ရပ်အဆိုတော်ဟောင်း နီပေါ ဝန်ကြီးချုပ်သစ် ကျမ်းကျိန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကယ်လီအန်းနဲ့ ခိုယွီး
- ဖတ်ရန်အချိန်: မိနစ် ၇
ရပ်အဆိုတော်ဘဝကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ ဘာလန်ဒရာရှား နီပေါ ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ခဲ့ပါပြီ။ မနှစ်က လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲအပြီး ကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲမှာလည်း သူ့ပါတီက ပြည်လုံးကျွတ် အနိုင်ရခဲ့ပါတယ်။
၃၅ နှစ် အရွယ် ရပ်အဆိုတော်ရဲ့ အောင်မြင်မှုက နီပေါ နိုင်ငံရေးရဲ့ အရေးကြီးတဲ့ အရွေ့အပြောင်းလည်း ဖြစ်ပါတယ်။ ခြစားမှု၊ ဝေစားမျှစား အလေ့အကျင့်နဲ့ အထက်လွှာ ကြီးစိုးတဲ့ နီပေါနိုင်ငံရေးကို စိတ်ဆိုးနေကြတဲ့ မဲဆန္ဒရှင်တွေရဲ့ အသံနဲ့ သူ့ရဲ့ ပြောင်းလဲရေး ကတိက သွား ထင်ဟပ်နေတာပါ။
ဘာလန်လို့ သိကြတဲ့ မစ္စတာရှားက နီပေါ အနာဂတ်အတွက် အကောင်းမြင်မှုတွေနဲ့ ပြည့်လျှမ်းနေတဲ့ တေးတပုဒ်ကို ကျမ်းမကျိန်ခင်မှာပဲ ထုတ်လွှင့်ခဲ့ပါတယ်။
" မကွဲပြားတဲ့ နီပေါသားတွေ၊ ဒီအချိန်မှာ သမိုင်းကို ဖန်တီးခဲ့ပြီ" ဆိုပြီး သူဆိုတဲ့ ရပ်သီချင်းကို လွှင့်တင်ပြီး နာရီပိုင်းအတွင်း ကြည့်သူ နှစ်သန်းကျော်သွားပါတယ်။
နီပေါမှာ ဖြစ်နေတဲ့ ခြစားမှုနဲ့ တခြား လူမှုရေး ပြဿနာတွေအကြောင်း မြေအောက် ရပ်ဂီတနဲ့ သူ ဟစ်ကြွေးလေ့ ရှိခဲ့ပါတယ်။
ခတ္တမန္ဒူမြို့တော်ဝန် သုံးနှစ်လုပ်ပြီးနောက် ရှားတယောက် RSP ပါတီ နဲ့ ပေါင်းပြီး ဝန်ကြီးချုပ်လောင်း ဖြစ်ဖို့ တာစူခဲ့ပြီး ဒီလဆန်းက လုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲကြီးမှာ အပြတ်အသတ် အောင်နိုင်ခဲ့ပါတယ်။
နီပေါနိုင်ငံရေးသမားဟောင်းတွေရဲ့ ကျရှုံးမှုကနေ ခွဲထွက်လာတဲ့ အပြောင်းအလဲ သင်္ကေတအဖြစ် ရှားကို သူ့ထောက်ခံသူတွေက ရှုမြင်ကြပါတယ်။ ဒါပေမဲ့ တည်ထောင်တာ လေးနှစ်ပဲ ရှိသေးတဲ့ RSP ပါတီကတိပေးထားတဲ့အတိုင်း အကောင်းတွေကို ဖော်ဆောင်ပေးနိုင်မှာလား တချို့က မေးခွန်းထုတ်ကြပါတယ်။
သူပုန် ရပ်အဆိုတော်
ရှားကို ၁၉၉၀ က ခတ္တမန္ဒူမှာ မွေးပြီး အငယ်ဆုံးသားဖြစ်ပါတယ်။ အဖေက အယုဗ္ဗေဒ ဆရာ ဖြစ်ပြီး အမေကတော့ မိသားစုကို ကြည့်ရှုရတဲ့ အိမ်ထောင်ရှင်မ ဖြစ်ပါတယ်။ ရှားမှာ ဇနီးနဲ့ သမီးတယောက်လည်း ရှိပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ခတ္တမန္ဒူမှာ အင်ဂျင်နီယာဘွဲ့ရပြီးနောက် အိန္ဒိယတောင်ပိုင်းက ကာနာတာကားပြည်နယ်မှာ ဘွဲ့လွန်တက်ခဲ့ပါတယ်။
ဖိနှိပ်ဘေးဖယ်ခံရတယ်လို့ ခံစားနေကြတဲ့ မျိုးဆက်အကြောင်း ထက်မြက်တဲ့ ရပ်စာသားတွေနဲ့ ၂၀၁၃ မှာ သူနာမည်ကြီးလာခဲ့ပါတယ်။
ဟိမဝန္တာတောင်တန်းက နိုင်ငံလေးမှာ ဖြစ်နေတဲ့ ခြစားမှုနဲ့ လူမှု မညီမျှမှုတွေအကြောင်း နာမည်ကြီး သီချင်းတွေ သူဆက်ရေးခဲ့ပါတယ်။ နေကာမျက်မှန် လေးထောင့်အမည်း၊ ဘလေဇာကုတ်အင်္ကျီအမည်းနဲ့ ဘောင်းဘီအမည်းဝတ်တဲ့ သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ဂီတဗီဒီယိုတွေမှာ ထင်ရှားလာခဲ့ပါတယ်။
Balidan ဆိုတဲ့ သူ့ရဲ့ လူသိအများဆုံး တေးတပုဒ်ဆိုရင် ယူကျုမှာ ကြည့်သူ ၁၄ သန်း ရှိပါတယ်။
၂၀၂၂ မှာ နိုင်ငံရေး မျက်နှာသစ် ရှားတယောက် ခတ္တမန္ဒူ မြို့တော်ဝန် ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလိကအနေနဲ့ အပြတ်အသတ် နိုင်ခဲ့ပြီး ဆယ်စုနှစ်တွေနဲ့ချီပြီး နီပေါရွေးကောက်ပွဲတွေမှာ ကြီးစိုးခဲ့တဲ့ ပါတီတွေကို အသာရခဲ့ပါတယ်။
သူ့သက်တမ်းအတွင်း ခတ္တမန္ဒူရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းပြီး မြို့ကို သန့်ရှင်းအောင် ထားခဲ့သလို ခြစားမှုတွေကို တိုက်ဖျက်ပြီး နာမည်ရခဲ့ပါတယ်။ ကျူးကျော် အဆောက်အအုံတွေကို မြေတူးစက်နဲ့ ဖျက်ဆီးပစ်တဲ့ အငြင်းပွားစရာ လှုပ်ရှားမှုကိုလည်း သူ စတင်ခဲ့ပါတယ်။ ဒီလို ရှင်းလင်းလို့ ယာဉ်အသွားအလာ ပိုလွယ်ကူခဲ့ပေမယ့် လမ်းဘေး စျေးသည်တွေနဲ့ ကျူးကျော်နေကြသူတွေက ကန့်ကွက်ကြပါတယ်။
အာဏာရလာပုံ
ရဲပစ်လို့ လူ ၇၇ ယောက် သေခဲ့တဲ့ မနှစ် စက်တင်ဘာလ ဆန္ဒပြပွဲမှာတော့ ရှားရဲ့ နိုင်ငံရေးက လူငယ်တွေအသံကို ဆက်ပြီး ထင်ဟပ်ခဲ့ပါတယ်။ လူမှုကွန်ရက်ကို ပိတ်ဆို့ဖြတ်တောက်လို့ ဆူပူမှု ဖြစ်ပွားခဲ့ ပေမယ့် ခြစားမှု၊ အလုပ်အကိုင် မရှိမှုနဲ့ စီးပွားရေး နှေးကွေးမှုတွေကြောင့် လူတွေ ပိုပြီး စိတ်ဆိုး အုံကြွကြပါတယ်။
ပြုံးနေတဲ့ နီပေါ ဆိုတဲ့ သူ့သီချင်းကို ဆန္ဒပြသူတွေက ဟစ်ကြွေးခဲ့ကြပါတယ်။
"နီပေါ ပြုံးနေတာကို ငါမြင်ချင်တယ်၊ နီပေါသားတွေရဲ့ နှလုံးသားတွေ ကနေတာကို တွေ့ချင်တယ်" ဆိုတဲ့ ဒီတေးသွားကို အိမ်တွေ လမ်းတွေပေါ်မှာ ရက်သတ္တပတ်တွေနဲ့ချီပြိး သီဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီနှစ် နီပေါ ဝန်ကြီးချုပ်ဖြစ်ရေးအတွက် မဲဆွယ်ရာမှာ အများနဲ့မတူတဲ့ နည်းတွေကို ရှား သုံးပါတယ်။ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ရှောင်ပြီး လူကြား မထွက်ဘဲ မဲဆွယ်ခဲ့ပါတယ်။
ရှားက မဲဆန္ဒရှင်တွေကို လူမှုကွန်ရက်ပို့စ်တွေပေါ်ကနေ ဆက်သွယ်ပြီး ခြစားမှု တိုက်ဖျက်ရေး၊ တရားရေး ပြုပြင်မှုတွေနဲ့ အလုပ်အကိုင်သစ် ၁.၂ သန်းကို ဖန်တီးရေး စတဲ့ ကတိတွေ ပေးခဲ့ပါတယ်။
မတ်လ ၅ ရက် ရွေးကောက်ပွဲမှာတော့ RSP ပါတီက နိုင်ငံရေးထိပ်သီးတွေနဲ့ ရှိရင်းစွဲ နိုင်ငံရေး အဆောက်အအုံတွေကို ရိုက်ချိုးပြီး အောင်ပွဲဆင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ကေပီ ရှားမား အိုလီကိုတောင် သူ့ရဲ့ အမာခံ မဲဆန္ဒနယ်မြေမှာ ရှားက အနိုင်ယူခဲ့ပါတယ်။
အငြင်းပွားစရာနဲ့ စိန်ခေါ်မှုများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘာလန်ဒရာရှားအတွက် အားလုံး ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်ပါဘူး။
မြို့တော်ဝန်ဘဝတုန်းကလည်း လမ်းဘေးစျေးသည်တွေကို အင်အားသုံး နှိမ်နင်းလို့ လူ့အခွင့်အရေး အုပ်စုတွေက သူ့ကို ဝေဖန်ကြပါတယ်။
ဒီလို ဝေဖန်သူတွေထဲမှာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့လည်း ပါပါတယ်။
ဒီလို အာဏာသုံးတာက ရလဒ်တွေကို အမြန်ပြချင်တဲ့ ခေါင်းဆောင်သစ်တွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်မျိုး ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဘီဘီစီကို ပြောပါတယ်။
ရှားက လူမှုကွန်ရက်မှာ အငြင်းပွားစရာတွေလည်း လုပ်ပါတယ်။ မနှစ် နိုဝင်ဘာလက အမေရိကန်၊ အိန္ဒိယနဲ့ တရုတ်အပြင် နီပေါက နိုင်ငံရေးပါတီ အများအပြားကို နာမည်တပ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရင့်ရင့်သီးသီးတွေ သူ ရေးပါတယ်။ ဒီပါတီတွေထဲမှာ ဒီနှစ် ဇန်နဝါရီမှာ သူ ဝင်လိုက်တဲ့ RSP ပါတီလည်း ပါပါတယ်။ ဒီပို့စ်ကို သူ မကြာခင်မှာပဲ ပြန်ဖျက်ခဲ့ပါတယ်။
ဒီလို အငြင်းပွားစရာတွေအပြင် အပြောင်းအလဲအတွက် မွတ်သိပ်နေကြတဲ့ မဲဆန္ဒရှင်တွေအတွက် ရှားနဲ့ သူ့ပါတီ ခေါင်းဆောင်တွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကလည်း ကြီးပါတယ်။
ဒီထဲမှာ သန်းနဲ့ချီတဲ့ နီပေါနိုင်ငံသားတွေ အလုပ်လုပ်နေကြတဲ့ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေတာ အပြင် ပြည်တွင်း အလုပ်လက်မဲ့ ထူပြောမှုကလည်း တာရှည်နေပါတယ်။ နီပေါ စီးပွားရေးက မကောင်းသလို RSP ပါတီကလည်း အစိုးရအာဏာ မရဖူးပါဘူး။
နီပေါမှာ အစိုးရဟောင်းကို ဖြုတ်ချခဲ့တဲ့ ၂၀၂၅ အုံကြွမှုအကြောင်း စုံစမ်းရေး အဖွဲ့က တွေ့ရှိချက်တွေကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပြီးနောက် ရှားတယောက် ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။
နီပေါ ဝန်ကြီးချုပ်ဟောင်း အိုလီကို တရားစွဲသင့်ကြောင်း စုံစမ်းရေး ကော်မရှင်က မှတ်ချက်ချပေမယ့် ဒီမှတ်ချက်တွေကို ဘယ်လို ဖော်ဆောင်မလဲ ဆိုတာကတော့ ပူပူနွေးနွေး ရွေးကောက်ခံထားရတဲ့ RSP ပါတီအပေါ်မှာ မူတည်နေပါတယ်။










