သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ်နိုင်ရေး အစုအဖွဲ့အလိုက် အစည်းအဝေးတွေ မတ်လ ၃၀ မှာ ကျင်းပမယ်

သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ်နိုင်ရေး အစုအဖွဲ့အလိုက် အစည်းအဝေးတွေ မတ်လ ၃၀ မှာ ကျင်းပမယ့်အကြောင်းနဲ့ စက်သုံးဆီတွေ ဈေးတက်လာတဲ့ သတင်းအပါအဝင် မတ် ၂၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်သွားမှာပါ။

အနှစ်ချုပ်

  • သမ္မတနဲ့ ဒုတိယသမ္မတတွေရွေးချယ်ပေးရမယ့် ပြည်ထောင်စုလွှတ်တော်ကို ဒီနေ့ စတင်ကျင်းပမှာဖြစ်ပြီး ဒုသမ္မတလောင်းတွေကို ရွေးချယ်တင်မြှောက်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက်အစည်းအဝေးတွေ ကျင်းပမယ့်ရက်ကိုလည်း ဒီနေ့မှာ သတ်မှတ်သွားမှာဖြစ်
  • ရန်ကုန်မြို့ရဲ့ စက်သုံးဆီ ဈေးနှုန်းတွေဟာ ဆီအမျိုးအစားအလိုက် မနေ့ကထက် တစ်လီတာကို ကျပ် ၈၀၀ ဝန်းကျင်ကနေ ၁,၀၀၀ ကျော်အထိ ဈေးမြင့်လာသလို တခြားနယ်မြို့တွေမှာလည်း စျေးတက်လာတာတွေ့ရ
  • သမ္မတနဲ့ ဒုသမ္မတတို့ကို ရွေးချယ်ဖို့အတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်ကိုယ်စားလှယ်တွေက မတ် ၂၃ ရက်မှာ အစုအဖွဲ့အလိုက် အစည်းအဝေးကျင်းပမှာ ဖြစ်ပြီး လာမယ့် မတ် ၃၀ မှာ ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတရွေးချယ်တင်မြှောက်မယ်
  • ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကို လက်ခံတွေ့ဆုံစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို အီရန်ကို တိုက်ခိုက်တဲ့အစီအစဉ်နဲ့ပတ်သက်လို့ မဟာမိတ်တွေကို ဘာကြောင့်ကြိုတင်အသိမပေးတာလဲလို့ မေးမြန်းတာကို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က အမေရိကန်၊ ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ခဲ့မှုအကြောင်းထရမ့်ကဇာတ်ကြောင်းပြန်ပြီး ထရမ့်ပြော
  • ရန်ကုန်နဲ့မန္တလေးတိုင်း လွှတ်တော်တွေမှာ စစ်ကော်မရှင်ရဲ့ လက်ရှိဝန်ကြီးနဲ့ ဝန်ကြီးဟောင်းတွေကို လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတွေမှာ ရွေးချယ်ခံရ
  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ရွာမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ယောက် သေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၂၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဦးအောင်လင်းဒွေး - အမိန့်နာခံသူ ဗိုလ်ချုပ်ကြီး

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့ စစ်ဥပဒေချုပ်ဟောင်း ဦးအောင်လင်းဒွေး
    ဓာတ်ပုံ ပုံစာ, အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့ စစ်ဥပဒေချုပ်ဟောင်း ဦးအောင်လင်းဒွေး

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမိန့်တွေကို လက်မှတ်ရေးထိုးထုတ်ပြန်ပေးနေသူ အငြိမ်းစားဗိုလ်ချုပ်ကြီးဟာ အခုတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

    ဦးအောင်လင်းဒွေးကို တိုင်းပြည်ရဲ့ နံပါတ် ၅ နေရာမှာရှိတဲ့ရာထူးကို ပေးလိုက်တာက အမိန့်နာခံတတ်တဲ့ နောက်လိုက်တစ်ယောက်ကို စစ်ခေါင်းဆောင်ရဲ့ စောင်မကြည့်ရှုမှုလည်းဖြစ်သလို မပြီးပြတ်သေးတဲ့တာဝန်တစ်ခုပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကြားက

    ပတ်သက်ဆက်နွှယ်မှုတွေကို ဒီလင့်ခ် မှာ အပြည့်အစုံ ဖတ်ရှုနိုင်ပါပြီ။

  3. မြောင်- နဘက်ကျေးရွာကို လေကြောင်းဗုံးကြဲလို့ ကလေးနဲ့အမျိုးသမီး သေဆုံး

    လေကြောင်းတိုက်ခိုက်ခံရတဲ့ နဘက်ရွာ

    ဓာတ်ပုံ ရင်းမြစ်, နွေဦးရောင်နီ

    ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရတဲ့ နဘက်ရွာ

    စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ရွာက အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ယောက် သေဆုံးတယ်လို့ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

    နဘက်စံပြရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ မတ် ၂၀ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတာလို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

    ထိခိုက်ဒဏ်ရာရသူများသလို ကျေးရွာထဲက နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

    ဒဏ်ရာရသူတွေကိုလည်း အရေးပေါ် ကုသတာတွေ လုပ်နေကြရပြီး လေကြောင်းအန္တရာယ်ကို သတိထားဖို့လည်း နှိုးဆော်ထားကြကြောင်း သိရှိရပါတယ်။

  4. ဝန်ကြီးဟောင်းတွေကို ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အဖြစ်ရွေးချယ်

    မန္တလေးတိုင်းဒေသကြီးလွှတ်တော်

    ဓာတ်ပုံ ရင်းမြစ်, BBC Burmese

    ဓာတ်ပုံ ပုံစာ, မန္တလေးတိုင်းဒေသကြီးလွှတ်တော်

    ရန်ကုန်နဲ့မန္တလေးတိုင်း လွှတ်တော်တွေမှာ ကျင်းပတဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ စစ်ကော်မရှင်ရဲ့ လက်ရှိဝန်ကြီးနဲ့ ဝန်ကြီးဟောင်းတွေကို လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတွေမှာ ရွေးချယ်ခံရတာ တွေ့ရပါတယ်။

    ရန်ကုန်တိုင်းလွှတ်တော်မှာ စစ်ကော်မရှင်ရဲ့ လက်ရှိတိုင်းအစိုးရ လူမှုရေးရာဝန်ကြီးဖြစ်သူ ဦးဌေးအောင်က ဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပါတယ်။

    ရန်ကုန်တိုင်းလွှတ်တော်မှာပါတီ ၇ ခုက ‌ကိုယ်စားလှယ် အယောက် ၉၀၊ တိုင်းရင်းသားကိုယ်စားလှယ် ၂ ယောက်၊ တပ်ကိုယ်စားလှယ် ၃၁ ယောက်တို့ တက်ရောက်ကြပါတယ်။

    မန္တလေးတိုင်း လွှတ်တော်မှာတော့ ၂၀၁၀ ပြည့်နှစ်တုန်းက မန္တလေးတိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးဖြစ်ခဲ့တဲ့ ဦးအောင်ကျော်မိုးက ဥက္ကဋ္ဌ၊ ၂၀၁၀ ပြည့်နှစ်မှာ တိုင်းလျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးကျော်မြင့်က ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်။

    မန္တလေးတိုင်း လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဒီနေ့မတ် ၂၀ မှာ ကျင်းပခဲ့တာဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ် ၃၅ ယောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ- တစည က ၈ ယောက်၊ ပြည်သူ့ရှေ့ဆောင်ပါတီ- PPP က ၅ ယောက်၊ ပြည်သူ့ပါတီ - PP က ၄ ယောက်၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ၁ ယောက်၊ တပ်ကိုယ်စားလှယ် ၁၈ ယောက်တို့ တက်ရောက်ပါတယ်။

    မွန်ပြည်နယ်မှာတော့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးသက်ထွေး၊ ဒုဥက္ကဋ္ဌအဖြစ် ဦးမင်းအောင်မြင့် တို့ ရွေးချယ်ခံရပါတယ်။

    လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဧရာဝတီတိုင်း လွှတ်တော်မှာ ဦးသိန်းထွန်း၊ မကွေးလွှတ်တော်မှာ ဒေါက်တာမောင်မောင်ဌေး၊ ပဲခူးမှာ ဦးအောင်ချိုဦး ၊ ရှမ်းပြည်နယ်မှာ ဦးစိုင်းလုံကျော်တို့ ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

  5. အီရန်စစ်ကြောင့် ဖြစ်တဲ့ ကမ္ဘာ့စွမ်းအင် အကျပ်အတည်းကို တရုတ် ခုခံနိုင်သလား

    ကမ္ဘာ့ရေနံအဝယ်ဆုံး နိုင်ငံဖြစ်တဲ့ တရုတ်အတွက်လည်း အခက်အခဲနဲ့ ကြုံရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ရေနံအဝယ်ဆုံး နိုင်ငံဖြစ်တဲ့ တရုတ်အတွက်လည်း အခက်အခဲနဲ့ ကြုံရ

    ပါရှန်းပင်လယ်ကွေ့ က လာတဲ့ ရေနံ ပြတ်မှာကို တရုတ်က အသင့်ပြင်ထားတာ ကြာပါပြီ။ ဒါပေမဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ အဓိက သင်္ဘောလမ်းကြောင်းတခု ပြတ်တောက်ကုန်တဲ့အတွက် တရုတ်ရဲ့ ကြံ့ကြံ့ခံနိုင်မှုကို ဆန်းစစ်သလို ဖြစ်နေပါတယ်။

    အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အရေးကြီးတဲ့ ကုန်သွယ်ရေကြောင်းလမ်းကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ အီရန်က ခြိမ်းခြောက်ပြီးနောက် အရှေ့အလယ်ပိုင်းက လာတဲ့ သင်္ဘောတွေ ရပ်တန့်နေပါတယ်။

    ဒီပိတ်ဆို့မှုကြောင့် ပါရှန်းပင်လယ်ကွေ့ ကို မှီခိုနေရတဲ့ အာရှနိုင်ငံတွေမှာ အခက်ကြုံရတဲ့ ကမ္ဘာ့ရေနံပြတ်တောက်မှုကို ဖြစ်စေပါတယ်။ ကမ္ဘာ့ရေနံအဝယ်ဆုံး နိုင်ငံဖြစ်တဲ့ တရုတ်အတွက်လည်း အခက်အခဲနဲ့ ကြုံရပါတယ်။

    ဒါပေမဲ့လည်း စွမ်းအင်အကျပ်အတည်းအတွက် တရုတ်အစိုးရက နှစ်ချီ ပြင်ဆင်ထားလို့ သူ့အိမ်နီးချင်းနိုင်ငံတွေထက် ပိုအဆင်ပြေပါတယ်။

    ဘာ‌‌ကြောင့်လဲ အပြည့်အစုံကို ဒီလင်ခ့်ကိုနှိပ်ရုံ နဲ့ ဖတ်ရှုနိုင်ပါတယ်။

  6. အီရန်တိုက်ခိုက်မှုကို ပုလဲဆိပ်ကမ်းဗုံးကြဲမှုနဲ့ ထရမ့်နှိုင်းယှဥ်

    အိမ်ဖြူတော်မှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကို လက်ခံတွေ့ဆုံနေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော်မှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကို လက်ခံတွေ့ဆုံနေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်

    အိမ်ဖြူတော်မှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကို လက်ခံတွေ့ဆုံစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို အီရန်ကို တိုက်ခိုက်တဲ့အစီအစဉ်နဲ့ပတ်သက်လို့ မဟာမိတ်တွေကို ဘာကြောင့်ကြိုတင်အသိမပေးတာလဲလို့ မေးမြန်းခဲ့ကြပါတယ်။

    ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က အမေရိကန်၊ ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ခဲ့မှုအကြောင်းထရမ့်ကဇာတ်ကြောင်းပြန်လှန်ပြီး “အလစ်အငိုက်တိုက်ခိုက်တာနဲ့ပတ်သက်ရင် ဂျပန်ထက် ဘယ်သူပိုသိမလဲ” လို့ ပြောပါတယ်။

    ဟော်မုဇ်ရေလက်ကြားက ဖြတ်သွားတဲ့ သင်္ဘောတွေကို အီရန်က တိုက်ခိုက်တာနေကြောင့် မဟာမိတ်တွေ အီရန်ကို ဝိုင်းတိုက်ပေးကြဖို့ ထရမ့်က တိုက်တွန်းခဲ့ပေမဲ့ အကြောင်းထူးမလာခဲ့ပြီးနောက်ရက်အနည်းငယ်အကြာမှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီ ထရမ့်နဲ့ တွေ့ဆုံနေပါတယ်။

    “အင်မတန်ခက်ခဲတဲ့ စကားပြောဆိုမှုဖြစ်လိမ့်မယ်" လို့ ဝန်ကြီးချုပ်က မျှော်မှန်းထားတဲ့အတိုင်း ထရမ့်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ ပြေရင်း စကား စလိုက်တာပဲဖြစ်ပါတယ်။

    ဂျပန်ရဲ့ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးအတွက် လုပ်နိုင်တာ အကုန်လုပ်မယ့်အကြောင်း တာကာအိချီက ဂျပန်က မထွက်ခွါခင် လွှတ်တော်မှာ ပြောပါတယ်။

    သူ့ရဲ့ခရီးစဉ်ဟာ ကုန်သွယ်ရေးအကြောင်း ဆွေးနွေးပြီး အမေရိကန်-ဂျပန်မဟာမိတ်ဖြစ်မှုကို ပိုမိုလေးနက်စေဖို့ဖြစ်ပေမဲ့ အီရန်စစ်ပွဲနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေက ဆွေးနွေးမှုအပေါ် အရိပ်ထိုးနေမှာဖြစ်ပါတယ်။

    ဒေသတွင်း ရေနံတင်သင်္ဘောတွေ သွားလာနိုင်ရေးမှာ ဂျပန်က ဝင်ရောက်ပါဝင်ပြီး ကူညီဆောင်ရွက်ပေးမယ်လို့ မျှော်လင့်တယ်လို့ ထရမ့်က ကြာသပတေးနေ့မှာပြောပါတယ်။

    ဂျပန်နဲ့ တခြားအာရှနိုင်ငံတွေဟာ အရှေ့အလယ်ပိုင်းက လောင်စာတွေအပေါ်မှ မှီခိုနေရတာမို့ ဒီစစ်ပွဲမှာ ပါဝင်သင့်တယ်လို့ ထရမ့်က မကြာသေးမီမှာ ပြောခဲ့ပြီးဖြစ်ပါတယ်။

    ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ဂျပန်တို့ရဲ့ ကြာသပတေးနေ့က ပူးတွဲထုတ်ပြန်ချက်မှာတော့ “ ဂျပန်ဟာ ရေလက်ကြားမှာ သင်္ဘောတွေ အန္တရာယ်ကင်းကင်းဖြတ်သန်းသွားလာနိုင်ဖို့ သင့်တော်တဲ့ ထည့်ဝင်သယ်ပိုးမှုတွေ လုပ်ဆောင်ဖို့ အသင့်ရှိတယ်” လို့ ပြောထားပါတယ်။

    “ဒေါ်နယ်ရေ ရှင်တစ်ယောက်ထဲသာ ကမ္ဘာ့ငြိမ်းချမ်းရေးရအောင်လုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်ထားပါတယ်” လို့ တာကာအိရှိက စကားပြန်တစ်ယောက်ကတစ်ဆင့် အိမ်ဖြူတော်တွေ့ဆုံပွဲမှာ ပြောပါတယ်။

  7. သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ်နိုင်ရေး သက်ဆိုင်ရာအစုအဖွဲ့အလိုက် အစည်းအဝေးတွေကို မတ်လ ၃၀ ရက်မှာ ကျင်းပမယ်

    တပ်ကိုယ်စားလှယ်တွေကနေ စစ်ခေါင်းဆောင်ကို ဒုသမ္မတအဖြစ် ရွေးချယ်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တပ်ကိုယ်စားလှယ်တွေကနေ စစ်ခေါင်းဆောင်ကို ဒုသမ္မတအဖြစ် ရွေးချယ်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

    သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်နိုင်ရေး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အလိုက် အစည်းအဝေးတွေကို မတ်လ ၃၀ ရက်မှာ ကျင်းပမယ် လို့ ဒီနေ့ ပြုလုပ်တဲ့ပြည်ထောင်စုလွှတ်တော်မှာ ကြေညာပါတယ်။

    သမ္မတရွေးချယ်တဲ့အခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကနေ ဒုတိယသမ္မတတစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတတစ်ဦးနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ဘက်က ဒုတိယသမ္မတတစ်ဦးစီ ရွေးချယ်ရမှာဖြစ်ပါတယ်။

    ဒုသမ္မတ သုံးဦးကို သမ္မတအရည်အချင်းရွေးချယ်စိစစ်ရေးအဖွဲ့က စိစစ်ပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတရွေးချယ်မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတ၊ ဝန်ကြီးချုပ် ဦးညိုစောကို ပြည်သူ့လွှတ်တော်က ဒုသမ္မတ၊ ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်တစ်ယောက်ကိုတော့ အမျိုးသားလွှတ်တော်ကနေ ရွေးချယ်မယ်လို့လည်း လွှတ်တော် အသိုင်းအဝိုင်းအတွင်း သတင်းထွက်ပေါ် နေပါတယ်။

    ကနဦးထွက်ပေါ်နေတဲ့ သတင်းတွေအရ သမ္မတနဲ့ ဒုတိယသမ္မတများရွေးချယ်မှုကိုတော့ ဧပြီ ၃ ရက် ဝန်းကျင်မှာ နောက်ဆုံးထားလုပ်ဆောင်နိုင်ခြေရှိပြီး အစိုးရအဖွဲ့သစ်ကိုတော့ ဧပြီ ၇ ရက်နဲ့ ၁၀ ရက်အတွင်းမှာ နောက်ဆုံးထားဖွဲ့စည်းမယ်လို့လည်း လွှတ်တော်အသိုင်းအဝိုင်းကသိရှိရပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ လွှတ်တော်စဖို့ ပြင်နေချိန် စစ်တပ် က အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ စစ်တပ် က ရွေးကောက်ပွဲလုပ်ပြီး အခုလို လွှတ်တော်ခေါ်ယူလာတာဖြစ်ပါတယ်။

    အသိပေးပြင်ဆင်ဖြည့်စွက်ချက် - မတ် ၂၀ ရက် ညနေပိုင်း ထပ်မံစိစစ်မေးမြန်းချက်တွေအရ မူလသတင်းက အချက်အလက်အချို့ကို ပြန်လည်ပြင်ဆင်ထားပြီး ထပ်မံသိရှိရတဲ့အချက်အလက်တွေကို ဖြည့်စွက်ထားပါတယ်။

  8. ရန်ကုန်မှာ စက်သုံးဆီဈေးတွေ တစ်လီတာ ၈၀၀ ဝန်းကျင်စျေးတက်

    စက်သုံးဆီဝယ်ဖို့ တန်းစီနေတဲ့ကားတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စက်သုံးဆီဝယ်ဖို့ တန်းစီနေတဲ့ကားတွေ

    ရန်ကုန်မြို့ရဲ့ စက်သုံးဆီ ဈေးနှုန်းတွေဟာ ဆီအမျိုးအစားအလိုက် မနေ့ကထက် တစ်လီတာကို ကျပ် ၈၀၀ ဝန်းကျင်ကနေ ၁,၀၀၀ ကျော်အထိ ဈေးမြင့်လာတာကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဈေးနှုန်းတွေအရ သိရပါတယ်။

    အမေရိကန်- အစ္စရေးနဲ့ အီရန်တို့အကြား ကမ္ဘာ့အရှေ့အလယ်ပိုင်းက တိုက်ပွဲတွေဟာ မြန်မာနိုင်ငံကို သက်ရောက်လာတာပဲ ဖြစ်ပါတယ်။

    မတ် ၁၉ မှာ ၉၂ တစ်လီတာကို ကျပ် ၂၈၃၀ ရှိတာကနေ ဒီနေ့ မတ် ၂၀ မှာတော့ ကျပ် ၃၆၁၀ ရှိတာကြောင့် ကျပ် ၇၈၀ တက်သွားပါတယ်။

    ၉၅ တစ်လီတာကို ကျပ် ၂၉၃၀ ကနေ ၃၈၅၀ ကျပ်ဖြစ်တာကြောင့် ၉၂၀ ထိ ဖြစ်သွားပါတယ်။

    ဒီဇယ်ဈေးနှုန်းတွေကလည်း ကျပ် ၁၂၀၀ ဝန်းကျင်အထိ ဈေးမြင့်သွားတာ တွေ့ရပါတယ်။

    ရန်ကုန်မြို့မှာဆိုရင် စက်သုံးဆီအရောင်းဆိုင်တချို့လည်း ပိတ်ထားတာတွေရှိနေပြီး Danko ၊ Max တို့လို အရောင်းဆိုင်ကြီးတွေမှာသာ ရောင်းတာတွေရှိတာကြောင့် တန်းစီနေကြတဲ့ကားတွေ များတယ်လို့ ရန်ကုန်မြို့ခံက ပြောပါတယ်။

    ပြီးခဲ့တဲ့ တစ်ပတ်မှာလည်း အချိန်ပေးတန်းစီခဲ့လို့ ဆီရခဲ့ပေမဲ့ အခုရက်မှာတော့ ဆီမရတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

    တခြားနယ်မြို့တွေမှာလည်း စျေးတက်လာတာတွေ့ရပါတယ်။

  9. ပြည်ထောင်စုလွှတ်တော် ဒီနေ့စကျင်းပ

    ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေ

    ဓာတ်ပုံ ရင်းမြစ်, BBC Burmese

    ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေ

    သမ္မတနဲ့ ဒုတိယသမ္မတတွေရွေးချယ်ပေးရမယ့် ပြည်ထောင်စုလွှတ်တော်ကို ဒီနေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

    ဒုသမ္မတလောင်းတွေကို ရွေးချယ်တင်မြှောက်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက်အစည်းအဝေးတွေ ကျင်းပမယ့်ရက်ကိုလည်း ဒီနေ့မှာ သတ်မှတ်သွားမှာပါ။

    စစ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လက်ရှိဝန်ကြီးချုပ် ဦးညိုစော၊ ပအိုဝ်းတိုင်းရင်းသား တစ်ယောက်တို့က ဒုတိယသမ္မတလောင်း ဖြစ်နိုင်တယ်လို့ လွှတ်တော်အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိထားရပါတယ်။

    ဒုသမ္မတတွေထဲကနေ ပြည်ထောင်စု လွှတ်တော်မှာ အမတ်စုစုပေါင်း ၅၈၆ ယောက်ရဲ့ ထက်ဝက်ကျော် ၂၉၄ မဲ ရသူက သမ္မတ ဖြစ်လာမှာပါ။

    လွှတ်တော်နှစ်ရပ်ပေါင်းမှာ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ် ၃၃၉ ယောက်ရှိတာကြောင့် တစ်ပါတီတည်းကနေ သမ္မတ နဲ့ ဒုသမ္မတ တယောက်စီကို ရွေးချယ်တင်မြှောက်နိုင်မှာပါ။

    တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ၁၆၆ယောက်သာရှိလို့ ဒီအစုအဖွဲ့က တင်သူဟာ ဒုသမ္မတပဲဖြစ်လေ့ရှိတာကြောင့် တပ်အစုအဖွဲ့ကတင်တဲ့ ဗိုလ်ချုပ်မှူးကြီး သမ္မတဖြစ်ဖို့ဆိုရင် ကြံ့ခိုင်ရေးပါတီအပြင် တခြားပါတီတွေရဲ့မဲတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ဦးအောင်လင်းဒွေးက ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်ရေး လုပ်ငန်းစဉ်တွေကို နာယကအဖြစ် ဦးဆောင်ကျင်းပရမှာ ဖြစ်ပါတယ်။

  10. မင်္ဂလာပါ။ မတ် ၂၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now