စက်သုံးဆီအတွက် နွေအပူအောက် အသက်နဲ့ ကျန်းမာရေးပါ ရင်းနေရပြီလား

ဖတ်ရန်အချိန်: မိနစ် ၉

တန်းစီနေတဲ့ ဆိုင်ကယ်တွေကြားထဲက ဆိုင်ကယ်တစ်စီးရဲ့ လက်ကိုင်ပေါ် ခေါင်းငိုက်စိုက်ကျနေတဲ့ အဖိုးအိုတစ်ယောက်ကို လဲမကျအောင် ဝိုင်းထိန်းရင်း လမ်းဘေးက အရိပ်ရှိရာကို ဖေးကူခေါ် ပြုစုပေးနေတဲ့ရုပ်သံတစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ ဆီဝယ်ဖို့ တန်းစီနေရင်း အသက် ၈၀ အရွယ် အဖိုးအိုတစ်ယောက် မူးလဲသွားတဲ့ဖြစ်ရပ်ရုပ်သံဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဖြစ်ချိန်က မတ်လ ၂၇ ရက်၊ မနက် ၁၀ နာရီဝန်းကျင်ပဲ ရှိနေသေးပေမဲ့ အပူရှိန်က ခပ်ပြင်းပြင်းရှိနေခဲ့ပါတယ်။

"ဘေးမှာ တခြားဆိုင်ကိုယ်တွေ ရှိလို့ သွားတာ။ နေက တအားပူပြီး ချွေးတွေပြန်လာတာ။ ခေါင်းမူးပြီး ငိုက်စိုက်ကျသွားတော့ တခြားသူတွေက မြင်ပြီး ဝိုင်းကူကြတာ" လို့ ရုပ်သံထဲက အဖိုးအို ဦးမြင့်အောင်က နောက်တစ်ရက်မှာ ဘီဘီစီကို ပြောပါတယ်။

ဦးမြင့်အောင် မူးဝေမှုတဲ့နေ့က အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ယောက်လည်း အချိန်အနည်းငယ်ပဲ ခြားပြီး မူးလဲခဲ့လို့ သူတို့နှစ်ဦးစလုံးကို အရေးပေါ် လူမှုကူညီရေးအဖွဲ့တွေက ပြုစုပေးခဲ့ကြပါတယ်။

အဲဒီနေ့ဟာ မတ်လ ၂၇ ဖြစ်ပြီး အဲဒီနေ့ နေ့အပူချိန်ဟာ ထားဝယ်မြို့မှာ ၃၈ ဒီဂရီဆဲလ်စီးယပ် ရှိခဲ့ပါတယ်။

မတ်လ တတိယပတ်အတွင်း ထားဝယ်အပါအဝင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ မုံရွာ၊ ပုသိမ်၊ မြစ်ကြီးနား၊ ဘားအံ၊ မော်လမြိုင်စတဲ့မြို့တွေမှာဆိုရင် နေ့အပူချိန် ၃၂ ဒီဂရီ ဆဲလ်စီးယပ်ကနေ ၄၀ ဒီဂရီဆဲလ်စီယပ်အထိ ပျမ်းမျှ ရှိနေတာပါ။

ဒါပေမဲ့ အန္တရာယ်ရှိ နေ့အပူချိန်တွေထက် စက်သုံးဆီရဖို့ဆိုတဲ့ပူပင်စိတ်က နေပူပူမှာ တန်းစီဖို့ ဖြစ်လာပါတယ်။

စက်သုံးဆီ တစ်ခါတန်းစီ ၅ နာရီ

အရှေ့အလယ်ပိုင်း စစ်ပွဲတွေကြောင့် ရေနံတင်သင်္ဘောတွေ သက်ဆိုင်ရာ နိုင်ငံတွေဆီ မဆိုက်ကပ်နိုင်တော့တဲ့အခါမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးက လက်ကျန် အရန်ဆီတွေကို ချွေတာသုံးတဲ့အစီအစဉ်တွေ စကြပါတယ်။

မြန်မာနိုင်ငံမှာလည်း နေ့စဉ်သုံးစွဲနေတဲ့ စက်သုံးဆီ ပမာဏအနေနဲ့ ဓာတ်ဆီက ဂါလန် ၁ ဒသမ ၅ သန်း၊ ဒီဇယ်ဆီက ဂါလံ ၁ ဒသမ ၇ သန်းရှိတာကနေ ချွေတာသုံးစွဲဖို့ မတ် ၇ ရက်ကစပြီး ယာဉ်နံပါတ် 'စုံ' 'မ' ခွဲပြီး ‌ရောင်းချမှု စတင်ခဲ့တာပါ။

ကန့်သတ်ထားတဲ့ရက်မှာ ကား၊ ဆိုင်ကယ်အသုံးမပြုဘဲ "စုံ" "မ" ခွဲခြားမှုအရ စက်သုံးဆီ ဝယ်ယူခွင့်ရတဲ့နေ့ကို စောင့်ဆိုင်း ဝယ်ယူကြရတာပါ။

ကိုယ်ဝယ်ခွင့်ရတဲ့တစ်ရက် လွတ်သွားရင် ဆီမလုံမလောက် ဖြစ်သွားမယ်ဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ တချို့က ညလုံးပေါက်၊ တချို့က မနက်အစောပိုင်းကတည်းက တန်းစီကြပါတယ်။

"အိပ်ရေးပျက်မခံရင် နေပူခံရမှာ" လို့ မနက် ၂ နာရီလောက်ကစပြီး တန်းစီပြီး မနက် ၉ နာရီလောက်မှာ ဆီဝယ်ခွင့်ရခဲ့တဲ့ မော်လမြိုင်မြို့ခံတစ်ယောက်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာ အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းတိုက်တာကို တုံ့ပြန်ဖို့ ကမ္ဘာ့ရေနံတင်ပို့ ပင်မလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို အီရန် ထိန်းချုပ်မှု တိုးမြှင့်လိုက်တာနဲ့အမျှ မြန်မာအပါအဝင် အာရှနိုင်ငံတွေမှာ စက်သုံးဆီအကျပ်အတည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပြည်တွင်းက စက်သုံးဆီအကန့်အသတ်နဲ့ရောင်းချတဲ့အစီအမံတွေနဲ့အတူ တန်းစီရတဲ့အချိန်တွေကြာလာသလို ဆီဈေးနှုန်းတွေလည်း ပိုမြင့်လာပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ယာဉ်နံပါတ်ပြား 'စုံ' 'မ' ရက် စတင်ခွဲရောင်းတဲ့ မတ် ၇ ရက်နဲ့ မတ် ၂၇ ရက်အတွင်း ရက်သတ္တပတ် ၃ ပတ်အကြာမှာ ၂ ဆကျော် မြင့်တက်သွားတာကို တွေ့ရပါတယ်။

ဒါဟာ ရန်ကုန်မြို့ရဲ့ဈေးနှုန်းဖြစ်ပြီး မန္တလေးအပါအဝင် တခြားမြို့နယ်တွေမှာ ဒီထက်မက ပိုပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ စက်သုံးဆီစျေးဟာ ပြင်ပပေါက်ဈေးလို့ခေါ်တဲ့ မှောင်ခိုဈေးမှာ ၃ ဆလောက်နီးပါးအထိ မြင့်တက်နေပါတယ်။

အန္တရာယ်ရှိ နေ့အပူချိန်၊ ဆီတိုးရတဲ့ဒုက္ခနဲ့ ကျန်းမာရေး

မနက်အစောပိုင်း ၂ နာရီလောက်ကနေ နေ့လယ်အချိန်အထိ ဆီတန်းစီပြီးနောက် အိမ်ပြန်လာတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အိုးဝေ သုံးဘီးမောင်းသူ အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ် မတ် ၂၃ ရက်က ဖြစ်ခဲ့ပါတယ်။

သူဟာ ချောင်းဆုံမြို့၊ မုဒွန်းရွာ၊ ၁၁ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ဆီတန်းစီပြီး အိမ်အရောက်မှာ သွေးပေါင်ကျတာ၊ ခေါင်းကိုက်တဲ့ဝေဒနာကြောင့် ဆေးရုံပို့ပေမဲ့ အသက်ဆုံးရှုံးသွားခဲ့တယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်က အသက် ၆၀ ကျော် အမျိုးသမီးတစ်ယောက်လည်း ဆီတန်းစီနေရာကနေ ပြန်လာပြီးနောက် ခဏနားနေချိန်မှာ အသက်ဆုံးရှုံးသွားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ဒီသတင်းတွေကို ကြားပေမဲ့ အလုပ်ရှိလို့ မနက်စောစော တန်းစီတာ မလုပ်နိုင်တဲ့ အမရပူရမြို့က ဒေါ်ကြည်ကြည်ဝင်းကတော့ တန်းစီသူနည်းနိုင်မယ်လို့ ယူဆရတဲ့နေ့လယ်ပိုင်းမှ အိမ်ကနေ ထွက်ပါတယ်။

"ဆိုင်ကယ်မှာ ဆီမရှိလို့ မဖြစ်ဘူးလေ။ အလုပ်သွား အလုပ်ပြန်၊ ဘယ်သွားသွား ဒါပဲ အားကိုးရတာ" လို့ သူက ပြောပါတယ်။

ဆီဆိုင်ကို ရောက်တဲ့အခါမှာတော့ သူတွေးထင်ထားသလို ဖြစ်မနေခဲ့ပါဘူး။ ဆီရဖို့ နေပူပူအောက် တန်းစီနေတဲ့ဆိုင်ကယ်တန်းအရှည်ဟာ ရပ်ကွက်ကို တစ်ပတ် ပတ်လုနီးပါးအထိ ရှိနေပါတယ်။

သွေးတိုးရောဂါရှိတဲ့ ဒေါ်ကြည်ကြည်ဝင်းတစ်ယောက် စက်သုံးဆီရဖို့ တန်းစီရင်း ခေါင်းတွေ ကိုက်လာပြီး သိပ်မကြာခင်မှာပဲ နှာရည်တွေ စီးကျလာပါတယ်။

အဲဒီအချိန်မှာပဲ သူလှမ်းမြင်နေရတဲ့ဆိုင်ကယ်တစ်စီးရဲ့နောက်မှာ "နောက်ဆုံး"ဆိုတဲ့ ဆိုင်းဘုတ်တစ်ခု လာကပ် သွားတာကြောင့် ဒေါ်ကြည်ကြည်ဝင်းအပါအဝင် အစီးရေ ငါးဆယ်လောက်ရှိတဲ့ ဆိုင်ကယ်တွေ တန်းဖြုတ်လိုက်ရပါတယ်။

တခြားဆိုင်တွေမှာ ဆီရနိုင်ဦးမလားဆိုပြီး ပတ်ကြည့်လိုက်ပေမဲ့ ခေါင်းတွေ မူးလာလို့ ဆိုင်ကယ်ကို အိမ်ဘက် ပြန်မောင်းခဲ့ပါတယ်။ အပြန်လမ်းမှာ ဆီကုန်သွားလို့ ဆိုင်ကယ်ကို မိနစ် ၂၀ လောက် တွန်းခဲ့ရပါတယ်။

"အသွားကတော့ ဆိုင်ကယ် စီးသွားတာပဲ။ အပြန်ကျတော့ ဆိုင်ကယ်က ကိုယ့်ကို ပြန်စီးသွားတယ်။ အိမ်ရောက်တော့ ခေါင်းတွေ ကိုက်တာ မခံနိုင်လို့ ဆေးခန်း သွားပြီး ဆေးချိတ်ရတယ်။ နေပူထဲ လုံးဝမသွားဖို့ ဆရာဝန်က မှာလို့ ၂ ရက်လောက် နားလိုက်တယ်"လို့ ဒေါ်ကြည်ကြည်ဝင်းက ပြောပါတယ်။

နေ့အပူချိန် ပူပြင်းတာကြောင့် နေရောင်အောက်မှာ နာရီနဲ့ချီအောင် စောင့်ဆိုင်းကြရတဲ့သူတွေမှာ အပူလွန်ကဲပြီး ကျန်းမာရေးထိခိုက်နိုင်တယ်လို့ ဆရာဝန်တွေက သတိပေးပါတယ်။

လူနေရပ်ကွက်နဲ့နီးတဲ့နေရာမှာ တန်းစီရသူတွေကို တချို့လမ်းသူ၊ လမ်းသားတွေက ရေတိုက်တာ၊ အိမ်ထဲမှာ အပေါ့အလေး သွားလို့ရတဲ့အကြောင်း အသိပေးကြေညာဆိုင်းဘုတ်တွေ ရေးထားကြပါတယ်။

"အဲဒီလိုသဘောကောင်းတဲ့အိမ်ရှင်တွေရှိလို့ တော်သေးတာပေါ့။ ကျွန်မ တို့ကတော့ အိမ်တွေနဲ့ဝေးတဲ့နေရာမှာ တန်းစီဖြစ်တော့ ဆီးသွားချင်လည်း အောင့်ထားရတာ တချိန်လုံးပဲ။ လူတွေလည်း အရမ်းပင်ပန်း၊ စိတ်တွေလည်း ပင်ပန်းတယ်" လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

လူနေအိမ်တွေနဲ့ဝေးပြီး သစ်ပင်ရိပ် မရှိတဲ့နေရာတွေမှာ တန်းစီရသူတွေကတော့ ဈေးဆိုင်လိုနေရာတွေ၊ ဇရပ်လို နားနေဆောင်တွေမှာ လူဆံ့သလောက် အရိပ်ခိုနေရတာတွေကိုလည်း လူမှုကွန်ရက် ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

အပူချိန်မြင့်တဲ့ နေရောင်အောက်မှာ အချိန်ကြာအောင် ရှိနေကြရသူတွေဟာ

  • ချွေးထွက်များပြီး ရေဓာတ်ကုန်ခမ်းတာ
  • သွေးပေါင်ချိန်ကျတာ
  • မူးလဲတာ
  • သတိလစ်တာ
  • အိမ်သာသုံးဖို့ မလွယ်တာကြောင့် ဆီးအောင့်၊ ဝမ်းချုပ်တာ
  • ရေဓာတ်ခမ်းတာ
  • စိတ်ဖိစီးမှုများပြီး စိတ်မရှည်တာ၊ ကြွက်သားနာကျင်တာ
  • ပိုသတိထားရမယ့်အချက်ကတော့ နှလုံးခုန်မြန်လာပြီး လူတကိုယ်လုံး ချွေးမထွက်တော့ပဲ အပူချိန်မြင့်တက်လာတာမျိုး စတဲ့ (Heat Stoke) အပူလျှပ်လက္ခဏာမျိုး ဖြစ်လာရင်တော့ အသက်အန္တရာယ်နီးကပ်တယ်လို့ နောက်ထပ်ဆရာဝန်တစ်ယောက်က ဖြည့်စွက်ပြောပါတယ်။

ဒီလိုကျန်းမာရေး ပြဿနာတွေဟာ သာမာန်နေကောင်းနေတဲ့ သူတွေတောင် ခံစားရနိုင်တဲ့အတွက် နှလုံး၊ ဆီးချို၊ သွေးတိုး၊ အရက်သောက်ထားသူ၊ ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အိုတွေအနေနဲ့ နေပူထဲမှာ အချိန်အကြာကြီး မနေသင့်ဘူးလို့ အကြံပြုကြပါတယ်။

ဒါပေမဲ့ ဆီတန်းစီတဲ့နေရာတွေမှာ လူငယ်တွေထက် လူကြီးတွေကို ပိုပြီး မြင်တွေ့ရပါတယ်။ ဘီဘီစီက မေးမြန်းကြည့်ခဲ့တဲ့ မြို့ပြမှာ ဆီတန်းစီသူ ၅ ဦးကတော့ ''လူငယ်တွေ၊ တန်းစီနိုင်တဲ့အသက်အရွယ်ရှိသူတွေ အများစုက အလုပ်သွားကြတော့ လူကြီးတွေ ဆီတန်းစီနေတာကို မြင်ရတာ'' လို့ ပြောပြကြပါတယ်။

နေပူထဲမှာ ဆီတန်းစီကြရသူတွေအနေနဲ့

  • ရေကိုလုံလောက်အောင် သယ်သွားဖို့
  • ထီး၊ အင်္ကျီလက်ရှည်ဝတ်ပြီး အတတ်နိုင်ဆုံး အရိပ်ရတဲ့ နေရာမှာ နေကြဖို့၊
  • နှလုံးတုန်တာ၊ မူးတာ၊ ခေါင်းကိုက်တာမျိုး ခံစားရရင် နေရိပ်ထဲမှာ ပြန်နားဖို့၊
  • တကယ်လို့ မူးလဲခဲ့ရင် လူများတဲ့နေရာကနေ လူရှင်းပြီး အရိပ်ရတဲ့နေရာကို ရွှေ့ပြောင်းဖို့၊
  • အရေးပေါ် လူမှုကူညီရေးအသင်း ဖုန်းနံပါတ်တွေကိုလည်း မှတ်ထားဖို့ အကြံပြုကြပါတယ်။

စက်အင်ဂျင်တွေ မောင်းနှင်ဖို့ စက်သုံးဆီကို မဖြစ်မနေ စောင့်ဆိုင်းရတဲ့အခြေအနေတွေကြားမှာ ခန္ဓာကိုယ်ရဲ့မောင်းနှင်မှုတွေကို မထိခိုက်အောင် ဂရုစိုက်ဖို့ကိုလည်း ဆရာဝန်တွေက သတိပေးထားပါတယ်။

စက်သုံးဆီတန်းစီရင် မူးလဲတာကြောင့် အရေးပေါ်ပြုစုတာ ကြုံခဲ့ရတဲ့ ဦးမြင့်အောင်ကတော့ သူ့ကျန်းမာရေးအတွက် နောက်ထပ် တန်းမစီတော့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

""သွေးတိုး၊ ဆီးချိုလည်း မရှိပါဘူး။ ကျန်းမာရေးလည်း အကောင်းပါပဲ။ ဒါပေမဲ့ နေတအားပူလွန်းတယ်။ ကိုယ့်ကျန်းမာရေးကို သတိထားရတော့မယ်" လို့ ထားဝယ်မြို့က အသက် ၈၀ အရွယ် ဦးမြင့်အောင်က ပြောပါတယ်။