မြန်မာအီလက်ထရောနစ်ပတ်စ်ပို့ - ပြည်ပထွက်ခွာသွားလာခွင့်ကို ထိန်းချုပ်မယ့်ဥပဒေသစ်လား

ဖတ်ရန်အချိန်: မိနစ် ၉

အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) က အခန်း (၈) ခန်းပါဝင်တဲ့ အီလက်ထရောနစ်ပတ်စ်ပို့ - မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ပါတယ်။

စစ်တပ်ဦးစီးတဲ့ ၂၀၂၅ ရွေးကောက်ပွဲအပြီးပေါ်ထွက်လာတဲ့ လွှတ်တော်နဲ့ အစိုးရသစ်ဖွဲ့စည်းဖို့ ရက်ပိုင်းအလိုမှာ ပေါ်ထွက်လာတဲ့ ဒီဥပဒေက လူထုရဲ့ နိုင်ငံရပ်ခြားထွက်ခွာခွင့်နဲ့ သွားလာခွင့်တွေအပေါ် သက်ရောက်မှုရှိလာမယ်လို့ လူ့အခွင့်အရေးနဲ့ ဥပဒေကြောင်းဆိုင်ရာ နားလည်တတ်ကျွမ်းသူတွေက သုံးသပ်ကြပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်းက နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေကြားမှာ ဒီဥပဒေကို ထုတ်ပြန်ခြင်းအပေါ် တင်းကျပ်မှုတစ်ခုအဖြစ် ရှုမြင်မှုတွေရှိသလို ပိုပြီး စနစ်ကျတဲ့ နိုင်ငံကူးလက်မှတ်ပေါ် ပေါက်လာမယ်ဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။

အထူးသဖြင့် ပြည်ပထွက်ခွာလိုသူတွေနဲ့ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်လိုသူတွေအတွက် အကျိုးအပြစ်တွေရှိလာနိုင်တယ်လို့ နည်းပညာလွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူတချို့က ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကကျင့်သုံးခဲ့တဲ့ ၁၉၂၀ ပတ်စ်ပို့အက်ဥပဒေဟောင်းကို အပြီးတိုင်ဖျက်သိမ်းပြီး မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ (Passport) ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်တာပါ။

ဥပဒေသစ်အရ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ လျှောက်ထားမှုဆိုင်ရာကန့်သတ် ချက်များ၊ တားမြစ်ချက်များ အပါအဝင် ထောင်ဒဏ်၊ ငွေဒဏ်တွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေဟာ ကိုယ်ရေးအချက်အလက်တွေကို မှန်ကန်စွာ တင်ပြရမှာဖြစ်တဲ့အပြင် ဥပဒေသစ်အရ ကိုယ်ပိုင်သက်သေခံအမှတ် (Unique ID - UID) ကို မဖြစ်မနေ တင်ပြရမယ်လို့ဆိုပါတယ်။

ဒီဥပဒေသစ်ရဲ့ ပုဒ်မ ၂၉ အရ နိုင်ငံရေးဆိုင်ရာပြစ်မှုနဲ့ တရားစွဲခံရသူတွေနဲ့ ပြန်လည်လွတ်မြောက်လာသူတွေအပေါ် ကန့်သတ်ထားတဲ့ အချက်တွေပါဝင်နေပါတယ်။ ကန့်သတ်ခံရနိုင်တဲ့သူတွေထဲမှာ...

  • နိုင်ငံသားအဖြစ်ရပ်စဲခံရသူတွေ
  • ပြစ်ဒဏ် ကျခံနေရသူတွေ
  • နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်တယ်လို့ ယူဆခံရသူတွေ
  • ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) ကြွေးကျန်ပြစ်ဒဏ်နဲ့ လွတ်ငြိမ်းခွင့်ရထားသူတွေ

ကန့်သတ်ခံရနိုင်သူတွေကို ပြည်ထဲရေး ဒုဝန်ကြီးဦး‌ဆောင်မယ့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ပတ်စ်ပို့ထုတ်ပေးခွင့် ငြင်းပယ်နိုင်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။

ပုဒ်မ ၄၀၁ အရ လွတ်ငြိမ်းခွင့်ရသူတွေဟာ ပြစ်ဒဏ်ကြွေးကျန်ကာလမပြီးမချင်း ပတ်စ်ပို့အသစ် လုပ်ခွင့်မရှိသလို ရှိပြီးသားပတ်စ်ပို့နဲ့ ပြည်ပထွက်ရင်လည်း လေဆိပ်မှာချက်ချင်းသိမ်းဆည်းပယ်ဖျက်နိုင်အောင် ပြဋ္ဌာန်းထားတာလို့ ဥပဒေပညာရှင် ဒေါက်တာဖိုးဖြူက သုံးသပ်ပါတယ်။

ဒါ့အပြင် ပြစ်မှုတစ်ခုခုနဲ့ အရေးယူခံရပြီး တရားရုံးနဲ့ သက်ဆိုင်ရာဌာနက စာအုပ်ထုတ်မပေးဖို့ တင်ပြခံထားရသူတွေလည်း ပတ်စ်ပို့ လုပ်ခွင့်မရနိုင်တဲ့ စာရင်းထဲမှာ ပါဝင်မှာဖြစ်ပါတယ်။

''အဲဒီအချက်က တရားရုံးမှာ အမှုရင်မဆိုင်ဘဲ ဝရမ်းပြေးအဖြစ် သတ်မှတ်ခံထားရသူတွေကို ရည်ရွယ်တာ'' လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ရှင်းပြပါတယ်။

ဒီလို ကန့်သတ်ချက်တွေက နိုင်ငံသားတယောက်ရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ဥပဒေဆိုတဲ့ စကားရပ်နဲ့ ပိတ်ပင်လိုက်တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ရှုမြင်ပါတယ်။

''ဒါဟာ နိုင်ငံ‌ရေးအကျဉ်းသားတွေ၊ နိုင်ငံ‌ရေးမှာပါဝင်သူတွေကို နိုင်ငံရပ်ခြားမထွက်နိုင်အောင် စနစ်တကျပြင်ဆင်လိုက်တဲ့ လုပ်ရပ်လို့ပြောလိုပါတယ်။ အခုလို စာတွေထုတ်လိုက်ခြင်းအားဖြင့် လွတ်မြောက်လာတဲ့ နိုင်ကျဉ်းတွေ ရရှိသင့်တဲ့ နိုင်ငံသားအခွင့်အရေးတွေ လွတ်လပ်စွာသွားလာခွင့်တွေ ရရှိဖို့အတွက် တားမြစ်ခွင့်ရှိတယ်ဆိုတဲ့ ပုံစံမျိုး လုပ်ဆောင်လိုက်တယ်လို့ မြင်တယ်'' လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ဥပဒေထဲမှာ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် ‌လျှောက်ထားလာတဲ့သူတွေကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က သတ်မှတ်ချက်တွေနဲ့ ညီ၊ မညီ စစ်ဆေးပြီး ထုတ်ပေးဖို့ သင့်၊ မသင့် သက်ဆိုင်ရာကို အကြောင်းကြားရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

တဖက်မှာတော့ ပတ်စ်ပို့လျှောက်ထားလို့ ငြင်းပယ်ခံရသူ ဒါမှမဟုတ် ပတ်စ်ပို့ ဖျက်သိမ်းခြင်းခံရသူတွေဟာ ရက်ပေါင်း ၆၀ အတွင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ အယူခံဝင်ရောက်နိုင်တယ်လို့ ဆိုထားပါတယ်။

ဥပဒေသစ်အရ ကန့်သတ်ချက်တွေနဲ့ ငြိစွန်းသူအဖြစ် သတ်မှတ်ခံရသူကို ပတ်စ်ပို့ ထုတ်ပေးရေးအဖွဲ့က ငြင်းပယ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

'' ငြင်းပယ်နိုင်တယ်လို့ ပြောတော့ စစချင်းလျှောက်ထားလို့ရတယ်။ တကယ်လို့ တစုံတရာဖြစ်ရင် သက်ဆိုင်ရာကို စာတင်ပြီး ပြန်မေးရမယ်ဆိုတဲ့ သဘောမှာရှိတယ်။ သူက ချည်ပြီးတုပ်ပြီး ဖြစ်သွားတာပေါ့။ ဥပမာ ဥပဒေမှာ ထုတ်မပေးဘူးဆိုတဲ့ဟာကို မရေးထားဘူး။ လျှောက်ထားလို့ မရဘူးမပြောဘူး၊ ငြင်းပယ်နိုင်တယ်လို့ ပြောတာ။ သူက ထုတ်ပေးရင်ပေးမယ် မထုတ်ပေးတာလည်းဖြစ်မယ်။'' လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ရှင်းပြပါတယ်။

ပတ်စ်ပို့ကို လိမ်လည်ပြီးလျှောက်တာအပါအဝင် မမှန်မကန်ထုတ်ပေးတာတွေကို ထောင်ဒဏ် ၃ လ ကနေ ၅ နှစ်အထိအပြင် ငွေဒဏ်ပါချနိုင်ကြောင်းလည်း ဥပဒေမှာ ထည့်သွင်းထားပါတယ်။

နိုင်ငံကူးလက်မှတ်ကို အခြားသူတစ်ဦးထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း ဒါမှမဟုတ် အပေါင်ပစ္စည်းအဖြစ် အသုံးပြုခြင်းတွေကို ပြုလုပ်ရင် အနည်းဆုံး ထောင်ဒဏ် ၁ နှစ် ကနေ အများဆုံး ၃ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ၃ သိန်း ကနေ ၅ သိန်းအထိ ဖြစ်စေ ချမှတ်နိုင်သလို ပြစ်ဒဏ်နှစ်ရပ်လုံးလည်း ကျခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံကူးလက်မှတ်ကို အတုပြုလုပ်တာ ဒါမှမဟုတ် အတုမှန်းသိလျက် အသုံးပြုတာတွေအတွက် ထောင်ဒဏ် ၆ လ ကနေ ၅ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ၁၀ သိန်းကျပ်အထိဖြစ်စေ ချမှတ်နိုင်တယ်လို့ဆိုပါတယ်။

ပုံမှန်အားဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းကို ၅ နှစ် သတ်မှတ်ထားပြီး သက်တမ်းကုန်ဆုံးဖို့ ၆ လအလိုမှာ အသစ်လဲလှယ် လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးပါက သတင်းစာမှာ ကြေညာပြီး ၆ လပြည့်မှသာ အသစ်ပြန်လည် လျှောက်ထားခွင့်ရှိမယ်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

ပြည်ပရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ ပတ်စ်ပို့သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း စတာတွေကို သက်ဆိုင်ရာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာဆောင်ရွက်နိုင်ပြီး သတ်မှတ်ချက်မပြည့်မီပါက ငြင်းပယ်နိုင်ကြောင်းလည်း ထည့်သွင်းထားပါတယ်။

အိမ်နီးချင်းထိုင်းအပါအဝင် နိုင်ငံတကာမှာအသုံးပြုနေကြတဲ့ E Passport လို့ခေါ်တဲ့ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်စနစ်ကို ကျင့်သုံးမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်ကို ကမ္ဘာတဝန်းက နိုင်ငံအတော်အများမှာ ကျင့်သုံးနေပြီး နိုင်ငံပြင်ပထွက်ခွာတဲ့အခါ လူဝင်မှုကြီးကြပ်ရေးကောင်တာတွေမှာ ဇီဝအချက်အလက်တွေပေးတာ၊ နိုင်ငံကူးလက်မှတ်စာအုပ်ပေးရတာတွေမလိုဘဲ အီလက်ထရောနစ်ကောင်တာတွေကနေ ဖြတ်သန်းသွားလို့ရပါတယ်။

E- Passport မှာ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေပါတဲ့ ချပ်စ်ပြားထည့်သွင်းထားတဲ့ စနစ်ဖြစ်လို့ လေဆိပ်တွေရဲ့ လူဝင်မှုကြီးကြပ်ရေး စိစစ်မှုတွေမှာတော့ ပိုမြန်ဆန်နိုင်တဲ့ အားသာချက်ရှိတယ်လို့ ဆိုပါတယ်။

အီလက်ထရောနစ်စနစ်ကို အသုံးပြုမယ်ဆိုတဲ့အချက်နဲ့အတူ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ချပ်စ်ပြားမှာ ထည့်သွင်းပြီး မူလနိုင်ငံကူးလက်မှတ်ကို လုံခြုံရေး အဆင့်မြှင့်သွားမယ့်သဘောလို့ နားလည်ရပါတယ်။

အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်လျှောက်ထားမယ်ဆိုရင် မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်နဲ့ မိတ္တူကို ပူးတွဲလျှောက်ထားရမှာဖြစ်ပြီး မူလနိုင်ငံကူးလက်မှတ်စာအုပ်ကို ပြန်အပ်ရမှာဖြစ်ပါတယ်။

မြန်မာအဖွဲ့ဝင်ဖြစ်တဲ့အာဆီယံနိုင်ငံအများစုမှာ နိုင်ငံကူးလက်မှတ်တွေကို အီလက်ထရောနစ် ချစ်ပ်ပြားတွေ တပ်ဆင်အသုံးပြုနေကြပြီဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ဒါကိုခြေလှမ်းပြင်လာတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဥပဒေသစ်မှာ ကောင်းကျိုးဆိုးပြစ်တွေရှိနေတယ်လို့ ဒစ်ဂျစ်တယ်အခွင့်အရေးနဲ့ လုံခြုံရေးစောင့်ကြည့်သူတွေက ထောက်ပြပါတယ်။ ရာဇဝတ်မှုတခုခု ကျူးလွန်ထားတာမျိုးနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို နှောင့်ယှက် ဖျက်ဆီးနိုင်တယ်လို့ယူဆရင် အလွယ်တကူပိတ်သိမ်းလို့ရသလို အလွယ်တကူ ဖမ်းဆီးတာမျိုးအထိ လုပ်လို့ရတယ်လို့ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ဒီအချက်အပေါ်မှာပဲ နိုင်ငံရေးလှုပ်ရှားသူတွေကို ရာဇဝတ်သားသဖွယ်ပုံဖော်ပြီး အလွယ်တကူဖမ်းဆီးနိုင်တာ ပတ်စ်ပို့ပိတ်သိမ်းတာတွေကို လုပ်နိုင်တယ်လို့ ကောက်ချက်ချကြပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)နဲ့ပတ်သက်ပြီး ထိန်းချုပ်တင်းကျပ်ထားတဲ့ စစ်တပ်ဟာ အခု ဥပဒေသစ်နဲ့ နိုင်ငံကူးလက်မှတ် အသုံးပြုတာနဲ့ဆက်နွှယ်တဲ့ပြစ်ဒဏ်တွေကိုလည်း တိုးမြှင့်လိုက်တာလို့ လူ့အခွင့်အရေးလှုပ်ရှားသူတချို့က ယူဆပါတယ်။

စစ်ကော်မရှင်က ဒစ်ဂျစ်တယ်စောင့်ကြည့်မှုကို အဆင့်မြှင့်တင်လိုက်တာဖြစ်ပြီး အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်ကိုင်ထားသူက ဘယ်နိုင်ငံ၊ ဘယ်နေရာမှာ ရောက်ရှိနေတာလည်း ဆိုတဲ့အဆင့်ထိ သိနိုင်တယ်လို့ ဒီဥပဒေကို လေ့လာထားတဲ့ မြန်မာအင်တာနက်ပရောဂျက်၊ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က ပြောပါတယ်။

"နိုင်ငံကူးလက်မှတ်က ပိုပြီး Upgrade(အဆင့်မြှင့်)ဖြစ်သွားတယ်၊ ပတ်စ်ပို့အတုလုပ်ခံရတာတို့၊ ပျောက်သွားတာတို့ဘာတို့မှာတော့ အကျိုးကျေးဇူးရှိတယ်။ ဒါပေမဲ့ ဒီပတ်စ်ပို့က E-passport ဖြစ်တဲ့အတွက် တရားမဝင်တော့ပါဘူးဆိုပြီး ဖျက်သိမ်းတာတွေ လုပ်နိုင်တယ်''

''တစ်ဖက်မှာလည်း လူထုရဲ့အခွင့်အရေးကို အကာအကွယ်ပေးထားတဲ့ ဥပဒေမရှိဘူး။ အခု ဥပဒေကို ကြည့်လိုက်ရင်လည်း ဥပဒေကို လိုရာဆွဲသုံးပြီး လူထုကို ဖိနှိပ်လို့ရတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ တွေ့ရတယ်။ ဒီဥပဒေပြဋ္ဌာန်းတဲ့ သူတွေကလည်း ယုံကြည်စရာမရှိဘူး။ ဒါကစိတ်ပူစရာကောင်းတယ်။" လို့ ကိုသစ်ဉာဏ်က ပြောပါတယ်။