ထိုင်း-မြန်မာနယ်စပ်ဂိတ်၊ မြဝတီမှာ ကုန်သွယ်ရေးပြန်စဖို့ ပြင်ဆင်မှုတွေရှိနေ

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ အာရှလမ်းနဲ့ အမှတ် ၂ တံတားပြန်ဖွင့်တော့မယ်ဆိုတဲ့သတင်းထွက်ပေါ်မှုနဲ့ အတူ ကုန်သွယ်ရေးဇုန်မှာ ပြင်ဆင်မှုတွေရှိတဲ့သတင်းအပါအဝင် မတ်လ ၂၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဒီနေ့ မနက်အစောပိုင်း ရန်ကုန်နဲ့ မန္တလေးစက်မှုဇုန်တွေမှာ မီးလောင်၊ ပျက်စီးဆုံးရှုံးမှုရှိ
  • အာရှလမ်းကို မတ်နဲ့ ဧပြီလဆန်းပိုင်းမှာ ဖွင့်လာနိုင်ခြေရှိတာကို သိထားရကြောင်း နယ်စပ်ကုန်သွယ်ရေးသမားတချို့ ပြော၊ နယ်စပ်ဂိတ်မှာ ရုံးပိုင်းပြင်ဆင်နေ
  • ရန်ကုန်၊ တာမွေမြို့နယ်ထဲက ဟိုတယ်တစ်ခုပေါ်ကနေ အသက် ၃၀ ကျော်အရွယ် အမျိူးသမီး တစ်ဦး ပြုတ်ကျတဲ့အနေအထားနဲ့ သေဆုံးမှုဖြစ်ခဲ့
  • တမူးဒေသအခြေစိုက်တပ်တစ်ခုဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA က NUG ကာကွယ်ရေးဝန်ကြီးဌာန PDF တပ်ရင်းအဖြစ် ကူးပြောင်းလာတယ်လို့ NUGထုတ်ပြန်
  • တရားဝင်ခရီးသွားအထောက်အထားတွေ မရှိဘဲ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ကနေ မြန်မာဘက်ကူးဖို့ ကြိုးစားတဲ့ အသက် ၅၈ နှစ်အရွယ် ဆလိုဗေးကီးယားနိုင်ငံသား ဖမ်းဆီးခံရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ် ၂၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အမေရိကန်- အီရန်အရေး နောက်ဆုံးရသတင်းများစုစည်းချက်

    အမေရိကန်သမ္မတထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး (ပုံဟောင်း)

    အိမ်ဖြူတော် ပြန်ကြားရေးဆိုင်ရာ ညွှန်ကြားရေးမှူး ကယ်ရိုလိုင်းလက်ဗစ် ကသမ္မတထရမ့်ဟာ အီရန်နဲ့ “အကျိုးရှိတဲ့ ပြောဆိုမှုတွေ” ရှိခဲ့တယ်လို့ သတင်းထောက်တွေကို‌ ပြောခဲ့ပါတယ်။

    အီရန်နိုင်ငံခြာရေးဝန်ကြီး အာဘက်စ် အာရာချီ ကတော့ နိုင်ငံပိုင်ရုပ်သံသတင်းဌာန‌ကနေ “အမေရိကန်ဟာ မတူညီတဲ့ ကြားခံချန်နယ် တွေကနေ သတင်းစကားအမျိုးမျိုး ပေးပို့နေတာ ရက်တော်တော်ကြာပါပြီ”လို့ တုံ့ပြန်လာပါတယ်။

    ဒီသတင်းစကားတွေဟာ “အီရန်ရဲ့ မိတ်ဆွေနိုင်ငံတွေက တဆင့်ပေးပို့ခဲ့တာ” ဖြစ်တယ်လို့ ပြောပါတယ်။ အီရန်ဘက်က သူတို့ရဲ့ “ရပ်တည်ချက်၊ သတိပေးချက်” တွေကို ပြန်ပြီးသတင်းစကားပါးတုံ့ပြန်ခဲ့တာပါလို့ဆိုပါတယ်။

    မတ် ၂၆ ရက် အမေရိကန်- အီရန်အရေး နောက်ဆုံးအခြေအနေသတင်းတွေကို ဒီလင့်ခ်မှာ တစ်စုတစည်းတည်း တိုက်ရိုက်တင်ဆက်‌ပေးနေပါတယ်။

  3. နေပြည်တော်မှာ စစ်ကော်မရှင်ဝန်ကြီးတချို့ နေအိမ်တွေစတင်ပြောင်းရွှေ့နေကြ

    နေပြည်တော်မြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော်မြင်ကွင်း (ပုံဟောင်း)

    ပြီးခဲ့တဲ့ အင်္ဂါနေ့ကစလို့ စစ်ကော်မရှင်ရဲ့ ဝန်ကြီးတချို့ လက်ရှိနေထိုင်နေကြတဲ့ နေအိမ်တွေကနေ စတင်ပြောင်းရွှေ့နေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။

    "လက်ရှိ ဝန်ကြီး၊ ဒုဝန်ကြီးတွေထဲက လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားသူတွေ၊ အဲဒီကမှ လွှတ်တော်ရေးရာကော်မတီတွေမှာ ပါဝင်တဲ့သူတွေကတော့အစိုးရအဖွဲ့ထဲမပါတော့ဘူး။ လွှတ်တော်အမြဲတမ်းကော်မတီတွေကလည်းအလုပ်အရမ်းများတာကိုး။ အစိုးရအဖွဲ့ထဲ ပြန်မပါသူတွေ မနေ့ကအပြီး နေအိမ်တွေရွှေ့တယ်။ လက်ရှိအစိုးရကနေ ပြန်ပါမယ့်သူတချို့လည်း သင့်တော်တဲ့နေအိမ်တွေ ပြန်ရွှေ့တာတွေရှိတယ်" လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

    တချို့ အစိုးရအဖွဲ့ဝင်အဖြစ်လျာထားခံရသူတွေလည်း နေထိုင်ရမယ့်နေအိမ်တွေကိုကြည့်ရှုတာတွေရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    “ရွှေ့တာတော့ ငါးရက် လောက်ရှိပြီ။ ဝန်ကြီးပြန်မဖြစ်သူတချို့ဆို ဌာနတွင်းနှုတ်ဆက်ပွဲလုပ်ပြီးပြီ” လို့ နေပြည်တော် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    လက်ရှိ စစ်ကော်မရှင်မှာ ဝန်ကြီးဌာန ၃၂ ခု ပြန်လည်ဖွဲ့စည်းထားပြီး မကြာခင် ဖွဲ့စည်းမယ့် အစိုးရသစ်မှာလည်း ဒီအရေအတွက်တိုင်းထားရှိမယ်လို့ သိရှိရပါတယ်။

    ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်၊ စစ်ကော်မရှင် ဝန်ကြီးတချို့လည်း အစိုးရအဖွဲ့သစ်မှာ ပြန်လည်ပါဝင်နိုင်တယ်လို့ သိရပါတယ်။

    လက်ရှိ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ နဲ့ လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနဲ့လူငယ်ရေးရာဝန်ကြီး ဦးဂျာဖန်းနော်တောင်က အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌနဲ့လွှတ်တော်အခွင့်အရေးကော်မတီဒုဥက္ကဋ္ဌ၊ လက်ရှိ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်သူ့လွှတ်တော် အစိုးရရဲ့အာမခံချက်များ၊ ကတိကဝတ် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ၊ စီးပွားကူးသန်းဝန်ကြီး ဦးချစ်ဆွေတို့က အမျိုးသားလွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌတွေဖြစ်လာတာကြောင့် သူတို့ကတော့ အစိုးရအဖွဲ့သစ်မှာ ပြန်လည်ပါဝင်မှာမဟုတ်ဘဲလွှတ်တော်တာဝန်တွေကိုပဲအဓိက ယူသွားကြဖို့ရှိနေပါတယ်။

  4. အိန္ဒိယဘက်ကနေ မြန်မာဘက်သွားမယ့် ဆလိုဗားကီးယားနိုင်ငံသားတစ်ဦးကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီး

    အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်စည်းရိုးနားမှာတွေ့ရတဲ့ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်စည်းရိုးနားမှာတွေ့ရတဲ့ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ

    အိန္ဒိယနယ်စပ်ကနေ မြန်မာဘက်ခြမ်းကိုကူးခဲ့တဲ့ နိုင်ငံခြားသား ၇ ဦးကို မကြာသေးခင်ကမှ ဖမ်းဆီးခဲ့တဲ့ အိန္ဒိယမှာ မြန်မာဘက်သွားဖို့ ပြင်တဲ့ ဆလိုဗေးကီးယားနိုင်ငံသားတစ်ဦးကို မတ် ၂၄ ရက်က ထပ်မံ ဖမ်းဆီးလိုက်တယ်လို့ အာသံသတင်းဌာနက‌ဖော်ပြပါတယ်။

    အသက် ၅၈ နှစ်အရွယ် ဆလိုဗေးကီးယားနိုင်ငံသားဟာ တရားဝင်ခရီးသွားအထောက်အထားတွေ မရှိဘဲ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ကနေ မြန်မာဘက်ကူးဖို့ ကြိုးစားတာကြောင့် ဖမ်းဆီးခံရတာလို့ ဆိုင်ယာဟာရဲတပ်ဖွဲ့အရာရှိရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမှာ ဆိုထားပါတယ်။

    ဒီနိုင်ငံခြားသားကို နယ်စပ်တကြောမှာ တပ်ဖြန့်ထားတဲ့ အာသံရိုင်ဖယ်အဖွဲ့က ဖမ်းဆီးပြီး ခရိုင်ရဲတပ်ဖွဲ့ကို လွှဲပို့လာတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

    သူက မြန်မာမှာ သင်္ကြန်ပွဲသွားကျမှာဖြစ်တယ်လို့ ဖြေဆိုထားပေမဲ့ သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အိန္ဒိယဘက်က စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ကပြောပါတယ်။

    မတ် ၁၃ ရက်တုန်းကလည်း ယူကရိန်းနဲ့ အမေရိကန်နိုင်ငံသား အပါ စုစုပေါင်း ၇ ဦးကို ကန့်သတ်နယ်မြေကို ဝင်ရောက်ခွင့်လက်မှတ်မပါဘဲ မီဇိုရမ်ထဲဝင်ရောက်လို့ဆိုပြီး အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။

    သူတို့ ၇ ဦးဟာ အိန္ဒိယကတဆင့် ဥရောပဒရုန်းတွေကို မြန်မာဘက်ကိုသယ်ဆောင်မှုနဲ့ အကြမ်းဖက် လုပ်ငန်းလုပ်ဆောင်ရန်ကြံစည်မှုဆိုတဲ့စွဲချက်တွေနဲ့ လေဆိပ်မှာ ဖမ်းခံလိုက်ရတာပါ။

    ဒီနိုင်ငံခြားသားတွေက မြန်မာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်လို့ အိန္ဒိယဘက်ကသတင်းတွေဖော်ပြတာထားတဲ့အပေါ်မှာတော့ ချင်းအမျိုးသားအဖွဲ့အစည်း CNO/CNDF၊ ချင်းအမျိုးသားတပ်ဦး CNF/CNA တို့ကတော့ ငြင်းဆိုထားပါတယ်။

  5. ငလျင်ကြီးတစ်နှစ်-ဘန်ကောက်ပြိုကျအဆောက်အဦက မြန်မာလုပ်သားတွေ ဘာဆက်ဖြစ်နေလဲ

    မြန်မာလုပ်သားတွေသေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က ၃၄ ထပ်ပြိုကျ အဆောက်အဦ ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာလုပ်သားတွေသေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က ၃၄ ထပ်ပြိုကျ အဆောက်အဦ (ပုံဟောင်း)

    ၂၀၂၅ မတ် ၂၈ ရက်က မြန်မာငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ဒဏ်ကို အိမ်နီးချင်းနိုင်ငံတွေလည်း ခံစားခဲ့ရပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာတော့ ၃၄ ထပ်ရှိတဲ့ ဆောက်လက်စအဆောက်အဦတစ်ခု အလုံးလိုက် ပြိုကျခဲ့ပါတယ်။

    အဲဒီလုပ်ငန်းခွင်မှာ မြန်မာရွှေ့ပြောင်းဆောက်လုပ်ရေးအလုပ်သမားတွေ အလုပ်လုပ်နေခဲ့ကြပြီး နေရာမှာတင် အသက်ပေးခဲ့ရသူတွေရော အသက်ဘေးကလွတ်လာသူတွေရော ဆယ်နဲ့ချီ ရှိပါတယ်။

    အဲဒီအဆောက်အဦ ပြိုကျမှုကနေ လွတ်ခဲ့တဲ့ မြန်မာအလုပ်သမားတချို့ဟာ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံရဲ့ တခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြဆဲပါ။

    အရင်နဲ့မတူတော့တာက ကျယ်လောင်တုန်ဟီးတဲ့အသံကြားရင် ထိတ်လန့်စိတ်ဖြစ်နေကြသလို အမြင့်တက်ဖို့ စိုးရိမ်စိတ်တွေလည်း ပိုကဲလာပါတယ်။

    "အသက်ဘေးကနေ လွတ်အောင်ပြေးခဲ့ရတော့ အခုလောက်ဆို နည်းနည်း အသံကြားတာနဲ့ ပြေးဖို့ လွှားဖို့ကိုပဲ သတိရတာပေါ့။ အထပ်မြင့်ကြီးတွေကို အခုချိန်ထိ မတက်ရဲသေးဘူး၊ ဒါအမှန်အတိုင်းပဲ" လို့ ငလျင်‌ဘေးက လွတ်ခဲ့သူ မြန်မာလုပ်သားကိုလှဝင်းနိုင်က ပြောပါတယ်။

    ဘီဘီစီက ဘန်ကောက်မြို့မှာရှိနေတဲ့ အသက်ဘေးကလွတ်ခဲ့တဲ့မြန်မာလုပ်သားတွေ၊ မိသားစုဝင်ကို ဆုံးရှုံးခဲ့တဲ့ မြန်မာလုပ်သားတွေနဲ့ တွေ့ဆုံပြီး တစ်နှစ်ကာလသူတို့ရဲ့ ဘဝအပြောင်းအလဲတွေနဲ့ စိတ်ဒဏ်ရာတွေကိုကုစားနေကြရတဲ့အခြေအနေကို ဘီဘီစီသတင်းထောက်ကတွေ့ဆုံစကားပြော စုစည်းထားတဲ့ အထူးဆောင်းပါးမှာ ဖတ်နိုင်ပါပြီ။

  6. တမူးအခြေစိုက်တပ် NLA တပ်ဖွဲ့ NUG ကွပ်ကဲမှုအောက်ရောက်

    အမျိုးသားလွတ်မြောက်ရေးတပ်တော် NLAက PDF တပ်ရင်းအဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုခံယူတဲ့ အခမ်းအနား

    ဓာတ်ပုံ ရင်းမြစ်, NUG MOD

    ဓာတ်ပုံ ပုံစာ, အမျိုးသားလွတ်မြောက်ရေးတပ်တော် NLAက PDF တပ်ရင်းအဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုခံယူတဲ့ အခမ်းအနား

    စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက်တပ်တစ်ခုဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန PDF တပ်ရင်းအဖြစ် ကူးပြောင်းလာ တယ်လို့ NUG က မတ် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

    ဒီတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုဇီးကွက်အပါအဝင် တပ်ဖွဲ့ဝင်တချို့ ကို ဒီ မတ် ၆ ရက်တုန်းက NUG/PDF ဂိတ်တစ်ခုမှာ ဖမ်းဆီးခံရခဲ့ဖူးပါတယ်။ အမှတ် ၁ စစ်ဒေသညွှန်ကြားချက်အရဆိုကာ ဖမ်းဆီးခံခဲ့ရတယ်လို့ NLA က အဖွဲ့ဝင်အဖြစ် ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု - SRA ဘက်က မတ်လဆန်းက ထုတ်ပြောထားပါတယ်။

    "ကွပ်ကဲမှုဆိုင်ရာကိစ္စတွေအတွက် ခေါ်ယူဆွေးနွေးတဲ့ သဘောပဲဖြစ်ပါတယ်။ အခု အားလုံး အဆင်ပြေပြေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြတဲ့အတွက် အခုလို ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ကွပ်ကဲမှုကို ခံယူပြီး တော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ အခြေအနေကို ရောက်ရှိခဲ့တာဖြစ်ပါတယ်" လို့ NUG ဝန်ကြီးချုပ်ရုံး ‌ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဘီဘီစီကိုပြောပါတယ်။

    ဒီဖမ်းဆီးမှုဖြစ်ခဲ့ပြီးနောက် မတ်လနှောင်ပိုင်းမှာပဲ NLA တပ်ဟာ PDF တပ်ရင်းအဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုကို မတ် ၂၀ ရက်မှာ ခံယူတယ်လို့ အခမ်းအနားဓာတ်ပုံနဲ့ တကွအခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

    ကွပ်ကဲမှုခံယူတဲ့ အခမ်းအနားကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးဒေါက်တာဇော်ဝေ စိုးတက်ရောက်ပြီး NLA တပ်ဖွဲ့ဝင်တွေကို ဘတ်တံဆိပ် တပ်ဆင်ပေးတာတွေ့ရပါတယ်။

    အမှတ် ၁ စစ်ဒေသကွပ်ကွဲမှုအောက်ကို ကူးပြောင်းသွားတဲ့နောက် NLA တပ်အနေနဲ့ SRA အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ပြီး ပူးပေါင်းတာလား ဒါမှမဟုတ် ခွဲထွက်ပူး‌ပေါင်းမှုတွေရှိတာလားဆိုတာကို သိရဖို့ SRA ပြောရေးဆိုခွင့်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

  7. ဘီဘီစီညွှန်ချုပ်သစ်အဖြစ် ဂူဂဲလ်အမှုဆောင်အရာရှိဟောင်း မက်ထ်ဘရစ်တင်ကိုခန့်

    ဂူဂဲလ်ကုမ္ပဏီက အမှုဆောင်အရာရှိဟောင်းမက်ထ် ဘရစ်တင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဂူဂဲလ်ကုမ္ပဏီက အမှုဆောင်အရာရှိဟောင်းမက်ထ် ဘရစ်တင်

    ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ် ဂူဂဲလ်ကုမ္ပဏီက အမှုဆောင်အရာရှိဟောင်းမက်ထ် ဘရစ်တင်ကို ခန့်အပ်ကြောင်း ဘီဘီစီဘုတ်အဖွဲ့က ကြေညာလိုက်ပါတယ်။

    မက်ထ် ဘရစ်တင်ဟာ ဂူဂဲလ်ရဲ့ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဆိုင်ရာ လုပ်ငန်းဥက္ကဋ္ဌဟောင်းဖြစ်ပြီး နုတ်ထွက်တော့မယ့် ဘီဘီစီညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီးနေရာကို ဆက်ခံမှာပါ။

    အသက် ၅၇ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာဘရစ်တင် ကတော့ အခွင့်အလမ်းသစ်တွေ၊ စွန့်စားမှုတွေကို စပြီး အလုပ်လုပ်ဖို့ အသင့်ရှိနေပါပြီလို့ ဆိုပါတယ်။

    ဘီဘီစီညွှန်ချုပ်သစ် ဖြစ်လာမယ့်သူအကြောင်း ဒီဆောင်းပါးလင်ခ့် မှာဖတ်နိုင်ပါတယ်။

  8. ရန်ကုန်၊ တာမွေရှိ ဟိုတယ်တစ်ခုပေါ်ကနေ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး

    မတ် ၂၆ ရက်၊ ရန်ကုန်အကြည်တော်ဟိုတယ်ကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျအပြီး ပတ်ဝန်းကျင်မှာ မြင်ရတဲ့အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတ် ၂၆ ရက်၊ ရန်ကုန်အကြည်တော်ဟိုတယ်ကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျအပြီး ပတ်ဝန်းကျင်မှာ မြင်ရတဲ့အခြေအနေ

    ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲက အကြည်တော်ဟိုတယ်ပေါ်ကနေ မတ် ၂၆ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ အသက် ၃၀ ကျော်အရွယ် အမျိူးသမီးတစ်ဦးပြုတ်ကျသေဆုံးခဲ့တယ်လို့ တာမွေမြို့နယ်အခြေစိုက်လူမှုကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးသူဟာ လားရှိုးမြို့က အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဖြစ်တယ်လို့ သူက ပြောပါတယ်။ ဟိုတယ်ပေါ်က ပြုတ်ကျသူရဲ့ မိသားစုနဲ့တော့ အဆက်အသွယ်မရသေးဘူးလို့ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

    လက်ရှိမှာ ရဲမှတ်တမ်း၊ဆေးမှတ်တမ်းနဲ့ မှုခင်းစစ်ဆေးချက်‌‌တွေကို သိရတာမရှိသေးလို့ ပြုတ်ကျတဲ့ပုံစံနဲ့ သေဆုံးခဲ့တယ်ဆိုတာနဲ့ပတ်သက်တဲ့ အသေးစိတ်တိကျတဲ့အချက်အလက်တွေကို သီးခြားအတည်ပြုနိုင်တာမရှိ‌သေးပါဘူး။

    “ဟိုတယ်မှာတစ်ယောက်တည်းလာတည်းတာ။ ၇ လွှာကနေ ပြုတ်ကျတာဆိုတော့ ထိခိုက်တာ အတော်ပြင်းလို့ နေရာမှာပဲဆုံးသွားပြီ” လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူကပြောပါတယ်။

    သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ သင်္ဃန်းကျွန်းစံပြဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါ တယ်။ မျက်မြင်တွေ့ခဲ့သူတစ်ဦးကလည်း” ဟိုတယ်ဘေး‌ပေါက်က ကျလာပြီး ၅ မိနစ်လောက် မှာဆုံးသွားတာ” လို့ ပြောပါတယ်။

  9. စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို တော်လှန်ရေးဘက်ကဘယ်လိုတန်ပြန်မလဲ

    PDF တပ်ဖွဲ့ဝင်တစ်ဦး(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, PDF တပ်ဖွဲ့ဝင်တစ်ဦး(ပုံဟောင်း)

    မန္တလေးတိုင်းထဲက စိုးမိုးနယ်မြေတွေကို တော်လှန်ရေးတပ်တွေ လက်လွှတ်ရချိန်မှာ အဲဒီ "ဆင့်ကဲ စည်းရုံးရေးနည်းဗျူဟာ" ကို စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်သုံးလာတယ်လို့ တော်လှန်ရေးအင်အားစုတချို့က ပြောပါတယ်။

    ၂၀၂၅ နှစ်လယ်ပိုင်းကစပြီး မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူး၊ တကောင်းမြို့တွေကို စစ်တပ်က ပြန်လည်ရယူချိန်မှာ တပြိုင်နက်လိုလို အလားတူစိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဆက်တိုက်လုပ်လာတဲ့ စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေးဗျူဟာနဲ့ ပြည်သူ့ကာကွယ်ရေး - PDF တပ်တွေအချိန်မီစုဖွဲ့စည်းရုံးတန်ပြန်မှုကို စစ်ရေးအကဲခတ်၊ တော်လှန်ရေးထဲပါဝင်နေသူတွေနဲ့ အချက်အလက်တွေအခြေပြု သုံးသပ်ချက်တွေကို ဒီဆောင်းပါး မှာဖတ်ရှုနိုင်ပါပြီ။

  10. ထိုင်း-မြန်မာနယ်စပ်ဂိတ်၊ မြဝတီမှာ ကုန်သွယ်ရေးပြန်စဖို့ ပြင်ဆင်မှုတွေရှိနေ

    ၂၀၂၄ ခုနှစ်အတွင်းတွေ့ရတဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားရှိရာ နယ်စပ်ဂိတ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်အတွင်းတွေ့ရတဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားရှိရာ နယ်စပ်ဂိတ်

    ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ အာရှလမ်းနဲ့ အမှတ် ၂ တံတားပြန်ဖွင့်တော့မယ်ဆိုတဲ့သတင်းထွက်ပေါ်မှုနဲ့ အတူ ကုန်သွယ်ရေးဇုန်မှာ ပြင်ဆင်မှုတွေရှိတယ်လို့ ကုန်သည်အသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

    အာရှလမ်းကို မတ်နဲ့ ဧပြီလဆန်းပိုင်းမှာ ဖွင့်လာနိုင်ခြေရှိတာကို သိထားရကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

    “ ဒီရက်ပိုင်းအတွင်း ဂိတ် ၂ ဘက်မှာ ရုံးပိုင်းတွေလာပြင်နေတာရှိတယ်။ ကုန်သည်တွေလည်း တံတားပိတ်ကတည်းက လိုင်စင်တွေ ဒိတ်အောက်ကုန်ပြီဆိုတော့ နေပြည်တော်ပြန်တင်နေကြပြီ” လို့ သူကပြောပါတယ်။

    နောက်ထပ်ကုန်သည်တစ်ဦးကလည်း မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ ကုန်သွယ်‌ရေးအတွက် ပြင်ဆင်နေတဲ့အခြေအနေက မှန်တယ်လို့ သူက ဆိုပါတယ်။

    “ထိုင်းကုန်သည်တွေဘက်ကလည်း ဒီဘက်ကအခြေအနေကိုလှမ်းမေးကြတယ်။ ဂိတ်ပြန်ဖွင့်ရင် တော့အကောင်းဆုံးပဲပေါ့” လို့ သူကပြောပါတယ်။

    ကုန်သည်တွေဘက်ကတော့ နေပြည်တော် စီးပွားကူးသန်းနဲ့ နယ်စပ်ကုန်သွယ်ရေးတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကော်မတီ FESC တို့ကနေ မြဝတီနယ်စပ်ကုန်သွယ်ရေးသမားတွေ အတွက် လိုင်စင်ကိစ္စဦးစားပေး စဥ်းစာပေးဖို့မျှော်လင့်တယ်လို့ နယ်စပ်ကုန်သွယ်ရေးသမားတွေက ဆိုပါတယ်။

    စစ်ကော်မရှင်နဲ့ ထိုင်းစစ်ဘ‌က်ရေးရာအဖွဲ့ တွေဟာ နယ်စပ်ကုန်သွယ်ရေးပြန်လည်ဖွင့်လှစ်ဖို့ ဒီနှစ်ထဲမှာ ခပ်စိတ်စိတ်တွေ့လာပြီး မနေ့ကလည်း တာ့ခ်ခရိုင်၊ ရာမနုအထူးတပ်ဖွဲ့ဌာနချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။

    တဖက်မှာလည်း မြဝတီနယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ချိန်မှာ အာရှလမ်းတလျှောက် လုံခြုံရေးအာမခံချက် ဘယ်လောက်ရှိမလဲဆိုတာကိုလည်းနှစ်ဖက်ကုန်သည်တွေမှာ စိုးရိမ်ချက်တွေရှိပါတယ်။

    မြဝတီနယ်ခံတွေရဲ့ ပြောပြချက်အရ ရှေ့နှစ်ကတည်းက စစ်ကော်မရှင်အနေနဲ့ အာရှလမ်းကိုထိန်းထားနိုင်တဲ့ အခြေအနေရှိပေမဲ့ ကုန်သွယ်ရေးကားတွေဘက်က လုံခြုံရေးစိုးရိမ် ချက်ကြောင့် ရှောင်ကွင်းလမ်းကနေသာ သွားလာနေတယ်လို့ သိရပါတယ်။

  11. ရန်ကုန်၊ မှန်ဘီလူးစက်ရုံမီးလောင်မှု သုံး နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရ

    မတ်လ ၂၆ ရက် မနက်အစောပိုင်းက ရန်ကုန်၊ မင်္ဂလာဒုံစက်မှုဇုန် မှန်ဘီလူးစက်ရုံမှာ မီးငြှိမ်းသတ်နေတဲ့ အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, MFSD

    ဓာတ်ပုံ ပုံစာ, မတ်လ ၂၆ ရက် မနက်အစောပိုင်းက ရန်ကုန်၊ မင်္ဂလာဒုံစက်မှုဇုန် မှန်ဘီလူးစက်ရုံမှာ မီးငြှိမ်းသတ်နေတဲ့ အခြေအနေ

    ရန်ကုန်၊ မင်္ဂလာဒုံစက်မှုဇုန်က မှန်ဘီလူးစက်ရုံမှာ မတ်လ ၂၆ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့လို့ အချိန် ၃ နာရီကျော်ကြာ Level 2 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မင်္ဂလာဒုံခရိုင်မီးသတ်တပ်ဖွဲ့၊ တာဝန်ရှိသူက ပြောပါတယ်။

    ပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ အသေးစိတ်ထုတ်ပြန်တာမရှိသေးပါဘူး။

    “ပေ ၁၅၀ နဲ့ ၃၀၀ ရှိတဲ့ စက်ရုံမှာ ၃၅ ပေလောက်လောင်တာဆိုတော့ ဆုံးရှုံးမှုကတော့ နည်းတယ်။ ဘတ်ထရီက တဆင့်လောင်တာပေါ့” လို့ မင်္ဂလာဒုံခရိုင်မီးသတ်တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီမီးလောင်မှုဟာ မတ်လအတွင်း ရန်ကုန်က စက်မှုဇုန်တွေထဲမှာ ဒုတိယအကြိမ်မီးလောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒီနှစ်ထဲကတော့ ရှေ့နှစ်နဲ့ ယှဥ်ရင် စက်မှုဇုန်တွေ မီးလောင်တာများလာတယ်။ အဓိကကတော့ ကုန်ကြမ်းသိမ်းဆည်းတာတွေနဲ့ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ဆောင်ချက်တွေ စနစ်မကျတာပေါ့” လို့ မီးသတ်တာဝန်ရှိသူက ပြောပါတယ်။

    မင်္ဂလာဒုံထဲက ဇေကမ္ဘာဝင်းမှာရှိတဲ့ ဂိုဒေါင်တစ်လုံးလည်း ဒီလထဲမှာမီးလောင်ခဲ့သလို ရွှေပြည်သာ စက်မှုဇုန်မှာလည်း စက်ရုံပိတ်ရတဲ့ မီးလောင်ကျွမ်းမှုတွေရှိခဲ့ပါတယ်။

    ဒီနေ့ မတ်လ ၂၆ ရက်မနက် ၅ နာရီဝန်းကျင်မှာ မန္တလေး၊ မိတ္ထီလာစက်မှုဇုန်က အဆောက်အဦးတစ်လုံးမှာလည်း မီးလောင်မှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

    မီးငြှိမ်းသတ်ယာဥ်၊ ရေသယ်ယာဥ်တွေအပါအဝင် မီးသတ်ကား ၉ စီးနဲ့ နာရီဝက်ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ကထုတ်ပြန်ပါတယ်။

  12. မင်္ဂလာပါ။ မတ် ၂၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now