ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပျက်ကျသွားတဲ့ အမေရိကန်ဆီဖြည့်လေယာဥ် စစ်ဆင်ရေးမှာ ဘယ်လောက်အရေးပါလဲ
အီရတ်မှာ ဆီဖြည့်လေယာဉ် ပျက်ကျမှုအတွင်း သေဆုံးခဲ့တဲ့ စစ်သည်ခြောက်ဦးရဲ့ အမည်တွေကို အမေရိကန်စစ်တပ်က ထုတ်ပြန်လိုက်ပါပြီ။
KC-135 လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လေတပ်သားတွေကတော့ အယ်လာဘားမားက အသက် ၃၃ နှစ်အရွယ် ဂျွန် ကလင်နာ၊ ဝါရှင်တန်က အသက် ၃၁ နှစ်အရွယ် အရီယာနာ ဆာဗီနိုနဲ့ ကန်တပ်ကီက အသက် ၃၄ နှစ်အရွယ် အက်ရှ်လေ ပရူယစ်တို့ဖြစ်ကြပါတယ်။
သူတို့သုံးယောက်က လေတပ် စစ်သည်တွေဖြစ်ကြပါတယ်။
ဒါအပြင် အင်ဒီယားနားက အသက် ၃၈ နှစ်အရွယ် ဆက် ကိုဗယ်၊ အိုဟိုင်းယိုးက အသက် ၃၀ နှစ်အရွယ် ကာတစ် အန့်နဲ့ အိုဟိုင်းယိုးက အသက် ၂၈ နှစ်အရွယ် တိုင်လာ ဆင်မွန် တို့လည်းပါဝင်ကြပါတယ်။
သူတို့ သုံးယောက်ကတော့ အမျိုးသားအစောင့်တပ်ကဖြစ်ပါတယ်။
အီရတ်နိုင်ငံအနောက်ပိုင်းမှာ ကြာသပတေးနေ့ လေယာဉ်ပျက်ကျမှုဟာ ရန်သူကပစ်တာမဟုတ်သလို ကိုယ့်လူချင်းပြန်ပစ်တာလည်း မဟုတ်ဘူးလို့ အမေရိကန်စစ်တပ်က အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
KC-135 ကို ပစ်ချခဲ့တယ်လို့ အီရန်ထုတ်ပြန်
ဆီဖြည့်လေယာဉ်ဟာ အမေရိကန်က အီရန်ကို တိုက်ခိုက်မှုမှာပါဝင်နေတဲ့ စစ်လေယာဉ်ဖြစ်ပြီး အခင်းဖြစ်ပွားရာမှာပါဝင်တဲ့ လေယာဉ်နှစ်စင်းအနက် တစ်စင်းဖြစ်လည်းဖြစ်ပါတယ်။
လေယာဉ်နောက်တစ်စင်းကတော့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။
ကျဆုံးစစ်သည်တွေဟာ အမေရိကန်သူရဲကောင်းတွေဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်ကပြောပါတယ်။
လေယာဉ်နှစ်စင်းဟာ ပျံသန်းရင်း တိုက်မိတာဖြစ်နိုင်ပေမဲ့ စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ အမေရိကန်အစိုးရအရာရှိတွေက ဘီဘီစီရဲ့ အမေရိကန်မိတ်ဖက် သတင်းဌာန စီဘီအက်စ်ကိုပြောပါတယ်။
မိတ်ဆွေလေပိုင်နက်မှာ အခင်းဖြစ်ခဲ့တာလို့ အမေရိကန်ဗဟိုကွပ်ကဲမှုဌာနက ထုတ်ပြန်ထားပါတယ်။
အီရတ်-ဂျော်ဒန်နယ် တူရိုင်ဘီအနီးမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်တယ်လို့ အီရတ်ထောက်လှမ်းရေးတစ်ဦးက စီဘီအက်စ်ကိုပြောပါတယ်။
အီရတ်အနောက်ပိုင်းမှာ အီရန်လိုလားတဲ့ ပြည်သူ့စစ်တွေ လှုပ်ရှားနေပါတယ်။ မဟာမိတ်အုပ်စုတစ်စုက လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အီရန်စစ်တပ်က နိုင်ငံပိုင်ရုပ်သံကနေ ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်မှာ စတင်ခဲ့တဲ့ အီရန်စစ်အတွင်း အမေရိကန်စစ်သည် ၁၃ ဦးအထိ ကျဆုံးခဲ့ပြီးဖြစ်ပါတယ်။
နောက်ထပ်စစ်သည်ခြောက်ဦးကတော့ ကူဝိတ်နဲ့ အခြားတစ်ဦးကတော့ ဆော်ဒီအာရေဗျမှာ ကျဆုံးခဲ့ပါတယ်။
အီရန်စစ်ပွဲအတွင်း အမေရိကန်ဟာ အနည်းဆုံး လေယာဉ်လေးစင်း ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။
ဗုံးကြဲလေယာဉ်တွေအတွက် အဓိက အရေးပါ
မတ်အစောပိုင်းမှာ ကူဝိတ်ပေါ်ဖြတ်ပျံတဲ့ အက်ဖ် -၁၅ တိုက်လေယာဉ်သုံးစင်းကို ကူဝိတ်က မှားပြီးပစ်ချခဲ့ပါတယ်။
ဒီဖြစ်စဥ်မှာတော့ လေယာဉ်မှူးခြောက်ဦးလုံး ဘေးကင်းလွတ်မြောက်ခဲ့ပါတယ်။
KC-135 Stratotanker ဆီဖြည့်လေယာဉ်တွေကို ဘိုးရင်းကုမ္ပဏီက ၁၉၅၀ နဲ့ ၁၉၆၀ ပြည့်နှစ်ကျော်ကာလတွေမှာ အမေရိကန်စစ်တပ်အတွက် ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ အမေရိကန်စစ်တပ်ရဲ့ လောင်စာဆီဖြည့်တင်းရေးအတွက် ကျောရိုးဖြစ်ခဲ့ပြီး တိုက်လေယာဉ်တွေဟာ မြေပြင်ကို ဆင်းသက်စရာမလိုဘဲ ဝေးလံတဲ့ စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်ခွင့်ရခဲ့ပါတယ်။
ဗုံးကြဲလေယာဉ်တွေ ဆက်လက်ပျံသန်းနိုင်ရေးအတွက် အမေရိကန်လောင်စာဖြည့်တင်းရေးလေယာဉ်တွေက အရေးပါတဲ့ ကဏ္ဍကပါဝင်နေပါတယ်။
တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ ခရီးဝေးမှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ သွားရောက်တဲ့ လမ်းကြောင်းမှာ လောင်စာပြည့်နေဖို့အတွက် ကူညီနေတဲ့ လေယာဉ်တွေဖြစ်ကြပါတယ်။
ဒါဟာ ကြီးမားတဲ့ ထောက်ပို့လုပ်ငန်းဖြစ်ပြီး တိုက်လေယာဉ်များစွာဟာ ပျံသန်းနေရင်း လောင်စာဖြည့်တင်းနိုင်တဲ့ ကြီးမားတဲ့အားသာချက်ကို ရပါတယ်။
KC-135 အစင်း ၄၀၀ လောက်ရှိ
လောင်စာဖြည့်တင်းတဲ့အခါ လေယာဉ်အနီးကို ကပ်လာဖို့လိုအပ်ပြီး လောင်စာဖြည့်တင်းတဲ့လေယာဉ်က လောင်စာဖြည်တင်းတဲ့ကိရိယာကို ဆွဲထုတ်ပြီး အောက်ကို ချပေးမှာဖြစ်ပါတယ်။
လောင်စာရယူမယ့် လေယာဉ်က လေယာဉ်မှူးဟာ လောင်စာဖြည့်တင်းတဲ့ လေယာဉ်အောက်က အလင်းစနစ်ကိုသုံးပြီး အဲဒီကိရိယာရှိတဲ့နေရာကို ပျံတက်ရပါတယ်။
အဲဒီကိရိယာက တိုက်လေယာဉ်ထဲ ပလတ်ပေါက်ထိုးသလို ဝင်ရောက်သွားတဲ့အထိ နေရာယူရမှာဖြစ်ပါတယ်။
ဒီလို ထိတွေ့မှုရှိသွားပြီဆိုတာနဲ့ လောင်စာဖြည့်တဲ့ဖြစ်စဉ်စတင်ပြီး မိနစ်များစွာ ကြာမြင့်မှာဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ တိုက်လေယာဉ်ဟာ လောင်စာဖြည့်တင်းရေးလေယာဉ်ရဲ့အောက်ဘက် ပေအနည်းငယ်မှာရှိနေမှာဖြစ်ပြီး ဒီလိုဖြစ်စဉ်တွေကို ညအချိန်မှာပဲ လုပ်လေ့ရှိပါတယ်။
လောင်စာဖြည့်တင်းရေးလေယာဉ်က ထုတ်ပေးထားတဲ့ ကိရိယာနဲ့ သေချာချိတ်မိနေစေဖို့ တိုက်လေယာဉ်မှုးရဲ့ စွမ်းရည်က အရေးကြီးပါတယ်။
တစ်ခါတလေမှာ ဖြည့်တင်းမှုဖြစ်စဉ် မပြတ်တောက်သွားစေဖို့ လောင်စာလေယာဉ်ရဲ့နောက်ကနေ ထွက်လာတဲ့ ကြက်တောင်ပုံစံ ဖြည့်တင်းရေးကိရိယာမျိုးကို အသုံးပြုတတ်ကြပါတယ်။
လောင်စာဖြည့်တင်းရေးလုပ်နေစဉ်မှာ ရန်သူက မမြင်စေဖို့ လောင်စာဖြည့်တင်းရေးလေယာဉ်က မီးအလင်းရောင်ကို လုံးဝပိတ်ထားလေ့ရှိပါတယ်။
KC-135 မှာ များသောအားဖြင့် လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနဲ့ လောင်စာဖြည့်တင်းရေးတာဝန်ခံစစ်သည်တို့ပါဝင်လေ့ရှိပါတယ်။
လေကြောင်းသွားလာရေးကွပ်ကဲမှုဌာနရဲ့လက်အောက်မှာ လောင်စာဖြည့်တင်းရေးလေယာဉ် အစင်း ၄၀၀ လောက်ရှိတယ်လို့ အမေရိကန်လေတပ်က ထုတ်ပြန်ထားပါတယ်။