အီရန်စစ်ကြောင့် ဖြစ်တဲ့ ကမ္ဘာ့စွမ်းအင် အကျပ်အတည်းကို တရုတ် ခုခံနိုင်သလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အော်စမွန် ချီယာ
- ရာထူးတာဝန်, စီးပွားရေး သတင်းထောက်
- ဖတ်ရန်အချိန်: မိနစ် ၇
ပါရှန်းပင်လယ်ကွေ့ က လာတဲ့ ရေနံ ပြတ်မှာကို တရုတ်က အသင့်ပြင်ထားတာ ကြာပါပြီ။ ဒါပေမဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ အဓိက သင်္ဘောလမ်းကြောင်းတခု ပြတ်တောက်ကုန်တဲ့အတွက် တရုတ်ရဲ့ ကြံ့ကြံ့ခံနိုင်မှုကို ဆန်းစစ်သလို ဖြစ်နေပါတယ်။
အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အရေးကြီးတဲ့ ကုန်သွယ်ရေကြောင်းလမ်းကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ အီရန်က ခြိမ်းခြောက်ပြီးနောက် အရှေ့အလယ်ပိုင်းက လာတဲ့ သင်္ဘောတွေ ရပ်တန့်နေပါတယ်။
ဒီပိတ်ဆို့မှုကြောင့် ပါရှန်းပင်လယ်ကွေ့ ကို မှီခိုနေရတဲ့ အာရှနိုင်ငံတွေမှာ အခက်ကြုံရတဲ့ ကမ္ဘာ့ရေနံပြတ်တောက်မှုကို ဖြစ်စေပါတယ်။ ဖိလစ်ပိုင်မှာဆိုရင် ဓာတ်ဆီချွေတာဖို့ တပတ် လေးရက်ပဲ ရုံးတက်ခိုင်းပြီး အင်ဒိုနီးရှားမှာလည်း ရက်သတ္တပတ်အနည်းငယ်ပဲ ခံမယ့် အရန်လောင်စာဆီကို မသုံးရအောင် ရှောင်နိုင်ဖို့ နည်းလမ်းရှာနေရပါတယ်။
ကမ္ဘာ့ရေနံအဝယ်ဆုံး နိုင်ငံဖြစ်တဲ့ တရုတ်အတွက်လည်း အခက်အခဲနဲ့ ကြုံရပါတယ်။
ဒါပေမဲ့လည်း စွမ်းအင်အကျပ်အတည်းအတွက် တရုတ်အစိုးရက နှစ်ချီ ပြင်ဆင်ထားလို့ သူ့အိမ်နီးချင်းနိုင်ငံတွေထက် ပိုအဆင်ပြေပါတယ်။
တရုတ်စွမ်းအင် ကွန်ရက်ကို စမ်းသပ်မှု
ဖေဖော်ဝါရီလကုန်ပိုင်းက အီရန်ကို အမေရိကန်နဲ့ အစ္စရေး ဝင်တိုက်ချိန်ကစပြီး ကမ္ဘာ့စီးပွားရေး ကမောက်ကမတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း သင်္ဘောလိုင်းတွေနဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေကို ထိခိုက်မှု၊ ကမ္ဘာ့ရေနံပို့ဆောင်မှု အများဆုံး ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မှုတွေကြောင့် ရေနံစျေးက တစည်ကို ဒေါ်လာ ၁၂၀ နားထိ ခုန်တက်ခဲ့ပါတယ်။
ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၂၀ ရာခိုင်နှုန်းလောက်က ဒီရေလက်ကြားကို ဖြတ်သွားရပြီး တရက်ကို ရေနံစည် သန်း ၂၀ လောက် ဖြတ်သွားတယ်လို့ အမေရိကန် စွမ်းအင် အချက်အလက် အုပ်ချုပ်ရေးအဖွဲ့ (EIA) က ခန့်မှန်းပါတယ်။
အမေရိကန်ပြီးရင် ဒုတိယရေနံအများဆုံး သုံးစွဲတဲ့ တရုတ်ပြည်မှာ တရက်ကို ရေနံစည် ၁၅ သန်းကနေ ၁၆ သန်းလောက် သုံးတယ်လို့ ခန့်မှန်းကြောင်း စျေးကွက်ကျွမ်းကျင်သူတွေက ဘီဘီစီကို ပြောပါတယ်။
တရုတ်ရဲ့ ကား၊ ကုန်တင်ကားနဲ့ ဂျက်လေယာဉ်တွေ ပါဝင်တဲ့ ပို့ဆောင်ရေး ကွန်ရက်ကြီးမှာ ဒီရေနံကို အဓိကသုံးစွဲပြီး အများစုက ပြည်ပက တင်သွင်းပါတယ်။
တရုတ်ကို တင်သွင်းတဲ့ ရေနံက ပါရှန်းပင်လယ်ကွေ့ နိုင်ငံတွေက အဓိကလာပြီး ဆော်ဒီအာရေဗျနဲ့ အီရန်က ဆယ်ရာခိုင်နှုန်းကျော်စီ တင်သွင်းကြောင်း EIA က ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရုတ်ကို တင်သွင်းတဲ့ ရေနံစိမ်း အများစုက တောင်တရုတ်ပင်လယ်ကို ဖြတ်ပြီး အီရန်နဲ့ အရှေ့အလယ်ပိုင်းက လာပါတယ်။ ဒီရေနံတွေကို စက်ရုံတွေနဲ့ သယ်ယူပို့ဆောင်ရေးမှာ သုံးပြီး တရုတ်ပြည်တောင်ပိုင်းမှာ အဓိကသုံးပါတယ်။
တရုတ်မြောက်ပိုင်းမှာ သုံးတဲ့ ရေနံကတော့ ပြည်တွင်းရေနံတွင်းတွေက အများစု လာသလို ရုရှားကနေ ပိုက်လိုင်းနဲ့ ပို့တာလည်း ရှိပါတယ်။ ဒီရေနံသုံးစွဲမှုကတော့ အရှေ့အလယ်ပိုင်း စစ်ကြောင့် မထိခိုက်ပါဘူး။
အာရှနိုင်ငံအများအပြားက ပင်လယ်ကွေ့က လာတဲ့ ရေနံကို အဓိကမှီခိုနေချိန်မှာ ရုရှားရေနံက တရုတ်စွမ်းအင်တင်သွင်းမှုရဲ့ ၂၀ ရာခိုင်နှုန်း နီးပါး ရှိပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ဥရောပရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားမှာ ရုရှားက တရုတ်ရဲ့ အကြီးဆုံး ရေနံတင်သွင်းသူဖြစ်နေတာပါ။
ကျောက်မီးသွေးကို တရုတ်လျှပ်စစ်စွမ်းအင်အတွက် အများဆုံးသုံးစွဲသလို ပြည်တွင်းမှာလည်း ပေါပေါများများ ထုတ်ယူနိုင်ပါတယ်။ တရုတ်က ကမ္ဘာမှာ ကျောက်မီးသွေးအများဆုံး ထုတ်တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ထက်ဝက်ကျော် ရှိပါတယ်။
ရေနံနဲ့ ဓာတ်ငွေ့က တရုတ်စွမ်းအင်သုံးစွဲမှုရဲ့ ၂၅ ရာခိုင်နှုန်းကျော်ပဲ ရှိကြောင်း တရုတ်အစိုးရမီဒီယာက ခန့်မှန်းပြီး ဥရောပနဲ့ အမေရိကန်နဲ့စာရင် ရေနံနဲ့ ဓာတ်ငွေ့အပေါ် မှီခိုမှုက နည်းပါတယ်။
ခက်ခဲကြမ်းတမ်းမှုအတွက်အသင့်ပြင်ထား
ပါရှန်းပင်လယ်ကွေ့ နိုင်ငံတွေက ရေနံစိမ်းကို စျေးပေါပေါနဲ့ ရချိန်မှာ တရုတ်က နှစ်တွေကြိုပြီး ရေနံတွေကို လှောင်ထားခဲ့လို့ ကမ္ဘာ့အကြီးဆုံး အရန်ရေနံပမာဏ ရှိတဲ့ နိုင်ငံတခု ဖြစ်လာကြောင်း ဆက်ဇိုဘဏ်ရဲ့ ကုန်ပစ္စည်း နည်းဗျူဟာ အကြီးအကဲ အိုးလ်ဟန်ဆန်က ပြောပါတယ်။
မနှစ်ကနဲ့ ယှဉ်ရင် ဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာပဲ တရုတ်က ရေနံစိမ်း ၁၆ ရာခိုင်နှုန်းကျော် ပိုမို ဝယ်ယူခဲ့ကြောင်း တရုတ် အကောက်ခွန်ဌာနက ဖော်ပြပါတယ်။
အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကို ခံနေရတဲ့ အီရန်က တရုတ်အတွက် စျေးပေါတဲ့ ရေနံစိမ်း အဓိက ရောင်းချသူ ဖြစ်ပါတယ်။ အီရန်ရဲ့ ရေနံ တင်ပို့မှု ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်က ဝယ်တယ်လို့လည်း ရေးသားကြပါတယ်။
အီရန်စစ်ပွဲ စပြီးနောက်ပိုင်းလည်း ဒီရေနံတချို့ တရုတ်ကို ရောက်လာနေဆဲ ဖြစ်ကြောင်း သင်္ဘောတွေကို ခြေရာခံတဲ့ အချက်အလက်တွေက ပြနေပါတယ်။ တရုတ်ရဲ့ ရေနံသိုလှောင်မှုက ဘယ်လောက်ရှိသလဲ ဆိုတာကတော့ ကျွမ်းကျင်သူတွေကြား သဘောကွဲလွဲနေပါတယ်။
ရက်တွေနဲ့ချီပြီး သုံးစွဲနိုင်တဲ့ အီရန် ရေနံစိမ်းစည် ၄၆ သန်းကျော်ကို တောင်တရုတ်ပင်လယ်တကြောက ရေနံတင်သင်္ဘောတွေပေါ်မှာ တင်ထားကြောင်း Kpler ကုန်သွယ်ရေး ဆန်းစစ်မှု အုပ်စုရဲ့ လေ့လာမှုအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သုံးလစာ တင်သွင်းမှုလောက်ရှိတဲ့ ရေနံစည် သန်း ၉၀၀ လောက်ကို တရုတ်က သိုလှောင်ထားကြောင်း ဟန်ဆန်က ပြောပါတယ်။ တခါ တရုတ်အစိုးရ မီဒီယာကို ကိုးကားပြီး ကိုလံဘီယာ တက္ကသိုလ်က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရလည်း ၁.၄ ဘီလျံလောက် ရှိတဲ့ ဓာတ်ဆီစည်တွေကို တရုတ်က သိုလှောင်ထားပါတယ်။
တရုတ်ကို နေ့စဉ် တင်သွင်းတဲ့ စွမ်းအင်ပမာဏ ဘယ်လောက်များများကို ချက်ချင်း သုံးစွဲပြီး ဘယ်လောက်ကို အရန်သိုလှောင်မှုထဲ ထည့်တယ်ဆိုတာကို မသိရကြောင်းလည်း ဟန်ဆန်က ပြောပါတယ်။ ဒီလို အရန်ရေနံတွေ ရှိတာတောင် မကြာခင် အနာဂတ်မှာ သတိထားသုံးစွဲမယ့် လက္ခဏာတွေကို တရုတ်အစိုးရက ပြခဲ့ပါတယ်။
ပြည်တွင်း ဓာတ်ဆီစျေးကို ထိန်းချုပ်တဲ့အနေနဲ့ လတ်တလော လောင်စာဆီ ပြည်ပပို့တာတွေ ရပ်ဖို့ ရေနံချက်စက်ရုံတွေကို တရုတ်အစိုးရက အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့ စုံစမ်းမေးမြန်းမှုကို တရုတ်အစိုးရက မတုံ့ပြန်ခဲ့ပါဘူး။
တရုတ်ရဲ့ အမှီအခိုကင်းရေး ရှာဖွေမှု
တရုတ်က သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်မှုမှာ ကမ္ဘာ့ထိပ်တန်းဖြစ်လာပြီး နိုင်ငံတဝှမ်း လေစွမ်းအင်နဲ့ ဆိုလာ နေစွမ်းအင်တွေ ထုတ်လုပ်ပါတယ်။
လေအား၊ အဏုမြူ၊ ဆိုလာနဲ့ ရေအားက ထုတ်တဲ့ လျှပ်စစ်က ၂၀၂၅ တရုတ်လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုရဲ့ သုံးပုံတပုံကျော် ရှိကြောင်း တရုတ်အစိုးရ စာရင်းအင်းဗျူရိုက ရေးသားပါတယ်။ အဲဒီနောက်ပိုင်း ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုကို တရုတ်ပြည်မှာ ပိုတိုးလုပ်ဆောင်လာတဲ့အတွက် လျှပ်စစ်ထက်ဝက်ကျော်ကို သန့်ရှင်းတဲ့ စွမ်းအင်ရင်းမြစ်တွေက ရယူနေပြီဆိုပြီး ခန့်မှန်းကြပါတယ်။
ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှု ပိုတိုးလာမှုကြောင့် ရေနံစိမ်းက ၂၀၂၄ မှာ တရုတ်စုစုပေါင်း စွမ်းအင်သုံးစွဲမှုရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။
နောက်ပြီး ရေနံလိုအပ်မှုကလည်း အနာဂတ်မှာ ပိုများလာစရာ အကြောင်းမရှိကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီက ခန့်မှန်းပါတယ်။
တရုတ်က ပြည့်ဖြိုးမြဲစွမ်းအင်ကို ရည်မှန်းချက်ကြီးကြီးနဲ့ ပြောင်းသုံးတာဟာ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်သာ မဟုတ်ဘဲ အီရန်စစ်ပွဲလို ကမ္ဘာ့ပြဿနာတွေဘေးက တရုတ်စီးပွားရေးကို ကာကွယ်ဖို့ပါ ဖြစ်ကြောင်း စွမ်းအင် စီးပွားရေး သုတေသီ ရော်ဂျာဖူးကတ်က ပြောပါတယ်။
တရုတ်မှာ ကားရောင်းချမှုရဲ့ အနည်းဆုံး သုံးပုံတပုံ ရှိတဲ့ လျှပ်စစ်ကားတွေကြောင့်လည်း နိုင်ငံရဲ့ စီးပွားရေးကို ရေနံပေါ် မှီခိုမှု နည်းစေကြောင်း ဆစ်ဒနီ နည်းပညာတက္ကသိုလ်က ရော့ရှီးက ပြောပါတယ်။











