ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်တော်မှာ မြေမြှုပ်မိုင်းနင်းမိတဲ့ အမျိုးသမီး ခြေထောက်နဲ့ လက်ချောင်းတွေ ဖြတ်ရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်း ချောင်းတူကျေးရွာက အမျိုးသမီးတစ်ယောက် စက်တင်ဘာ ၁၈ ရက် က မြေမြှုပ်မိုင်းနင်းမိလို့ ဘယ်ဘက် ခြေထောက် ခြေချင်းဝတ်လောက်ကနေဖြတ်လိုက်ရပြီး ဘယ်ဘက်လက်မှာလည်း လက်ချောင်းလေးတွေ ဖြတ်ပစ်လိုက်ရတယ်လို့ သူ့မိသားစုက ပြောပါတယ်။
မိုင်းထိခံရသူမှာ အဲဒီ ထိခိုက်မှု အပြင် မျက်နှာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာလည်း မိုင်းစတွေ ထိခဲ့ပါတယ်။
အသက် ၄၈ နှစ်အရွယ် ဒေါ်သန်းသန်းနုဟာ စက်တင်ဘာ ၁၈ နေ့လယ်ပိုင်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်တဲ့ အတွက် သူ့ကို ယိုးတရုတ် တိုက်နယ်ဆေးရုံကနေ စစ်တွေ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ချောင်းတူကျေးရွာ ဝန်းကျင်ဒေသဟာ နှစ်ဆန်းပိုင်းက မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ တို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။
ဒီရွာဟာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓေါကျေးရွာနဲ့ အနီးအနား ရွာတစ်ရွာလည်းဖြစ်ပါတယ်။
မိုင်းထိဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ ကုန်တွေလှည့်လည်ရောင်းချနေတဲ့ ဈေးသည်တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက တောင်တစ်ဘက်မှာရှိတဲ့ နွားတွေကို သွားကြည့်ရင်း ရွာတွေက ပိုက်ဆံကောက်ပြီး အပြန်အလာမှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။
"သူက မနက်ပိုင်းက တောင်တစ်ဘက်မှာရှိတဲ့ ရွာတွေကနေ ပိုက်ဆံသွားကောက်တာ။ ပြီးတော့ အဲ့ဒီဘက်မှာလွှတ်ထားတဲ့နွားတွေကို ကြည့်ရင်းသွားတာပါ။ အဲ့ဒီကပြန်လာတဲ့အချိန် တောင်မှာ မိုင်းနင်းမိတာဖြစ်ပါတယ်။ ရွာနဲ့တော့ နည်းနည်းဝေးတယ်"လို့ ဆေးရုံကို လိုက်ပါ ပို့ဆောင်ပေးနေတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ အခုလိုမျိုး မိုင်းပေါက်ကွဲမှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
အခု မိုင်းဗုံးက အရင်ကတည်းက ရှိနေခဲ့တာလား အခု လတ်တလောမှ ထောင်ထားတာလား ဆိုတာတော့ အရပ်သားတွေ အနေနဲ့ မသိနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလမ်းမှာ အရင်ကတော့ ပုံမှန် လှုပ်ရှား သွားလာ နေတာတော့ ရှိတယ်လို့လည်း သူတို့က ပြောပါတယ်။
တောတောင်တွေကို မှီခိုလုပ်ကိုင်စားသောက်နေကြရတဲ့ ဒေသခံတွေဟာ မိုင်းနဲ့ လက်နက်ကြီးကျည်တွေ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူအနည်းဆုံး ၂၀ ဦးခန့်ရှိနေပြီလို့ လူမှုအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေအနီးဝန်းကျင်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ အများအပြားကျန်ရှိနေသေးတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်ရွံ့နေကြရသလို လက်နက်ကြီးကျည်တွေကို ယူဆောင်ကစားကြတဲ့အတွက် ပေါက်ကွဲပြီး သေဆုံးတဲ့ကလေးတွေလည်း ရှိခဲ့ပါတယ်။