘေး ဖြစ်တဲ့အတွက် သူတို့နဲ့ မဆိုင်ဘူးဆိုပြီး သူတို့ရှေ့နေဘက်က အကြောင်းပြန်လာတာ" လို့ အခန်းပိုင်ရှင်က ပြောပါတယ်။
ဦးနိုင်ထွန်းလင်းရဲ့ရှေ့နေက ပေးပို့တဲ့ ပြန်ကြားစာကိုလည်း သူက လက်ခံရရှိထားတယ်လို့ ပြောပါတယ်။ ဒီပြောဆိုမှုနဲ့ ပတ်သက်လို့ ဦးနိုင်ထွန်းလင်းရဲ့ရှေ့နေကို ဘီဘီစီက ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
လက်ရှိမှာ အခန်းပိုင်ရှင်တွေက ပြန်လည်ထူထောင်ရေးကိုပဲ ဦးစားပေးနေရတာကြောင့် ဒီအမှုအတွက် အချိန်၊ ငွေကြေးစသဖြင့် အဘက်ဘက်က ချင့်ချိန်နေရတယ်လို့ ဆိုပါတယ်။ တိုက်ခန်းပိုင်ရှင်အများစုဟာ သူတို့ရဲ့ ကိုယ်ပိုင်တိုက်ခန်းကိုဆုံးရှုံးခဲ့ပြီဖြစ်လို့ သင့်တော်ရာဒေသတွေမှာပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
"တရားစီရင်ရေးကဏ္ဍနဲ့ ဘယ်လောက်ရင်ဆိုင်နိုင်မလဲ။ တရားမအမှုဆိုတော့ ရုံးချိန်းတွေများမယ်၊ အချိန်ကြာမယ်။ အခုက ကိုယ့်ရဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်နေရတော့ အလုပ်ကလည်း နားလို့မရတော့ ကျွန်တ်ောတို့ဘက်က အချိန်၊ ကုန်ကျစရိတ် ဘယ်လောက်ခံနိုင်မလဲ တွက်နေရတာပေါ့" လို့ အခန်းပိုင်ရှင်က ပြောပါတယ်။
Sky Villa အိမ်ရှင်တွေရဲ့ လိုလားချက်
ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုက တိုက်ခန်းပိုင်ရှင်တွေက N.T.L ကုမ္ပဏီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ တစ်နှစ်ကြာတဲ့အထိ တောင်းဆိုနေကြဆဲဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်ပြီး ၆ လအကြာမှာတော့ ကွန်ဒိုပြိုကျမှုကြောင့် သေဆုံးခဲ့သူ ၂၀၆ ဦးရဲ့ ကျန်ရစ်သူမိသားစုတွေကို ကုမ္ပဏီဘက်က ''ကရုဏာကြေး'' ဆိုပြီး သေဆုံးသူတစ်ဦးကို သိန်း ၁၀၀ ကျပ်စီ ထောက်ပံ့ကြေးပေးခဲ့တာတွေ့ရပါတယ်။
ငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်ဖို့ နှစ်ရက်အလို ၂၀၂၆ မတ်လ ၂၆ ရက်မှာတော့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အခန်းပိုင်ရှင်တစ်ယောက်ချင်းစီအတွက် ''ကူညီငွေ'' ဆိုပြီး တစ်ယောက်ကို ကျပ်ငွေ သိန်း ၂၀၀၊ ဘိလပ်မြေ အိတ် ၂၀၀ကျော်၊ သံ ၄ တန်ကျော် နဲ့ သစ်မာတွေ ပေးအပ်ခဲ့တယ်လို့ အခန်းပိုင်ရှင်က ပြောပါတယ်။
ကုမ္ပဏီဘက်ကတော့ မိသားစုဝင်တွေ ဆုံးရှူံးထားရသူတွေကိုသာ "ကရုဏာကြေး" အဖြစ် ပေးခဲ့ဖူးပြီး အခုချိန်အထိ အခန်းပိုင်ရှင်တွေအတွက် နစ်နာကြေးပေးမယ်လို့ ပြောဆိုလာတာမရှိသေးဘူးလို့ အခန်းပိုင်ရှင်တွေက ပြောပါတယ်။
"အခုအချိန်အထိ လျော်ကြေးပေးဖို့မဟဘူး။ ပြန်ဆောက်ခွင့်တင်ထားတယ်ဆိုပြီး ပြောနေတယ်" လို့ အခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။
ကုမ္ပဏီက နစ်နာသူတွေအတွက် နဂိုမူလ တိုက်ခန်းအကျယ်အတိုင်း ပြန်ဆောက်ပေးမှာဖြစ်ပြီး တိုက်ခန်းပိုင်ရှင်တွေဘက်ကလည်း အချိုးကျကုန်ကျစရိတ် ထည့်ဝင်ရမှာဖြစ်တယ်လို့ N.T.L Construction ကုမ္ပဏီ တာဝန်ရှိသူက ဘီဘီစီကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်က ဖြေကြားထားပါတယ်။
"အခန်းပိုင်ရှင်တွေအားလုံးကို ကျွန်တော်တို့ ပြန်ပေးပါမယ်။ လက်ရှိ Square Feet အတိုင်းပဲ အခန်းတစ်ခန်း အစားထိုးပြန်ပေးပါမယ်။ ပေးတဲ့အခါမှာလည်း ကွန်ဒိုဥပဒေအရ ကွန်ဒိုနဲ့ ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ အချိုးကျ ပြန်ထည့်ဝင်ရတာတွေရှိပါတယ်။ အချိုးကျကုန်ကျစရိတ်ဆိုတာ အလုံးစုံ ကုန်ကျစရိတ်ကို ထည့်စရာမလိုပါဘူး။ သူတို့ အခန်းတစ်ခန်းစာရဲ့ ကုန်ကျစရိတ်ကို ထည့်ပေးရုံပါပဲ။ ကျန်တဲ့ကုန်ကျစရိတ်က ကျွန်တော်တို့ ကုမ္ပဏီက ကျခံပေးသွားမှာပါ။"
တိုက်ခန်းပိုင်ရှင်အများစုကတော့ ကွန်ဒိုပြန်ဆောက်ပေးတာထက် လျော်ကြေးပေးတာကိုပဲ လိုလားပါတယ်။
"ကိုယ်တွေက ပိုက်ဆံပေးပြီး ဝယ်ထားရတာ။ သူတို့တွေက လျော်ပေးမယ်လည်း မပြောဘူး။ ကွန်ဒို ပြန်ဆောက်မယ်။ ကွန်ဒိုဥပဒေအရ လိုရင်စိုက်ပေးရမယ်ဆိုပြီး ပြောမယ်။ သူတို့ ပြန်ဆောက်ပေးတာလည်း မလိုချင်တော့ဘူး။ သူတို့လည်းတတ်နိုင်မယ်၊ ကိုယ်တွေအတွက်လည်း မနစ်နာတဲ့ကြေးပြန်ပေးရင်တော့ ပိုအဆင်ပြေတာပေါ့" လို့ အခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
တချို့ အခန်းပိုင်ရှင်ကလည်း ဒီဆောက်လုပ်ရေးကုမ္ပဏီကို အယုံအကြည်မရှိတော့တာကြောင့် ပြန်ဆောက်ပေးမယ်ဆိုတာကို လက်မခံဘူးလို့ ပြောပါတယ်။
"ဒီဆောက်လုပ်ရေးကုမ္ပဏီနဲ့ မျက်နှာချင်းကို မဆိုင်ချင်တော့တာ။ သူတို့ကို အယုံအကြည်ကို မရှိတော့တာ။ နေနိုင်၊ စားနိုင်၊ သောက်နိုင်၊ သွားနိုင်၊ လာနိုင်တဲ့ အခြေအနေကနေ ဘဝကို မူလအစနေရာကို ပြန်ပို့လိုက်တဲ့ ဒီလိုနေရာကြီး၊ ဒီလို Construction မျိုးကို ကျွန်တော်တို့ ထပ်ပြီး ယုံကြည်မှုကိုမရှိတော့ဘူး" လို့ နောက်ထပ် အမည်မဖော်လိုတဲ့ အခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
တရားစွဲဆိုထားတာကလည်း အခန်းပိုင်ရှင်တွေက သူတို့နစ်နာခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပြန်ရလိုတာကြောင့် ဖြစ်တယ်လို့ သူကပြောပါတယ်။
"ဆုံးတဲ့သူလည်း ဆုံးသွားပြီဆိုတော့ အစ၊ အဆုံး ပြန်ရုန်းကန်နေရတော့ အသက်ရှူကျပ်တာပေါ့ဗျာ။ လက်ရှိ စားဝတ်နေရေးအဆင်ပြေဖို့အတွက်ပါ။ ပြစ်မှုကြောင်းဆိုင်ရာသွားလိုက်ရင် ပြစ်မှုဖြစ်လို့ နိုင်ရင်တောင် ကျွန်တော်တို့က လျော်ကြေးရဖို့မရှိဘူးလေ။"
Sky Villa ဘာကြောင့် ပြိုကျခဲ့သလဲ
ငလျင်ဒဏ်ခံရတဲ့ မန္တလေးမြို့က အဆောက်အဦးတွေအများစုဟာ အဆောက်အဦ ဒီဇိုင်းအမှားကြောင့် နဲ့ ငလျင်ဒဏ်ခံနိုင်ရည် ထည့်မတွက်ခဲ့မှုကြောင့် ဖြစ်တယ်လို့ စစ်ကိုင်းငလျင်မှာ မပြိုကျခဲ့တဲ့ ဇေယျာသီရိရုပ်ရှင်ရုံတည်ဆောက်ရေးမှာ ကြီးကြပ်ခဲ့တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လက်ထောက်အင်ဂျင်နီယာ(ငြိမ်း) ဦးအောင်ကျော်မြင့်က ဘီဘီစီကို ၂၀၂၅ ခုနှစ် ဧပြီလက ပြောထားပါတယ်။
နောက်ပြီး အဆောက်အဦးရဲ့ အပေါ် နဲ့ အောက် ဖွဲ့စည်းပုံအားနည်းမှုကြောင့်လည်းဖြစ်တယ်လို့ သူက သုံးသပ်ထားပါတယ်။
ငလျင်လှုပ်ခတ်မှုအပြီး မန္တလေးမြို့မှာ လေ့လာမှုတွေပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံငလျင်ကော်မတီ၊ ဒုဥက္ကဋ္ဌ ဦးစောထွေးဇော်ကတော့ မန္တလေးမြို့ပေါ်က အုတ်အဆောက်အဦးတွေ၊ ကမ်းနားတလျှောက်က မြေပျော့တဲ့နေရာတွေမှာ ဆောက်ထားတဲ့ အဆောက်အဦတွေက ထိခိုက်မှုအများဆုံးလို့ဆိုပါတယ်။
မန္တလေးမြို့၊ နန်းတွင်း အနီးက Sky Villa ကွန်ဒို ကလည်း မြေပျော့တဲ့နေရာမှာဆောက်လုပ်ထားတာလို့ ဦးစောထွေးဇော်က ပြောပါတယ်။
"မန္တလေးမြို့ရဲ့ အရှေ့ပြင်မှာ ရှိတယ်။ ဟိုးအရင်တုန်းက မြို့တည်တဲ့အချိန်မှာ ကျုံးထဲကို ရေပေးတဲ့ အဓိက မြောင်းကြီးတွေ ရှိတယ်။ နောက်ပိုင်းမှာ အဲဒီမြောင်းကို ရေစုကန်ဆိုပြီးလုပ်လိုက်တာရှိတယ်။ အဲဒီနားလေးက နည်းနည်း မြေပျော့တဲ့ နေရာလေးပေါ့။ အဲဒါမျိုးတွေ့ပါတယ်"
နောက်ထပ်တစ်ချက်ကတော့ တည်ဆောက်မှုကာလ ရှည်ကြာတာကြောင့်လို့ သူကပြောပါတယ်။
"တည်ဆောက်ရေးအပိုင်းမှာလည်း ကျွန်တော် သိသလောက်ကတော့ စတာကြာပြီး ပြီးတာသိပ်မကြာသေးဘူး။ တည်ဆောက်ရေးကာလက တော်တော်လေးရှည်တယ်။ အကြောင်းကြောင်းတော့ ရှိမှာပေါ့။"
Sky Villa ကွန်ဒိုကို ၂၀၁၈ ခုနှစ်ဆန်းပိုင်းမှာ N.T.L Construction ကုမ္ပဏီက ဆောက်လုပ်ပြီးစီးခဲ့တာပါ။ ဆောက်လုပ်ပြီးစီးတဲ့အဆင့်ရောက်ဖို့ ၅ နှစ်ကနေ ၁၀ နှစ်ဝန်းကျင်အထိ အချိန်ယူခဲ့တယ်လို့ Sky Villa ဆောက်လုပ်ရေးအကြောင်း သိရှိသူတစ်ဦးက ပြောပါတယ်။
ဆောက်လုပ်ရေးစတင်တဲ့အချိန်မှာ အာဏာပိုင်တွေကို လျှောက်ခဲ့တဲ့ပုံစံနဲ့ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ပုံစံမှာ အပြောင်းအလဲတချို့ရှိခဲ့တယ်လို့ သူကပြောပါတယ်။
ကွန်ဒိုတစ်ခန်းရဲ့ တန်ကြေးဟာ အဲဒီကာလပေါက်ဈေး ကျပ်သိန်း ၆,၅၀၀ ကျော်ရှိခဲ့တယ်လို့ အခန်းပိုင်ရှင်တွေက ပြောပါတယ်။ Sky Villa ကွန်ဒိုမှာ အဆောင် A၊ B၊ C နဲ့ D ဆိုပြီး အဆောင်လေးဆောင် ရှိပါတယ်။
အဆောင် B၊ C နဲ့ D က ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးတစ်ခုလုံးက အနောက်ကို စာအုပ်ခေါက်ရိုးချိုးပုံသဏ္ဍာန် ပြိုကျခဲ့ပါတယ်။ အဆောင် A ကတော့ အထပ် လေးလွှာကစပြီး အောက်ထပ်အလွှာတွေအားလုံး မြေအောက်ကို နစ်ဝင်သွားခဲ့ပေမယ့် ပြိုလဲသွားတာတော့မရှိခဲ့ပါဘူး။
Sky Villa ကွန်ဒို ရဲ့ ငလျင်ဒဏ်ထိလွယ်၊ ရှလွယ်တဲ့ နောက်ထပ်အချက်တစ်ခု ကတော့ ကားရပ်နားတဲ့အထပ်ကို လေးထပ်အထိ ဆောက်လုပ်ထားတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ငလျင်ပညာရှင်တစ်ဦးက ပြောပါတယ်။
"ငလျင်မှာ soft storey (အားပျော့တဲ့အထပ်) ဆိုတာရှိပါတယ်။ ကားပါကင်ကို လေးထပ်လောက်လုပ်ထားလိုက်တော့ အဲဟာတွေကလည်း အဆောက်အဦးကို ပိုပြီးအားပျော့စေပါတယ်" လို့ သူက ပြောပါတယ်။
နောက်ပြီး မတ်လ ၂၈ ရက် ငလျင်ကြောင့် မြေသားထုတစ်ခုလုံးက တောင်ဘက်ကနေ မြောက်ဘက်ကို ၁၀ ပေလောက်အထိရွေ့သွားတဲ့အချိန် Sky Villa အဆောက်အဦးက အရှေ့နဲ့ အနောက်အရပ် ကန့်လန့် ဆောက်ထားတာကြောင့်လည်း ငလျင်ဒဏ်ပိုပြီးခံရတာလို့ ငလျင်ပညာရှင်က ပြောပါတယ်။
ငလျင်ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေအရ Sky Villa ကွန်ဒိုပြိုကျခဲ့ရတဲ့ အရင်းခံအကြောင်းအရာတွေကတော့ မြေသားပျော့တာ၊ တည်ဆောက်ချိန်ကြာမြင့်တာ၊ ကားပါကင်ကို အထပ်လေးထပ်ဆောက်ထားတာ၊ ငလျင်ကြောင့် မြေသားလှုပ်ရှားမှုနဲ့ ဆန့်ကျင်ဘက်မှာ ရှိနေတာဆိုတဲ့ အချက်တွေဖြစ်ပါတယ်။
နေချင်း၊ ညချင်း ပြောင်းလဲသွားတဲ့ ဘဝတွေ
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ငလျင် ကြောင့် Sky Villa မှာ နေထိုင်တဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံခြားသားတွေ၊ အနယ်နယ်အရပ်ရပ်က လာရောက်ကြသူတွေအပါအဝင် ၂၀၆ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူ ၂၀၆ ဦးထဲမှာ Sky Villa ကွန်ဒိုမှာ နေထိုင်တဲ့ ဦးမောင်သာ (အမည်လွှဲ) ရဲ့ ဇနီး နဲ့ သား ၃ ဦးလည်း ပါပါတယ်။ ဦးမောင်သာတို့ ရဲ့ မိသားစုလေးဟာ မတ်လ ၂၈ ရက်နေ့မတိုင်မီက နွေးထွေးအေးချမ်းတဲ့ မိသားစုလေးပါ။
ဦးမောင်သာရဲ့ သားသုံးယောက်မှာ အကြီးဆုံးသားက ၂၇ နှစ်၊ အလတ်က ၂၃ နှစ်၊ အငယ်ဆုံးသားက ၁၉ နှစ် ဖြစ်ပါတယ်။ မိန်းမဖြစ်သူဦးစီးတဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို ပါရမီဖြည့်ရင်း ဦးမောင်သာ တို့ မိသားစုက သူတို့ဘဝကို ဖြတ်သန်းခဲ့ကြပါတယ်။
မတ်လ ၂၈ ရက် က လှုပ်ခတ်လိုက်တဲ့ ၇ ဒသမ ၇ မဂ္ဂနီကျု ပြင်းအားရှိတဲ့ ငလျင်က ဦးမောင်သာတို့ မိသားစုကို တကွဲတပြားဖြစ်စေခဲ့ပါတယ်။ တချိန်က သိန်းထောင်ချီတန်တဲ့ ကိုယ်ပိုင် ကွန်ဒိုတိုက်ခန်းမှာ နေခဲ့ရပေမဲ့ ဇနီးနဲ့ သားတွေ ဆုံးရှုံးလိုက်ရပြီးတဲ့နောက် အကိုဖြစ်သူရဲ့ အိမ်မှာ နေနေရတယ်လို့ ဦးမောင်သာရဲ့ ခယ်မဖြစ်သူက ပြောပြပါတယ်။
ဦးမောင်သာ က "အချိန်တိုင်း သားတွေ၊ မိန်းမ ကို လွမ်းနေတာ၊ ငိုတာပေါ့" လို့ ခယ်မဖြစ်သူက ပြန်ပြောင်းပြောပြပါတယ်။
"ယောကျ်ားရင့်မာကြီးဆိုပေမဲ့ ဒါမျိုးကြီး သူမှ မကြုံဖူးတာ" လို့ ခယ်မက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ အဆိုးရွားဆုံး ငလျင်လှုပ်ခတ်ခဲ့မှုဖြစ်တယ်လို့ ပညာရှင်တွေက ကောက်ချက်ချပါတယ်။
ဒီငလျင်ကြောင့် လူ ၃,၈၀၀ ကျော် သေဆုံးခဲ့ပြီး ၅,၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တာပါ။
ငလျင်ကြီးလှုပ်ခတ်မှုက တစ်နှစ်ရှိလာပြီဖြစ်ပေမယ့် အသက်ရှင်ကျန်ရစ်ခဲ့သူတွေရဲ့ နေရေးထိုင်ရေး၊ စားဝတ်နေရေးအခက်အခဲတွေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေက အခုချိန်အထိ ရှိနေဆဲဖြစ်ပါတယ်။