မူပန်ဖြစ်သွားတဲ့ သိန္နီ

ဓာတ်ပုံ ရင်းမြစ်, BBC Design
ကိုးကန့်တပ်(MNDAA) အုပ်ချုပ်မှုအောက်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)က သိန္နီမြို့ကို တရုတ်အခေါ် "မူပန်"ဆိုပြီး တွင်တွင်ကျယ်ကျယ်သုံးလာပါတယ်။
ကိုးကန့်ရဲ့ အထူးဒေသ ၁ ဖွဲ့စည်းပုံထဲမှာပါဝင်တဲ့ သိန္နီဟာ ကိုးကန့်လက်အောက်ရောက်ပြီး ၂ နှစ်နီးပါးအကြာမှာပဲ တရုတ်အငွေ့အသက်တွေ ဖုံးလွှမ်းလာတာကို မြို့မြင်ကွင်းတွေက မီးမောင်းထိုးပြနေပါတယ်။
မြို့လယ်ခေါင်နေရာကစလို့ မြို့ပြင်နေရာတွေအထိ မြန်မာစာနဲ့ ရေးထိုးထားတဲ့ ဆိုင်းဘုတ်တွေနေရာမှာ တရုတ်ဘာသာနဲ့ရေးသားထားတဲ့ စာလုံးတွေပါ နေရာဝင်ယူလာပါတယ်။
သိန္နီမြို့လယ်နဲ့ အချက်အချာကျတဲ့နေရာတွေမှာ တရုတ်စီမံကိန်းနဲ့ဆောက်တဲ့ အဆောက်အအုံအသစ်တွေတိုးလာသလို မြို့လယ်မှာလည်း တရုတ်လူမျိုးတွေဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ လောင်းကစားဝိုင်းတွေမှာ လူတွေစည်ကားနေတာကို မြို့ခံတချို့ ပေးပို့လာတဲ့ဓာတ်ပုံတွေထဲမှာတွေ့ရပါတယ်။
ရှမ်းစော်ဘွားတွေရဲ့ ပြယုဂ်အဖြစ်ရှိခဲ့တဲ့ သိန္နီမြို့ထဲမှာ တရုတ်စီမံကိန်းတွေ၊ တရုတ်လူမျိုးတွေ ပိုတိုးစိမ့်ဝင်လာတာကြောင့် တရုတ်အငွေ့အသက်တွေနဲ့ လွှမ်းခြုံထားတဲ့ မြို့အဖြစ် ပြောင်းလဲသွားပြီလို့ ဒေသခံတွေကြား အသံတွေညံလာပါတယ်။
တရုတ်တွေ ဝင်လာလား

ဓာတ်ပုံ ရင်းမြစ်, The Kokang
ကိုးကန့်တပ်အုပ်ချုပ်မှုဖော်ဆောင်နေတဲ့ ၂ နှစ်အတွင်း သိန္နီမြို့လယ်က လမ်းမကြီးတလျှောက်မှာ တရုတ်လူမျိုးပိုင်ဆိုင်တဲ့ စားသောက်ဆိုင်တွေ၊ ဆေးဆိုင်၊ ဈေးဆိုင်တွေ၊ အနှိပ်ခန်းနဲ့ ကာရာအိုကေခန်း(KTV)ဆိုင်၊ အလှပြင်ဆိုင်တွေနဲ့ စည်ကားနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
"နေရာတိုင်းမှာ တရုတ်စာလုံးတွေ၊ တရုတ်ဆိုင်တွေချည်းမို့ တရုတ်ပြည်ရောက်နေသလိုပဲ။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးခေါင်းစဉ်အစုံနဲ့ တရုတ်တွေက ဝင်လာတာ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တရုတ်ဘာသာနဲ့ မရေးသားထားတဲ့ ဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုးကန့်ဘက်က စောင့်ကြည့်တာတွေလုပ်ပြီး တရုတ်ဘာသာနဲ့ ထပ်ဖြည့်ရေးခိုင်းတယ်လို့ သိန္နီဒေသခံဆိုင်ရှင်တစ်ဦးက ဆိုပါတယ်။
သိန္နီရဲ့ မြို့ပေါ်ရပ်ကွက်က အိမ်ခန်းတွေမှာလည်း တရုတ်လူမျိုးတွေ ဝယ်ယူ၊ ငှားရမ်းနေထိုင်နေကြတဲ့အထိ ခြေဆန့်လာတယ်လို့ သူက ဆက်ပြောပါတယ်။
သိန္နီဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း "ဆံပင်ညှပ်ဆိုင်သွားတာတောင် ဆိုင်ရှင်က မြန်မာလိုရော ရှမ်းလိုရော ကောင်းကောင်းမပြောနိုင်လို့ ညှပ်ချင်တဲ့ပုံပြပြီးပဲ ညှပ်ခဲ့ရတယ်လို့ ပြောပါတယ်။
ကိုးကန့်လက်အောက် သိန္နီမြို့မှာ "သိန္နီ"ဆိုတဲ့ မြို့နာမည်အစား တရုတ်စကားလုံးဖြစ်တဲ့ "မူပန်"ဆိုတဲ့ နာမည်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သုံးလာတယ်လို့ မြို့ခံ ၃ ဦးထက်မနည်းက ဘီဘီစီကို ပြောပါတယ်။
အရင်က ရပ်ကွက်ရုံး၊ မြို့နယ်ရုံးတွေမှာလည်း မြန်မာစာနဲ့ တရုတ်ဘာသာ နှစ်ဘာသာသုံးနေကြပေမယ့် လက်ရှိမှာတော့ မြို့နာမည်ကို တရုတ်မှုပြုတဲ့အခါ "သိန္နီ"မဟုတ်ဘဲ "မူပန်"လို့သာ သုံးနှုန်းနေတယ်လို့ သိရပါတယ်။
သိန္နီကို ရှေးဘုရင်လက်ထက်ကတည်းက မြန်မာဘာသာနဲ့ "သိန္နီ"လို့ ခေါ်တွင်ခဲ့ပြီး ရှမ်းစော်ဘွားတွေ အုပ်ချုပ်ခဲ့ချိန်မှာတော့ ရှမ်းဘာသာနဲ့ "Hsenwi" "သႅၼ်ဝီ" ဆိုပြီးခေါ်ဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘုရင်လက်ထက်ကနေ ကိုးကန့်လက်အောက်မရောက်ခင်အထိ သိန္နီမြို့ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ တရုတ်အခေါ် "မူပန်"ဖြစ်နေပြန်တယ်လို့ သိန္နီဒေသခံတစ်ဦးက မချိတင်ကဲပြောပါတယ်။
မူပန်လို့ ခေါ်ရခြင်းဟာ ၁၂၀၀ နဲ့ ၁၃၀၀ ပြည့်နှစ်လွန်ကာလတွေကတည်းက တရုတ်ပြည်ကို မွန်ဂိုတွေသိမ်းပိုက်ခဲ့ချိန် ယွမ်မင်းဆက်လက်အောက်မှာ သိန္နီမြို့ ရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် "မူပန်"ဆိုတာဟာ သိန္နီမတိုင်ခင် မွန်ဂိုတွေအုပ်စိုးစဉ်ကတည်းက တရုတ်ဘာသာနဲ့ ပေးခဲ့တဲ့ မြို့နာမည်တစ်ခုလို့ တရုတ်အရေးလေ့လာသူတချို့ကပြောပါတယ်။
အဲဒီနောက် မွန်ဂိုတွေကို တိုက်ထုတ်ခဲ့တဲ့ မင်မင်းဆက်ရဲ့ ဘုရင် ဝမ်လီအုပ်ချုပ်မှုကာလဖြစ်တဲ့ ၁၇ ရာစုအစောပိုင်းကာလအတွင်းမှာ သိန္နီမြို့ကို တောင်ငူမင်းဆက်က သိမ်းခဲ့ပါတယ်။
၁၈ ရာစုမှာတော့ သိန္နီကို အင်္ဂလိပ်တွေက သိမ်းပိုက်ခဲ့ပြီး အင်္ဂလိပ်လက်အောက် မကျရောက်ခင် မြန်မာဘုရင်လက်ထက်မှာ ရှမ်းစော်ဘွားတွေက သိန္နီကို ပြည်နယ် ၅ ခုအထိ အစိတ်စိတ်ခွဲပြီး အုပ်ချုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ သိန္နီမြို့ဟာ ရှမ်းပြည်နယ်ရဲ့ ခရိုင် ၆ ခုထဲမှာပါဝင်တဲ့ မြို့နယ်တစ်ခုဖြစ်လာပါတယ်။
ကိုးကန့်အုပ်ချုပ်မှုအောက်မရောက်ခင် ရှမ်းမြို့ သိန္နီမှာ လူဦးရေ ၅၈,၇၇၃ ဦးနေထိုင်ခဲ့တယ်လို့ ဒေသအချက်အလက်တွေအရသိရပါတယ်။
အရပ်သားအစိုးရလက်ထက်မှာကောက်ယူခဲ့တဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAD)ရဲ့ အချက်အလက်တွေအရ သိန္နီမှာ ရှမ်းလူမျိုးက အများဆုံးဖြစ်ပါတယ်။
ရှမ်းလူမျိုး ၄၅ ရာခိုင်နှုန်းနဲ့ ကချင်လူမျိုး ၃၀ရာခိုင်နှုန်းအထိ သိန္နီမှာနေထိုင်ခဲ့ကြတာလို့ သိရပါတယ်။
ဒုတိယအများဆုံးနေထိုင်တာက ကချင်လူမျိုးဖြစ်ပြီး ဗမာနဲ့ ပလောင်(တအာင်း)၊ လီဆူ စတဲ့တိုင်းရင်းသားတွေနဲ့ ကိုးကန့်လူမျိုးတွေလည်း ပျံ့နှံ့နေထိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြို့ရဲ့ အချက်အချာချတဲ့ ကြာကန်အနီးတဝိုက်မှာလည်း အဆောက်အအုံအသစ်ဆောက်လုပ်နေတာတွေရှိသလို မြို့ထဲမှာလည်း တရုတ်စီမံကိန်းတွေ ဝင်လာတယ်လို့ မြို့ခံတစ်ဦးကဆိုပါတယ်။
ကြာကန်နားက ထုထည်ကြီးမားတဲ့ ၄ ထပ်တိုက် အဆောက်အအုံဟာ တရုတ်စီမံကိန်းဟိုတယ်ဆောက်နေတာလို့ ကိုးကန့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။
သိန္နီမြို့ခံတချို့ကလည်း ကြာကန်နားက အဆောက်အအုံအသစ်ကို တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်လူမျိုး ဆောက်လုပ်ရေးအင်ဂျင်နီယာတွေကိုယ်တိုင် လာဆောက်နေကြတာကို မြင်နေရတဲ့အကြောင်း ပြောပါတယ်။
ဟိုတယ်ဆောက်မယ့် စီမံကိန်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဘီဘီစီအနေနဲ့ ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။
ကိုးကန့် မြို့နယ် အုပ်ချုပ်ရေးကော်မတီရဲ့ ဒုတိယအတွင်းရေးမှူး မစ္စတာ လီဂျန်းချန်းကတော့ တစ်နှစ်တာအတွင်း လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွေ တည်တည်ငြိမ်ငြိမ် တိုးတက်လာသလို အခြေခံအဆောက်အအုံတွေလည်း ပိုကောင်းလာတယ်လို့ ဖေဖော်ဝါရီ တတိယအပတ်ထဲမှာပဲ ကိုးကန့်သတင်းကွန်ရက်ကနေ ထုတ်ပြောထားပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်က သိန္နီခရိုင်၊ လျင်ဟော်မြို့နယ်မှာလုပ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကနေ အခုလို ထုတ်ပြောခဲ့တာပါ။
သိန္နီမြို့ရဲ့ သမိုင်းဝင် ဟော်နန်း မုခ်ဦးတစ်ခုမှာလည်း မြန်မာနဲ့ ရှမ်းဘာသာအပြင် တရုတ်ဘာသာနဲ့ပါ ပူးတွဲစာရေးထိုးထားတာကို ဘီဘီစီကို မြို့ခံတစ်ဦးပေးပို့လာတဲ့ ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။
"ဟော်နန်းရဲ့ ပင်မအဆောက်အဦတွေမှာတော့ တရုတ်ဘာသာနဲ့ ရေးထိုးတာ မရှိသေးဘူး" လို့ မြို့ခံတချို့ရဲ့ အပြောအရ သိရပါတယ်။
စစ်ကော်မရှင်အသွင်ပြောင်း စစ်ကောင်စီလက်ထက် ၂၀၂၃ ခုနှစ် မှာ သိန္နီဟော်နန်းလို့ ခေါ်တဲ့ သိန္နီယဉ်ကျေးမှုပြတိုက်ကို အသစ်ပြန်လည်တည်ဆောက်ခဲ့ပါတယ်။
စစ်တပ်လက်ထက်မှာတော့ ဒီလိုတရုတ်စာတွေ မုခ်ဝမှာထိုးထားတာမရှိဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အခုချိန်မှာတော့ "သိန္နီတော်ဝင်နန်းတော်"၊ "နွေးထွေးစွာကြိုဆိုပါတယ်" လို့ အဓိပ္ပာယ်ရတဲ့ တရုတ်စာလုံးတွေက စော်ဘွားတွေနေထိုင်ခဲ့တဲ့ သိန္နီဟော်နန်း မုခ်ဝဆိုင်းဘုတ်မှာ နေရာယူနေပြီဖြစ်ပါတယ်။
မြို့ထဲကဈေး မြို့ပြင်ရောက်

ဓာတ်ပုံ ရင်းမြစ်, CJ
အပြောင်းအလဲတွေထဲမှာ သိန္နီဒေသခံတွေအားထားရတဲ့ သိန္နီမြို့ ရပ်ကွက် ၁ မှာရှိတဲ့ မြို့မဈေးဖယ်ရှားခံရတာလည်း တစ်ခုအပါအဝင်ပါ။
ကိုးကန့်လက်အောက်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာမှာဖြစ်လို့ ဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ်။
မြို့မဈေးတည်ထားတဲ့နေရာမှာ တရုတ်စီမံကိန်းဖြစ်တဲ့ ဆေးရုံနဲ့ ဈေးဝယ်စင်တာ ပေါင်းစပ်တည်ဆောက်မယ့် အဆောက်အအုံသစ်ကြီး ဝင်ရောက်လာမှာပါ။
အဲဒီ အဆောက်အအုံသစ်ကိုတော့ ဖေဖော်ဝါရီအထိ ဆောက်လုပ်နေတုန်းပဲလို့ ကိုးကန့်တပ်(MNDAA) နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီဆေးရုံမှာ တရုတ်လူမျိုး ဆရာဝန်တွေကပဲ ကုသရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။
ဆေးရုံဆောက်နေလို့ ဈေးနေရာပျောက်သွားတာကြောင့် လောက်ကိုင်ဘက်သွားတဲ့ဘက်ခြမ်း၊ သိန္နီမြို့ပြင်အထွက် ပန်လော့ရွာမှာ ဈေးရုံအသစ်တွေကို ကိုးကန့်တပ်(MNDAA)က ဆောက်နေတယ်လို့ မြို့ခံကုန်သည်တချို့က ပြောပါတယ်။
"ပန်လော့ဈေးလို့ခေါ်ကြတယ်။ ဈေးထဲမှာ တရုတ်လူမျိုးပိုင်တဲ့ဆိုင်တွေ များတယ်။ တချို့ရုံတွေလည်း အခုထိ ဆောက်လို့မပြီးသေးဘူး" လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။
ပန်လော့ဈေးထဲက တရုတ်လူမျိုးပိုင်တဲ့ "ကြိုက်တာယူ ကျပ် ၅,၀၀၀" ဆိုတဲ့ ဆိုင်ကတော့ လက်လီ၊ လက်ကားဝယ်ယူလို့ရတာကြောင့် လတ်တလောမှာ လူအစည်ကားဆုံးဖြစ်နေတယ်လို့ သူကဆိုပါတယ်။
ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်ပေးပို့လာတဲ့ ဓာတ်ပုံထဲမှာလည်း ပန်လော့ဈေးထဲက ဆောက်လက်စဈေးရုံတချို့ကို တွေ့ရပါတယ်။
မြို့ခံတစ်ဦးကတော့ ဈေးနေရာကို မြို့ပြင်အထိ ရွှေ့လိုက်တာကြောင့် မီးဖိုချောင်ကုန် အနည်းငယ် ဝယ်ယူဖို့အတွက် တကူးတကအချိန်ပေးပြီး မြို့ပြင်အထိ ထွက်နေရတယ်လို့ သူ့ရဲ့အခက်အခဲကို ရင်ဖွင့်ပြောပါတယ်။
ဈေးဟောင်းနေရာကို ဖျက်လိုက်တာကြောင့် မြို့မဈေးမှာ ဆိုင်ခန်းပိုင်တဲ့သူတွေကို ပန်လော့ဈေးရုံအသစ်ဘက်မှာ ဆိုင်ခန်းပြန်ပေးတာ၊ ဆိုင်ခန်းမယူချင်တဲ့သူတွေကိုလည်း လျော်ကြေးပေးမယ်ဆိုပြီး ကိုးကန့်တပ်ဘက်က ညှိနှိုင်းတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
သိန္နီမြို့မဈေးထဲမှာ ကုန်စုံဆိုင်ဖွင့်ခဲ့တဲ့ ဒေသခံတစ်ဦးကတော့ "ဆိုင်ခန်းနဲ့ လျော်ကြေးက ဘယ်ဆီနေမှန်းမသိပေမယ့် ဈေးအသစ်မှာ ရောင်းပြီဆိုတာနဲ့ အခွန်စဆောင်နေရပြီ"လို့ ဆိုပါတယ်။
သိန္နီမြို့ထဲမှာ မြန်မာစာပါတဲ့ ကုန်ပစ္စည်းက မရှိသလောက်ရှားပါးနေပြီး တရုတ်အမှတ်တံဆိပ်နဲ့ ကုန်ပစ္စည်းအမျိုးအစား အများကြီး ဈေးကွက်ထဲ ဝင်လာတယ်လို့ မြို့ခံတချို့က ရှင်းပြပါတယ်။
"အရက်၊ ဘီယာကစလို့ အားဖြည့်အချိုရည်နဲ့ သွားရည်စာမုန့်အထိ အကုန် တရုတ်ဘက်က ဝင်တာတွေပဲ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တရုတ်စိုက်ပျိုးရေးစီမံကိန်းတွေ

ဓာတ်ပုံ ရင်းမြစ်, The Kokang
သိန္နီမြို့နယ်ထဲမှာ တရုတ်စိုက်ပျိုးရေးစီမံကိန်းတစ်ခုဖြစ်တဲ့ အန်ရှာဂေဟစိုက်ပျိုးရေးစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေတယ်လို့ ကိုးကန့်သတင်းကွန်ရက်စာမျက်နှာကနေ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကြေညာထားပါတယ်။
ဒီစီမံကိန်းက စုစုပေါင်း မြေဧရိယာ စတုရန်းမီတာ ၃၀,၀၀၀ ကျယ်ဝန်းပြီး အဆင့်နှစ်ဆင့်ခွဲပြီး အကောင်အထည်ဖော်မယ်လို့ဆိုပါတယ်။
ဒီစီမံကိန်းဟာ သိန္နီဒေသအတွက် အဓိကကျတဲ့ စီမံကိန်းတစ်ခုလို့ ကိုးကန့်ကပြောပြီး ခေတ်မီစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသခံကျေးလက်ပြည်သူတွေရဲ့ လူမှုဘဝ ဖူလုံရေးအတွက်လို့ ကိုးကန့်ရဲ့ ကြေညာချက်မှာဖော်ပြပါတယ်။
သိန္နီမြို့အပြင်ဘက် မြို့နယ်ထဲက ကြံ၊ ပြောင်းနဲ့ ဖရဲစတဲ့ သီးနှံစိုက်ပျိုးရေးလုပ်ကြတဲ့ ဒေသခံတချို့ရဲ့ လယ်ယာမြေတွေကိုလည်း ကိုးကန့်အာဏာပိုင်တွေက တရုတ်လုပ်ငန်းရှင်တွေဆီ ရောင်းချတာတွေရှိနေတယ်လို့ သိန္နီဒေသခံတချို့က ထုတ်ပြောပါတယ်။
အဲဒီလယ်ယာမြေတွေဟာ သိန္နီ-လားရှိုးမြို့နယ်ကြားမှာရှိတဲ့ လယ်ယာမြေတွေလို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ စိုက်ပျိုးမြေနေရာတွေကို ကိုးကန့်တပ်က ဝယ်ယူပြီး တရုတ်လူမျိုးလုပ်ငန်းရှင်တွေဆီ ပြန်လည်ရောင်းချနေကြတာရှိသလို စစ်ရှောင်ပြီး ပြန်မလာနိုင်သေးတဲ့ ဒေသခံတချို့ရဲ့ လယ်ယာမြေတွေကိုလည်း ပိုင်ရှင်တွေရဲ့ သဘောတူညီချက် မရပါဘဲ လက်လွှဲရောင်းချတာတွေလုပ်နေတယ်လို့ ကြံနဲ့ ပြောင်းစိုက်တဲ့ တောင်သူတချို့က ဘီဘီစီကိုပြောပါတယ်။
သိန္နီဒေသခံ ကြံနဲ့ပြောင်းစိုက်ခင်း ပိုင်ရှင်တစ်ဦးကတော့ ကိုးကန့်အာဏာပိုင်တွေက သူပိုင်ဆိုင်တဲ့ စိုက်ခင်းမြေနေရာတွေကို ကာလတန်ဖိုးပေါက်ဈေးထက် နိမ့်တဲ့ဈေးတစ်ခုနဲ့ လက်လွှဲရောင်းချဖို့ ဖိအားပေးခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။
"ပေးတဲ့ဈေးနဲ့ ရောင်းပေးဖို့ ပြောတယ်။ အဲလိုမရောင်းရင် မြေနေရာတွေကို ဒီတိုင်းသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်လို့ ရောင်းပေးလိုက်ရတယ်" လို့ သူက ကြုံခဲ့ရတဲ့အဖြစ်အပျက်ကိုရှင်းပြပါတယ်။
နေရာတချို့ကို စိုက်ပျိုးရေးစီမံကိန်းလုပ်ဖို့အတွက်လို့ အကြောင်းပြပြီး ကိုးကန့်တွေက ဝယ်ယူသလို တချို့နေရာတွေကိုတော့ တရုတ်လူမျိုး စိုက်ပျိုးရေးလုပ်ငန်းတွေကို ပြန်လည်ရောင်းချပြီး ဆက်ပြီးလုပ်ကိုင်စေတယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
သိန္နီမြို့ကို ကိုးကန့်တပ်တွေက ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ကာလတွေမှာတော့ သိန္နီဟာ လားရှိုးခရိုင်ထဲမှာပါတဲ့ မြို့နယ်တစ်ခုဖြစ်ခဲ့ပါတယ်။
၂၀၂၆ နှစ်စပိုင်းမှာတော့ ကိုးကန့်ရဲ့ အထူးဒေသ ၁ ကို ဖွဲ့စည်းပုံအသစ်ဖွဲ့တယ်လို့ အသိပေးကြေညာခဲ့ပြီး အဲဒီဖွဲ့စည်းပုံအသစ်မှာ သိန္နီက ခရိုင်တစ်ခုအနေနဲ့ ဖြစ်လာပါတယ်။
အထူးဒေသ ၁ အောက်မှာ ကွတ်ခိုင်၊ သိန္နီ၊ မုံးကိုးနဲ့ လောက်ကိုင်ခရိုင် စတဲ့ ခရိုင် ၄ ခုကို အုပ်ချုပ်သွားမယ်လို့ ကိုးကန့်နဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က အစောပိုင်းကတည်းက ပြောထားပါတယ်။
မြို့ပေါ်ရပ်ကွက်တွေမှာလည်း ကိုးကန့်တပ်က အထူးဒေသ ၁ စိစစ်ရေးကတ်ဆိုတဲ့ ကိုးကန့်မှတ်ပုံတင်ကတ်အပြင် အိမ်ထောင်စုစာရင်းတွေကို မနှစ်ကနှောင်းပိုင်းကတည်းက ပြုလုပ်ပေးနေပါတယ်။
မှတ်ပုံတင်ကတ်အတွက် တစ်ကတ်ကို ကျပ် ၂၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ကောက်ခံနေတယ်လို့ မြို့ခံ ၃ ဦးထက်မနည်းက ထုတ်ပြောကြပါတယ်။
ကိုးကန့်တပ်က ထုတ်ပေးတဲ့ မှတ်ပုံတင်ကတ် ခေါ် ဒေသခံစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားရင် ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ခြမ်း နယ်စပ်အထိ ဖြတ်သန်းသွားလို့ရတဲ့အကြောင်း ကြံကုန်သည်တချို့ဆီကနေ သိရပါတယ်။
တရုတ်စီမံကိန်းတွေအသက်ဝင်ဖို့ စစ်တပ်နဲ့ ကိုးကန့်စိုင်းပြင်း

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာစစ်တပ်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြန်မာဟာ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးမယ့်နိုင်ငံ"ဖြစ်တယ်လို့ မကြာသေးခင်က တရုတ်နှစ်သစ်ကူးပွဲတော်မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
အလားတူ ကျောက်ဖြူ-ကူမင်းမီးရထားလမ်းစီမံကိန်းကိုလည်း အကောင်အထည်ဖော်နေတယ်လို့ သူက ထပ်ပြောပါတယ်။
မူဆယ်-မန္တလေး မီးရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းနဲ့ မန္တလေး-ကျောက်ဖြူမီးရထားလမ်းစီမံကိန်းတွေကို အကောင်အထည်ဖော်နေတာပါ။
တရုတ်နိုင်ငံအတွင်းမှာ တည်ဆောက်နေတဲ့ ဘေကျင်း -ကူမင်း-ရွှေလီ မီးရထားလမ်းပိုင်းနဲ့ မြန်မာမြောက်ပိုင်း မူဆယ်ကနေ အနောက်ပိုင်း ကျောက်ဖြူအထိ မီးရထားလမ်းဆက်မယ့် စီမံကိန်းဖြစ်ပါတယ်။
တရုတ်ဘက်မှာတော့ "ယူနန်ကနေ မူဆယ်အထိလမ်းပိုင်းက ပြီးသွားပြီလို့ ပြောလို့ရတယ်။ မြန်မာဘက်ခြမ်းပဲ ကျန်နေတယ်" လို့ တရုတ်-မြန်မာအရေးလေ့လာစောင့်ကြည်သူတစ်ဦးက အစောပိုင်းတုန်းက ပြောထားပါတယ်။
မြန်မာဘက်ခြမ်းမှာတော့ မူဆယ်-မန္တလေး အပိုင်းနဲ့ မန္တလေး-ကျောက်ဖြူအပိုင်း ၂ ပိုင်း ဖောက်လုပ်ရမှာဖြစ်ပါတယ်။
ဒီရထားလမ်းစီမံကိန်းဟာ တရုတ်ရဲ့ကုန်းတွင်းပိုင်း ပင်လယ်ထွက်ပေါက်မရှိတဲ့ ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံကတဆင့် အိန္ဒိယသမုဒ္ဒရာအထိ ထွက်ပေါက်ပေးမယ့် ကုန်းတွင်းလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
ဒီရထားလမ်းစီမံကိန်းအရ မူဆယ်-မန္တလေးအပိုင်းမှာ ရှမ်းမြောက်ဘက်ကိုကြည့်မယ်ဆိုရင် စစ်တပ်ထိန်းချုပ်တဲ့ မြို့တွေအပြင် ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့နဲ့ MNDAA နဲ့ တအာင်းတပ်(TNLA) နှစ်ဖက်တပ်တွေထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့တွေကို ဖြတ်သန်းဖောက်လုပ်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်တပ်က ကိုးကန့်တပ်က ကိုးကန့်တပ်နဲ့ အပစ်ရပ်လိုက်တဲ့ ၂၀၂၅ နှစ်စပိုင်းကစလို့ သိန္နီမြို့ကို ပြန်လွှဲပေးဖို့ ဆွေးနွေးပွဲတွေအကြိမ်ကြိမ်လုပ်ပြီး တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်က တအာင်းတပ်(TNLA) နဲ့လည်း တရုတ်ကြားဝင်မှုနဲ့ပဲ ၂၀၂၅ အောက်တိုဘာမှာ အပစ်ရပ်သဘောတူညီမှုရအောင် ကြိုးပမ်းခဲ့ပါတယ်။
တရုတ်မြန်မာအရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ မြန်မာစစ်တပ်နဲ့ တရုတ်-မြန်မာနယ်စပ်က လက်နက်ကိုင်တပ်တွေကြားစီမံကိန်းအတွက် သီးသန့်ညှိနှိုင်းတာတွေရှိလာနိုင်ပေမယ့် "အကျိုးအမြတ်ခွဲဝေတဲ့အပိုင်းတွေမှာတော့ စိန်ခေါ်မှုတွေရှိလာနိုင်တယ်" လို့ ကောက်ချက်ချပါတယ်။
တစ်ဖက်မှာလည်း ကိုးကန့်တပ်အပါအဝင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့သိမ်းပိုက်ထားတဲ့ မူဆယ် ၁၀၅ မိုင် နယ်စပ်ဂိတ်ကလည်း ကုန်သွယ်ရေးအတွက် တရုတ်ဘက်က အကန့်အသတ်တွေလုပ်ထားဆဲဖြစ်ပါတယ်။
ဒါကြောင့် ကိုးကန့်တပ်အနေနဲ့ တရုတ်နဲ့ ကုန်သွယ်နိုင်ဖို့ သိန္နီ-ချင်းရွှေဟော်လမ်းကြောင်းကို ပိုအားပြုလာတာကို ကိုးကန့်သတင်းကွန်ရက်ကနေ ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။
အလားတူ ၂၀၂၅ နိုဝင်ဘာကစလို့ ၄ မိုင် အရှည်နဲ့ ၉၈ ပေ အကျယ်ရှိတဲ့ ကွမ်းလုံမြို့ရှောင်လမ်းအသစ်ကိုလည်း ကိုးကန့်တပ်ဘက်က ဖောက်လုပ်နေပြီး ၂၀၂၆ ဖေဖော်ဝါရီအထိ မပြီးသေးဘူးလို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
ဒါ့အပြင် လောက်ကိုင်-ချင်းရွှေဟော် လမ်းမကြီးကိုလည်း ဒုတိယအဆင့် အဓိကကျတဲ့ လမ်းမကြီးအနေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ ကိုးကန့်တပ်က ကြေညာထားပါတယ်။
ကိုးကန့်ထိန်းချုပ်ဒေသ လောက်ကိုင်မြို့ကနေ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ ချင်းရွှေဟော်အထိ ဆက်သွယ်ထားတဲ့ ၁၈ မိုင် (၃၀ ကီလိုမီတာ) အရှည်ရှိတဲ့ လမ်းကို တိုးချဲ့ဆောက်လုပ်နေတာလို့ မြေပြင်အခြေအနေသိသူတစ်ဦးကဆိုပါတယ်။
ဒီလမ်းမကြီး တည်ဆောက်မှုကို ဒေသဖွံ့ဖြိုးရေးလို့ ကိုးကန့်က ခေါင်းစဉ်တပ်ပေမယ့် တစ်ဖက်မှာတော့ တရုတ်-မြန်မာအရေး လေ့လာသူတချို့ကတော့ တရုတ်စီမံကိန်းတွေအတွက် အရေးပါတဲ့ လမ်းပိုင်းတစ်ခုအနေနဲ့ ရှုမြင်နေကြပါတယ်။
ချင်းရွှေဟော်-လောက်ကိုင် လမ်းဆိုပြီး ချောမွေ့သွားရင် အဲဒီကနေ သိန္နီအထိပါချိတ်ဆက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်စည်စီးဆင်းမှုတွေ ရှိလာနိုင်လို့ တရုတ်တွေရဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
"စော်ဘွားတွေ ကြီးစိုးခဲ့တဲ့ သမိုင်းဝင် သိန္နီမြို့မဟုတ်တော့ဘဲ တရုတ်အငွေ့အသက်တွေ လွှမ်းမိုးပြီး တရုတ်အကျိုးထမ်းပိုးထားရတဲ့ တရုတ်မြို့ဖြစ်သွားနိုင်တယ်" လို့ သူကပြောပါတယ်။
အလားတူ သိန္နီမှာ ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်ကြသလို ရှမ်းပြည်နယ်ထဲမှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ် ၂ တပ်ရှိပေမယ့် သိန္နီကိုတော့ ရှမ်းလက်နက်ကိုင်တပ်တွေက ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။
ရှမ်းတပ်တွေကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/SSA)တို့ပဲဖြစ်ပါတယ်။
ရှမ်းပြည်အရေး လေ့လာသုံးသပ်သူ ဦးခွန်ဆိုင်းကတော့ ရှမ်းတပ်တွေအနေနဲ့ စစ်ရေးအရ မြေပြင်မှာ ထိန်းချုပ်ထားနိုင်တဲ့ တပ်တွေနဲ့ ပူးပေါင်းမှုတွေ မရှိသရွေ့ ရှမ်းလူမျိုးတွေရဲ့ သိန္နီကို ဆက်လက် လက်လွှတ်နေရနိုင်တယ်လို့ သုံးသပ်ပါတယ်။
ရှမ်းတပ်တွေအနေနဲ့ "၁၀၂၇ စစ်ဆင်ရေးတွေ ဆင်နွှဲနေချိန်ကတည်းက တိုင်းရင်းသားမဟာမိတ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို အောင်မြင်အောင်လုပ်ပြီး စစ်ရေးမှာ ပါဝင်ခဲ့သင့်တယ်" လို့ သူကကောက်ချက်ချပါတယ်။












