ဟော်မုဇ် ရေလက်ကြားကို ဆက်ပိတ်ဆို့သွားမယ်လို့ အီရန်ဘာသာရေးခေါင်းဆောင်သစ် ကြုံးဝါး

ဖတ်ရန်အချိန်: မိနစ် ၃

ဂွန်ချေ ဟာဘီဘီယာဇက်

အကြီးတန်း သတင်းထောက်၊ ဘီဘီစီ ပါရှန်းဌာန

အရေးပါတဲ့ သင်္ဘောအသွားအလာ လမ်းကြောင်းကြီး တစ်ခုဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို ဆက်ပိတ်ဆို့သွားမယ် ဆိုတဲ့ အီရန် ဘာသာရေးခေါင်းဆောင်သစ်ရဲ့ ထုတ်ပြန်ချက်ကို အီရန်အစိုးရရုပ်မြင်သံကြားပေါ်မှာ ထုတ်လွှင့်သွားခဲ့ပါတယ်။

ဒါ့အပြင် အသက်ဆုံးရှုံးခဲ့ရတဲ့ အီရန်လူမျိုးတွေရဲ့ သွေးတွေအတွက် အီရန်အစိုးရက လက်စားချေ တုံ့ပြန်သွားမယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီရန်ဘာသာရေး ခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ ဟာ သူ့ဖခင် အယာတိုလာ အလီ ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံခဲ့ပြီးကတည်းက လူထုရှေ့မှောက် မတွေ့ရသေးပါဘူး။

အီရန်ခေါင်းဆောင်သစ်ရဲ့ ကျန်းမာရေး ဘယ်လို ရှိသလဲ

အစိုးရ သတင်းမီဒီယာတွေမှာ မိုဂျ်တာဘာ ခါမေနီ ကို တစ်ခါမှ မတွေ့ရသေးတာကြောင့် ဆိုရှယ်မီဒီယာတွေမှာ သူ့အကြောင်း ထင်ကြေးပေးပြောဆိုမှုတွေ ထွက်ပေါ်လာနေပါတယ်။ အထူးသဖြင့် ပြည်ပရောက် အီရန်လူမျိုးတွေအကြားမှာ ခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ ဒဏ်ရာရထားသလား၊ ဒါမှမဟုတ် အသက်တောင် ရှိသေးရဲ့လားဆိုပြီး ပြောဆိုမှုတွေ ပျံ့နှံ့နေပါတယ်။

ဘီဘီစီအနေနဲ့လည်း သူ့အကြောင်းနဲ့ပတ်သက်လို့ လောလောဆယ် အကန့်အသတ်နဲ့သာ သိထားရပါတယ်။

အီရန်ဘာသာရေးခေါင်းဆောင်သစ် မိုဂျ်တာဘာ ကို ရာမာဒန်စစ်ပွဲရဲ့ စစ်မှုထမ်းဟောင်းကြီးတစ်ဦးအဖြစ် အီရန်အစိုးရ ရုပ်မြင်သံကြားမှာ ဖော်ညွှန်းပြောဆိုခဲ့ပါတယ်။ သူဒဏ်ရာရထားသလား ဆိုတာကိုတော့ ထုတ်ဖော် အတည်ပြုတာမျိုး မရှိခဲ့ပါဘူး။

သူ ဒဏ်ရာ အနည်းအပါး ရခဲ့တယ်လို့ အမည်မဖော်တဲ့ အီရန်အစိုးရတာဝန်ရှိပုဂ္ဂိုလ် တစ်ဦးကို ကိုးကားပြီး ရိုက်တာစ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သူ့ဖခင် အယာတိုလာ အလီ ခါမေနီ အပြင် မိုဂျ်တာဘာရဲ့ မိခင်နဲ့ ဇနီးသည်တို့လည်း သေဆုံးခဲ့ပါတယ်။

အီရန်ရဲ့ တတိယမြောက် ဘာသာရေးခေါင်းဆောင် အရိုက်အရာ ဆက်ခံယူခဲ့တဲ့ မတ်လ ၈ ရက်နေ့ကစရင် အခု လေးရက်နီးပါး ရှိလာချိန်အထိ မိုဂျ်တာဘာ ကို လူထုရှေ့မှောက်မှာသော်လည်းကောင်း၊ ဆိုရှယ်မီဒီယာပေါ်က ဗီဒီယို၊ ဓာတ်ပုံတွေမှာသော်လည်းကောင်း လုံးဝ မတွေ့ရသေးပါဘူး။

အီရန်နိုင်ငံမှာ ရွေးကောက်ပွဲမှာရော၊ ဘာသာရေးခေါင်းဆောင်အပေါ် ကြီးကြပ်မှုမှာပါ တာဝန်ရှိတဲ့ ဘာသာရေးခေါင်းဆောင် အဖွဲ့ဝင် ၈၈ ဦးပါ Assembly of Experts ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဆိုင်ရာအဖွဲ့ တစ်ခုကတဆင့် ရွေးကောက် တင်မြှောက်တာ ဖြစ်ပါတယ်။

မိုဂျ်တာဘာ ခါမေနီက အီရန်ဘာသာရေးခေါင်းဆောင်သစ်အဖြစ် သူခန့်အပ်ခံရတယ်ဆိုတာကို အစိုးရရုပ်မြင်သံကြားဌာနကနေတဆင့် သူသိခဲ့ရတယ်ဆိုပြီး သူပထမဆုံးပြောခဲ့တဲ့ သတင်းစကားက သတိပြုစရာဖြစ်ခဲ့ပါတယ်။

"ကျွန်တော့်ကို ခန့်အပ်လိုက်ကြောင်း Assembly of Experts ရဲ့ မဲခွဲဆုံးဖြတ်မှု ရလဒ်ကို အီရန်အစိုးရ ရုပ်မြင်သံကြား ကနေတဆင့် ခင်ဗျားတို့နဲ့ တချိန်တည်း ကျွန်တော်သိခဲ့ရပါတယ်" လို့ မိုဂျ်တာဘာ ခါမေနီက သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူက ဖတ်ကြားပြသွားခဲ့ပါတယ်။