ဦးအောင်လင်းဒွေး - အမိန့်နာခံသူ ဗိုလ်ချုပ်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းကာလမှာ "အမိန့်အရ အောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီး" ဆိုတဲ့ အမိန့်ကြေညာစာတွေကို အများပြည်သူက မှတ်မိနေကြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမိန့်တွေကို လက်မှတ်ရေးထိုးထုတ်ပြန်ပေးနေသူ အငြိမ်းစားဗိုလ်ချုပ်ကြီးဟာ အခုတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
တိုင်းပြည်ရဲ့ နံပါတ် ၅ နေရာမှာရှိတဲ့ရာထူးကို ပေးလိုက်တာက အမိန့်နာခံတတ်တဲ့ နောက်လိုက်တစ်ယောက်ကို စစ်ခေါင်းဆောင်ရဲ့ စောင်မကြည့်ရှုမှုလည်းဖြစ်သလို မပြီးပြတ်သေးတဲ့တာဝန်တစ်ခုပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဦးအောင်လင်းဒွေးဟာ စစ်တပ်နဲ့ အာဏာရပါတီကြားက အာဏာခွဲဝေမှုကို ပေါင်းကူးဆက်သွယ်ပေးသူဆိုတာကိုတော့ သိသူနည်းပါတယ်။
အမိန့်အရ အောင်လင်းဒွေး

ရွေးကောက်ပွဲအလွန်အစိုးရသစ်မှာ ဘယ်သူတွေကိုဘာရာထူးထားမလဲဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်တွေကို အာဏာရကြံ့ခိုင်ရေးပါတီဆီ ပို့ပေးသူက ဦးအောင်လင်းဒွေးဖြစ်တယ်လို့ စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့အတွက် နိုင်ငံရေးကိစ္စတွေကို လူသိရှင်ကြားမလုပ်ဘဲ ဦးအောင်လင်းဒွေးကို တစ်ဆင့်ခံ တာဝန်ပေးတာလို့ ဆိုပါတယ်။
သူက ကြံ့ခိုင်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနဲ့ အဓိကဆက်သွယ်သူဖြစ်တယ်လို့ သိရပါတယ်။
ဦးသောင်းအေး ရခိုင်တိုင်းမှူး (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တာဝန်ယူတုန်းက ဆုံခဲ့ကြဖူးလို့ သူတို့နှစ်ဦးက ဆက်ဆံရေးကောင်းရှိကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဦးအောင်လင်းဒွေးကို ဗိုလ်ချုပ်ကြီးအဆင့်ကနေ အငြိမ်းစားပေးပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်တာဝန်ပေးတဲ့အချိန်ကစလို့ စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲအလွန် အကူးအပြောင်းကို ပုံဖော်ပေးသူဖြစ်ခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယုံကြည်လောက်အောင်လည်း ဦးအောင်လင်းဒွေးက ကာလရှည် အမိန့်နာခံသူ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်ပဲ ဗိုလ်ချုပ်ကြီးတွေများတဲ့ စစ်တက္ကသိုလ်အပတ်စဥ် ၂၅ ဆင်းတွေထဲမှာ ဦးအောင်လင်းဒွေးက သူ့ထက်ပိုတော်သူတွေရှိတဲ့ကြားထဲက ထိပ်ဆုံးရောက်လာသူဖြစ်ပါတယ်။
"သူတို့အပတ်စဥ်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ဆင်းတွေထဲမှာ ဦးအောင်လင်ဒွေးက ထိပ်ဆုံးကဆင်းတဲ့သူတွေထဲမှာမပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တောက်လျှောက်ဆွဲတင်လာ" လို့ စစ်တက္ကသိုလ်အပတ်စဥ် ၂၅ နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးဟာ စစ်တက္ကသိုလ်အပတ်စဥ် ၂၅ ဆင်းဖြစ်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဟောင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့နဲ့ အပတ်စဥ်တူပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာမှ ဦးအောင်လင်းဒွေးက ရာထူးတက်မြန်လာတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ လက်ရုံး

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဘဝက ဒုဗိုလ်မှူးကြီးအောင်လင်းဒွေးနဲ့ ဆုံခဲ့တာဖြစ်ပြီး ဆရာတပည့်အရင်းတွေဖြစ်ပါတယ်။
ဒုဗိုလ်မှူးကြီးအောင်လင်းဒွေးနဲ့ ဒုဗိုလ်မှူးကြီးသန်းထွန်းဦး(လက်ရှိနေပြည်တော်ကောင်စီဥက္ကဋ္ဌ)တို့က စစ်ဦးစီးမှူး(ပထမတန်း) တွေ ဖြစ်ကြပါတယ်။
"ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့(ဦးအောင်လင်းဒွေး)ကို တော်တော်သံယောဇဥ်ရှိတယ်" လို့ စစ်တက္ကသိုလ်အပတ်စဥ် ၂၅ နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဗိုလ်မှူးကြီးအောင်လင်းဒွေးဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒကစမှူးတာဝန်ယူဖူးသလို အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးအဖြစ်လည်း တာဝန်ယူဖူးပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၁၁ မတ်လကုန်မှာ တပ်ချုပ်ဖြစ်ပြီးတဲ့နောက် လပိုင်းအတွင်း ဗိုလ်မှူးချုပ်အောင်လင်းဒွေး တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်လာပါတယ်။
အဲဒီနောက် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခြင်းခံရပါတယ်။
"ကျောင်းအုပ်ကြီးတွေကအရင်က ဗိုလ်မှူးချုပ်အဆင့်၊ ဦးအောင်လင်းဒွေးလက်ထက်မှ ဗိုလ်ချုပ်စပေးတာ" လို့ ပြင်ဦးလွင်က ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ ဗိုလ်ချုပ်အောင်လင်းဒွေးဟာ ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာပါတယ်။
နောက်နှစ်နှစ်အကြာမှာ စစ်ဥပဒေချုပ်ဖြစ်လာပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့စစ်ရုံးမှာ တောက်လျှောက်နေခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးရဲ့အခန်းကဏ္ဍက ပိုအရေးပါလာပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အတွင်းရေးမှူးအထိ ဖြစ်လာပါတယ်။
လွှတ်တော်တွေမရှိတဲ့အချိန်မှာ စစ်ဥပဒေချုပ်ဟောင်းဟာ အမိန့်ကြေညာစာပေါင်းများစွာကို စစ်ခေါင်းဆောင်ကိုယ်စား လက်မှတ်ရေးထိုးထုတ်ပြန်ပေးခဲ့သူ ဖြစ်ပါတယ်။
"ဥပဒေတွေထုတ်ပေးတာကိုပဲ လူသိများတာ၊ တကယ်တော့ သမ္မတအိမ်တော်မှာထိုင်ပြီး admin ကို သူပဲ အဓိကလုပ်ခဲ့တာ" လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
သမ္မတရုံးကို အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးလို့ အမည်ပြောင်းခဲ့ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အားအကိုးဆုံး သူတွေထဲမှာ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဗိုလ်ချုပ်ကြီးညိုစောတို့ပါဝင်ပြီး သူတို့အားလုံးကို ဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတိုးပေးခဲ့တာဖြစ်ပါတယ်။
တာဝန်မပြီးဆုံးသေးတဲ့ ဗိုလ်ချုပ်ကြီး

ဓာတ်ပုံ ရင်းမြစ်, MOI
ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးလို စစ်ခေါင်းဆောင်ရဲ့ဘေးမှာအမြဲမတွေ့ရသလို ဗိုလ်ချုပ်ကြီးညိုစောလိုလည်း စီးပွားရေးကိစ္စတွေ တိုင်ပင်အားကိုးခံရသူလည်းမဟုတ်ပါဘူး။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့လို စစ်ရေးကိုလည်း တာဝန်ယူရသူမဟုတ်ပါဘူး။
ဒါပေမဲ့ လူတွေကိုမယုံကြည်တတ်သူလို့ သိကြတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရှားရှားပါးပါးယုံကြည်ရသူတွေထဲက တစ်ဦးဖြစ်ပါတယ်။
ဥပဒေကိုစိတ်ဝင်စားတဲ့ စစ်ခေါင်းဆောင်နဲ့ စစ်ဥပဒေချုပ်ဟောင်းက အတွဲညီကြပါတယ်။
ရွေးကောက်ပွဲဝင်ပြိုင်ကတည်းက ဗိုလ်ချုပ်ကြီးတွေအများစုပြိုင်တဲ့ ပြည်သူ့လွှတ်တော်က မပြိုင်ဘဲ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်က ပြိုင်ခဲ့တာကြောင့် ဦးအောင်လင်းဒွေးကိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာမယ့်သူလို့ သုံးသပ်ခဲ့ကြပြီး တကယ်လည်းဖြစ်လာပါတယ်။
ဒါပေမဲ့ ဦးအောင်လင်းဒွေးဟာ ပထမအကြိမ်အမျိုးသားလွှတ်တော်ကို ထိန်းနိုင်ခဲ့တဲ့ ဦးခင်အောင်မြင့်လိုမဟုတ်ဘဲ NLD လက်ထက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းလိုပဲ ဖြစ်လိမ့်မယ်လို့ အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
"မန်းဝင်းခိုင်သန်းက ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မျက်နှာပဲကြည့်သလို ဦးအောင်လင်းဒွေးကလည်း ဦးမင်းအောင်လှိုင်မျက်နှာပဲကြည့်မှာ" လို့ သူကပြောပါတယ်။
စစ်ဥပဒေချုပ်ဟောင်းကနေ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာတာက ရဲချုပ်ဟောင်းကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့ဦးခင်ရီထက် လူမှန်နေရာမှန်ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆပါတယ်။
စစ်ဗိုလ်ချုပ်တစ်ယောက်ထက် ဥပဒေသမားတစ်ယောက်နဲ့ပိုတူတဲ့ ဦးအောင်လင်းဒွေးဟာ စစ်ခေါင်းဆောင်ရဲ့အာဏာသက်ရှည်ကြာရေးမှာ အရေးကြီးဆုံး ထောက်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့သူ့ရဲ့တာဝန်က မပြီးသေးပါဘူး။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့တာဝန်ဟာ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် သမ္မတရွေးချယ်ပေးဖို့ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက်ကို အောင်မြင်အောင်ခင်းကျင်းဆောင်ရွက်ပေးဖို့တာဝန် ဦးအောင်လင်းဒွေးမှာ ကျန်နေပါသေးတယ်။











