မတ် ၂၆ ရက် အမေရိကန်- အီရန်အရေး နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
အီရန် IRGC ရဲ့ ရေတပ်ခေါင်းဆောင်ကိုသတ်ဖြတ်လိုက်ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးပြော
အမေရိကန်နဲ့ ဆွေးနွေးမှုတွေမရှိခဲ့ဘူးလို့ အီရန်ဆက်တိုက်ငြင်းဆို၊ အီရန် IRGC ရဲ့ ရေတပ်ခေါင်းဆောင်ကို အစ္စရေးသတ်ဖြတ်တဲ့ သတင်းအပါအဝင် အမေရိကန်- အီရန်အရေး နောက်ဆုံးသိရသမျှကို တစုတစည်းတည်းဖတ်နိုင်ပါပြီ။
အနှစ်ချုပ်
- အမေရိကန်နဲ့ ဆွေးနွေးမှုတွေမရှိခဲ့ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးပြော၊ အမေရိကန် က အီရန်ရဲ့ မိတ်ဆွေ နိုင်ငံတွေကနေ သတင်းစကားတွေ ပေးပို့ခဲ့တယ်လို့ ဆို
- အမေရိကန် နဲ့ ဆွေးနွေးမှုတွေမရှိဘူးလို့ အီရန်က ငြင်းဆိုပြီးတဲ့နောက်မှာ ရေနံစိမ်းဈေးတွေ ထပ်ပြီးတက်သွားပါတယ်
- အီရန်က အစ္စရေးကို မစ်ဆိုင်းဒုံးကျည်တွေ နဲ့ ထပ်မံတိုက်ခိုက်၊ လူ ၆ ဦး ထိခိုက်ဒဏ်ရာရလို့ဆေးရုံတင်ထားရ
- မြန်မာစံတော်ချိန် ၁ နာရီလောက်မှာ အီရန်က ယူအေအီးနိုင်ငံ၊ မြို့တော် အဘူဒါဘီကို မစ်ဆိုင်းဒုံးကျည်တွေ၊ ဒရုန်းတွေ နဲ့ တိုက်ခိုက်၊ ယူအေအီး လေကြောင်းရန်ကာကွယ်ရေး စနစ် က ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပေမယ့် ပြိုကျလာတဲ့ အဆောက်အဦး အပျက်အစီးတွေ ကြောင့် လူ ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာ
- အမေရိကန် သမ္မတ ထရမ့် နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ လာမယ့် မေလမှာ တွေ့မယ်၊ ၁၀ နှစ်အတွင်း အမေရိကန်သမ္မတတစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်လာ
တိုက်ရိုက် ထုတ်လွှင့်ချက်
အိမ်ဖြူတော်မှာ သမ္မတထရမ့် အစိုးရအဖွဲ့အစည်းအဝေးရှိမယ်၊ အီရန်အရေးပြောဆိုချက်တွေထွက်လာနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, သမ္မထရမ့်နဲ့ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဒီကနေ့ အမေရိကန်စံတော်ချိန် မနက် ၁၀ နာရီမှာ အစိုးရအဖွဲ့ အစည်းအဝေးကျင်းပဖို့ရှိနေပါတယ်။ ၂၀၂၆ ခုနှစ်အတွင်းမှာ ဆိုရင် အစိုးရအဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးဖြစ်ပြီး သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းအတွင်း ၁၁ ကြိမ်မြောက် အစည်းအဝေးလည်းဖြစ်ပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်ကြား စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတဲ့အချိန်ဖြစ်ပြီး ဒီအစည်းအဝေးမှာ ဒီပဋိပက္ခကို ညှိနှိုင်းပြီး အဆုံးသတ်နိုင်မလားဆိုတဲ့ ခန့်မှန်းချက်တွေလည်း ဆက်တိုက်ထွက်နေပါတယ်။
အီရန်- အမေရိကန် နှစ်ဖက်ပြောဆိုချက်တွေကတော့ ကွဲလွဲနေတုန်းပါပဲ။ အမေရိကန်က ဆွေးနွေးမှုတွေ ဆက်လုပ်နေတယ်လို့ ပြောထားပေမယ့် အီရန်ဘက်ကတော့ ဆက်တိုက် ငြင်းဆိုနေပါတယ်။
ထရမ့်ရဲ့ အစိုးရအဖွဲ့ အစည်းအဝေးတွေက အချိန်ကြာတတ်ပြီး သမ္မတက အခန်းထဲမှာရှိတဲ့ အဖွဲ့ဝင်တွေကို တစ်ယောက်ချင်း မေးမြန်းစကားပြောတာတွေလုပ်ပါတယ်။
အိမ်ဖြူတော်မှာ သတင်းထောက်တွေလည်းစောင့်ဆိုင်းနေပါတယ်။ ဒီနေ့အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက် ပါမယ်လို့သိရပြီး သမ္မထရမ့်ရော ဟတ်ဆက် ကပါ အီရန်စစ်ရေးအခြေအနေအပေါ် မှတ်ချက်ပေးနိုင်ပါတယ်။
သတင်းကြေညာသူကနေ အမေရိကန်ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟတ်ဆက် အီရန်စစ်ပွဲအတွက် ပြောခွင့်ရသူ တစ်ဦးအသွင် အားလုံးအာရုံစိုက်ခံလာရသူက အရင်က Fox News ရုပ်သံအစီအစဉ်တင်ဆက်သူဟောင်းဖြစ်ပါတယ်။
အတိမ်းအစောင်းမခံတဲ့ဒီအခြေအနေ အလယ်တည့်တည့်မှာရှိနေသူက အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟတ်ဆက် ဖြစ်ပါတယ်။
"အကြမ်းဖက် သူရဲဘောကြောင်တွေ" လို့ သူတံဆိပ်တပ်ထားတဲ့ "ရန်သူတွေကို နှိမ်နင်းနေပြီ"လို့လည်း ပြောထားသူဖြစ်ပါတယ်။
အသက် ၄၅ နှစ်အရွယ် ဟက်ဆက်က အမေရိကန်ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ဖူးသူတွေအထဲ ဒုတိယအသက်အငယ်ဆုံးပါ။
ပိထ် ဟက်ဆက်က ဘယ်သူလဲ။ Fox News ရဲ့သတင်းတင်ဆက်သူကနေ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဘယ်လိုဖြစ်လာသလဲ။ ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
ရုရှား၊ တရုတ်နဲ့ အမေရိကန် - အီရန်စစ်ပွဲမှာ အမြတ်ထွက်သူတွေနဲ့ နစ်နာသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်ပွဲကြောင့် အကျိုးအမြတ် ရသူတချို့လည်း ရှိနေ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့် ငွေကြေးဆိုင်ရာ ဆိုးကျိုးတွေက ကမ္ဘာတဝန်းမှာ သိသိသာသာ သက်ရောက်ခံစားလာနေရပါပြီ။
စီးပွားရေးအရ ထိခိုက်မှုတွေ ဖြစ်အောင် ရည်ရွယ်လုပ်ခဲ့တဲ့ အီရန်အစိုးရရဲ့ တုန့်ပြန်လက်စားချေမှုက ခဏတာ သက်ရောက်တာမျိုး မဟုတ်ဘူးဆိုတာ ပိုပိုထင်ရှားလာနေပါတယ်။ ဒါ့ထက်ပိုတာက ဒီသက်ရောက်မှုက အရမ်းကို ဆိုးဝါးလှပါတယ်။
ထိခိုက်မှုဒဏ် အများဆုံး ခံရနိုင်တဲ့ နိုင်ငံတွေနဲ့အတူ ဒီစစ်ပွဲကြောင့် အကျိုးအမြတ် ရသူတချို့လည်း ရှိနေပါတယ်။ ဘယ်သူတွေပါလဲ။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာနှိပ်ပြီး ဖတ်နိုင်ပါတယ်။
အီရန်ပြည်သူတွေ ကြားသိရတဲ့စစ်ပွဲသတင်းတွေက ဘာတွေလဲ
အီရန်ပြည်သူတွေထဲမှာ နိုင်ငံခြားအခြေစိုက် ပါရှန်းဘာသာ ရုပ်သံလိုင်းတွေကို အားပေးကြတဲ့သူ အရေအတွက်သန်းများစွာရှိပေမဲ့ အဲဒီလိုလွတ်လပ်တဲ့သတင်းတွေ ရယူနိုင်ရေးက ခက်ခဲပါတယ်။
အင်တာနက် ပိတ်ချတာ၊ ဆင်ဆာဖြတ်တာ၊ ရုပ်သံထုတ်လွှင့်မှုတွေကို ကန့်သတ်တာ စတဲ့ နည်းတွေနဲ့ အပိတ်ပင်ခံရတာကြောင့် အီရန်ပြည်သူအများစုဟာ နိုင်ငံမတည်မငြိမ်ဖြစ်ချိန်နဲ့ ပဋိပက္ခဖြစ်ချိန်တွေမှာ သတင်းမှန်တွေကို သိပ်မရနိုင်ကြပါဘူး။
အီရန်ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ဘယ်လိုကန့်သတ်ပိတ်ဆို့ခံထားရတဲ့ ဒီလင်ခ့်မှာ နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အီရန် IRGC ရေတပ်ရဲ့ ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးပြော

ဓာတ်ပုံ ရင်းမြစ်, IRIB
ဓာတ်ပုံ ပုံစာ, အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)ရဲ့ ရေတပ်အကြီးအကဲခေါင်းဆောင် အလီရေးဇာတန်ဂ်စီရီ အစ္စရေးက အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)ရဲ့ ရေတပ်အကြီးအကဲခေါင်းဆောင် အလီရေးဇာတန်ဂ်စီရီ ကို သတ်ဖြတ်ခဲ့တယ်ဆိုပြီးပြောပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ် ရဲ့ အပြောအရ တန်ဂ်စီရီ က “ဟော်မုဇ် ရေလက်ကြားမှာ ဗုံးခွဲတာနဲ့ ပိတ်ဆို့တာလို အကြမ်းဖက်လုပ်ရပ်တွေရဲ့ တိုက်ရိုက်တာဝန်ရှိသူ ဖြစ်လို့ သတ်ဖြတ်ခဲ့တာဆိုပြီး စွပ်စွဲပြောကြားထားပါတယ်။
ဒ့ါအပြင် “ရေတပ်ကအရာရှိအများအပြားလည်း သေဆုံးခဲ့တယ်”လို့သူက ဖြည့်ပြောထားပါတယ်။ အခုအချိန်ထိ အီရန်ဘက်ကတော့ အစ္စရေးရဲ့ပြောဆိုချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်မလုပ်သေးပါဘူး။
အလီရေးဇာတန်ဂ်စီရီဟာ ၂၀၁၀ ခုနှစ်ကစပြီး IRGC ရေတပ်ရဲ့ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မှာ IRGC ရေတပ်ရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
အလီရေးဇာတန်ဂ်စီရီက ခပ်ပြတ်ပြတ်ပြောဆိုတတ်တဲ့ စစ်ဘက်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရင်ကလည်း အမေရိကန်နဲ့ အစ္စရေးတို့ကို ဆန့်ကျင်တဲ့ ထုတ်ပြန်ချက်တွေ မကြာခဏ ပြောဆိုခဲ့သူဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ကဆိုရင် အီရန်ရဲ့ ရေနံတင်ပို့မှုတွေကို အနှောင့်အယှက် ဖြစ်လာစေရင် ဟော်မုဇ် ရေလက်ကြားကို ပိတ်ပင်နိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ သူ့ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေချမှတ်ထားတာဖြစ်ပါတယ်။
အီရန်က ဒေသတွင်း နိုင်ငံတွေကို တိုက်ခိုက်မှု နောက်ဆုံးသိထားရသမျှ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒေသတွင်း နိုင်ငံတွေချင်းတိုက်ခိုက်မှုတွေဆက်ရှိ အမေရိကန်-အစ္စရေး က အီရန်ကို တိုက်ခိုက်မှုတွေ၊ အစ္စရေးက လက်ဘနွန်နိုင်ငံကို တိုက်ခိုက်မှုတွေ ဆက်ပြီးရှိနေပါတယ်။ အီရန်ကတော့ ဒေသတွင်း နိုင်ငံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
-ယူအေအီးနိုင်ငံ၊ မြို့တော် အဘူဒါဘီ ကို ဦးတည်လာတဲ့ အီရန်ဒုံးကျည်ကို ယူအေအီးက ကြားဖြတ်တိုက်ခိုက်ပြီးနောက် လွင့်စင်တဲ့ အပျက်အစီးတွေကြောင့် လူနှစ်ဦးသေဆုံးသွားပါတယ်။
-ဒီမတိုင်ခင် ယူအေအီး၊ ဆော်ဒီးအာရေးဗျ နဲ့ ကူဝိတ်နိုင်ငံတွေရဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်။ ယူအေအီးကတော့ ဒီတိုက်ခိုက်မှုတွေဟာ အီရန်လက်ချက်ဖြစ်တယ်လို့ ထုတ်ပြောပေမယ့် ဆော်ဒီးအာရေးဗျ နဲ့ ကူဝိတ်နိုင်ငံတွေကတော့ ဒီ ဒရုန်းတွေက ဘယ်ကလာသလဲဆိုတာ ထုတ်မပြောပါဘူး။
-ဘာရိန်းနိုင်ငံ ကတော့ လူထုအနေနဲ့ ဘေးလွတ်ရာ ကို ပြောင်းရွှေ့ထားကြဖို့ ဒေသစံတော်ချိန် ဒီနေ့ နံနက်ပိုင်းမှာ ပြောထားပါတယ်။ “အီရန် ရဲ့ ရန်လိုမှုကြောင့်” မီးလောင်ကျွမ်းမှုလည်း ဖြစ်ခဲ့တယ်လို့ ဘာရိန်းအစိုးရက ထုတ်ပြန်ထားပါတယ်။
-အစ္စရေးမှာ တော့ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ကာဖာ ကာစင်း မြို့က လူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီ ဆေးရုံတင်ထားရပါတယ်။
သမ္မတ ရှီကျင့်ဖျင်နဲ့ မေလ မှာ တွေ့ဆုံမယ်လို့ သမ္မတထရမ့်အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ က တောင်ကိုရီးယားမှာ တွေ့ဆုံခဲ့တဲ့ သမ္မထ ထရမ့် နဲ့ သမ္မတ ရှီကျင့်ဖျင် (ပုံဟောင်း) အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ လာမယ့် မေလ ၁၄ ရက် ကနေ ၁၅ ရက် အထိ တရုတ်နိုင်ငံမှာ နှစ်ရက်အကြာ တွေ့ဆုံမယ်လို့ ပြောပါတယ်။
ကနဦးတုန်းက အမေရိကန်-အစ္စရေး နဲ့ အီရန် စစ်ပွဲကြောင့် ဒီတွေ့ဆုံမှုကြန့်ကြာခဲ့ပေမဲ့ အခုတော့တွေ့ဆုံဖို့ရှိတယ်လို့ ပြောလာတာပါ။
ဒါဟာ ၁၀ နှစ်အတွင်း အမေရိကန် သမ္မတ တစ်ဦး တရုတ်နိုင်ငံကို သွားရောက်မယ့် ပထမဆုံး ခရီးစဉ်ပါ။
တဖက်မှာလည်း သမ္မတထရမ့်က ရှီကျင့်ဖျင်ကို ဒီနှစ်တည်းမှာပဲ မြို့တော် ဝါရှင်တန်ဒီစီ မှာ လက်ခံတွေ့ဆုံ ဖို့လည်း ရှိနေပါတယ်။
" တာဝန်ရှိသူတွေက ဒီသမိုင်းဝင် ခရီးစဉ်တွေအတွက် အပြီးသတ် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီ " လို့ ထရမ့်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ Truth မှာ မတ်လ ၂၅ ရက်နေ့က ရေးသားခဲ့ပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရသူ ကယ်ရိုလိုင်း လက်ဗစ် က သမ္မတ ထရမ့် ခရီးစဉ် ရက်စွဲကို အတည်ပြုခဲ့ပြီး သမ္မတ ရှီကလည်း အစောပိုင်းတုန်းက အမေရိကန်ဘက်က ခရီးစဉ်ကို ယာယီရပ်ဆိုင်းဖို့ တောင်းဆိုချက်ကိုလည်း နားလည်၊ လက်ခံပေးခဲ့တယ်လို့ ပြောပါတယ်။
“အခုလို မြေပြင်စစ်ဆင်ရေးတွေ ဖော်ဆောင်နေတဲ့အချိန် အမေရိကန်ကို အရောက်လာခဲ့ဖို့ဆိုတာ သမ္မတထရမ့်အတွက် အရေးကြီး တယ်ဆိုတာလည်း သမ္မတ ရှီကနားလည်ထားတယ်” လို့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲ မှာ ကယ်ရိုလိုင်း လက်ဗစ် က ပြောပါတယ်။
ဘေကျင်းကတော့ သမ္မတထရမ့် အဆိုပြုထားတဲ့ ရက်စွဲတွေကို အတည်မပြုသေးပါဘူး။ ပုံမှန်အားဖြင့်လည်း သမ္မတ ရှီက သူ့ ရဲ့ ခရီးစဉ်တွေကို ကြိုပြီး ချပြလေ့မရှိပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျင်း ကတော့ မတ်လ ၂၆ ရက်နေ့မှာ သတင်းထောက်တွေကို အခုလို တုံ့ပြန်ပါတယ်။
“ နှစ်ဖက်လုံးကတော့ သမ္မတ ထရမ့်ရဲ့ တရုတ်ခရီးစဉ်အတွက် အပြန်အလှန် ပြောဆိုဆက်ဆံမှုတွေ ရှိနေတယ် ”
“ခေါင်းဆောင်အဆင့် သံမင်း၊ တမန်ခင်းက ဘယ်လိုမှ အစားထိုးလို့မရတဲ့ မဟာဗျူဟာကျတဲ့ လမ်းညွှန်မှု အခန်းကဏ္ဍမှာ ပါဝင်နေတယ်” လို့ လီကျင်း က ပြောပါတယ်။
Global Times သတင်းဌာန ရဲ့ မတ်လ ၂၆ ရက်နေ့ကထုတ်တဲ့ အယ်ဒီတာ့အာဘော်အစီအစဉ်မှာတော့ နှစ်နိုင်ငံအကြား ပြည်သူမှ ပြည်သူသို့ ဆက်ဆံရေးတွေ ကင်းမဲ့နေတာ၊ အချိန်အတော်အကြာ ပျောက်ဆုံးနေတဲ့ အမေရိကန်သမ္မတတွေ ရဲ့ တရုတ်ခရီးစဉ် တွေဟာ “ပုံမှန်မဟုတ်တဲ့အခြေအနေဖြစ်ပြီး ဒါဟာ ပြဿနာတော့မဟုတ်ပါဘူး” လို့ ဖော်ပြထားပါတယ်။
" အမေရိကန် နဲ့ တရုတ် နှစ်နိုင်ငံ ပူးပေါင်းရင် အကျိုးအမြတ်ဖြစ်ထွန်းမှာဖြစ်ပြီး၊ နှစ်ဖက်ပွတ်တိုက်နေရင် ဆုံးရှုံးမှုတွေသာဖြစ်လိမ့်မယ်ဆိုတာ သမိုင်းသက်သေတွေလည်းရှိနှင့်ပြီးသားပါ " လို့ လည်း ဆိုပါတယ်။
အီရန်က အစ္စရေးကို မစ်ဆိုင်းဒုံးကျည်တွေ နဲ့ ထပ်မံတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မတ်လ ၂၆ ရက် အီရန်တိုက်ခိုက်မှုအပြီး ကာဖာ ကာစင်းမြို့ မြင်ကွင်း ဒီကနေ့ မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီကျော်လောက်က အီရန်နိုင်ငံကနေ အစ္စရေးနိုင်ငံအလယ်ပိုင်းကို ဦးတည်တဲ့ မစ်ဆိုင်းဒုံးကျည် နှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးစစ်တပ်က လူထုကို ဘေးလွတ်ရာကို ရှောင်တိမ်းကြဖို့ သတိပေးထားပါတယ်။
အစ္စရေးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ကတော့ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူ ၆ ဦး ထိခိုက်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံအလယ်ပိုင်းက ကာဖာကာစင်းမြို့က နေအိမ်အများအပြား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မတ်လ ၂၆ ရက်နေ့၊ အီရန်ပစ်လိုက်တဲ့ ဒုံးကျည်တွေကို အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်တိုက်ခိုက်နေစဉ် 
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မတ်လ ၂၆ ရက် အီရန်တိုက်ခိုက်မှုအပြီး အစ္စရေးနိုင်ငံအလယ်ပိုင်း၊ ကာဖာ ကာစင်းမြို့ မြင်ကွင်း 
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မတ်လ ၂၆ ရက် အီရန်တိုက်ခိုက်မှုအပြီး အစ္စရေးနိုင်ငံအလယ်ပိုင်း၊ ကာဖာ ကာစင်းမြို့ မြင်ကွင်း 
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မတ်လ ၂၆ ရက် အီရန်တိုက်ခိုက်မှုအပြီး အစ္စရေးနိုင်ငံအလယ်ပိုင်း၊ ကာဖာ ကာစင်းမြို့ မြင်ကွင်း သတင်းထူး, အီရန်က ယူအေအီးရဲ့ မြို့တော် အဘူဒါဘီကို တိုက်ခိုက်, လူ ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
ဒီကနေ့ မတ် ၂၆ ရက် မြန်မာစံတော်ချိန် ၁ နာရီ ဝန်းကျင်လောက်မှာ အီရန်ကပစ်လိုက်တဲ့ မစ်ဆိုင်းဒုံးကျည်တွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ယူအေအီးအစိုးရက ပြောပါတယ်။
အခုလို ကြားဖြတ်တိုက်ခိုက်ပြီးနောက် ပြိုကျလာတဲ့ အပျက်အစီးကြောင့် မြို့တော် အဘူဒါဘီမှာ လူ ၂ ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရတယ်လို့ အဘူဒါဘီအာဏာပိုင်တွေကပြောပါတယ်။
ယူအေအီးအစိုးရကတော့ တာဝေးပစ်ဒုံးကျည်တွေကို ကာကွယ်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ဖြန့်ကြက်ထားပြီး နိုင်ငံပိုင်နက်ထဲကို ဝင်လာတဲ့ ဒရုန်းတွေကို ဖျက်ဆီးဖို့ ဝေဟင်မှာ လည်း တိုက်ခိုက်ရေးလေယာဉ်တွေ ဖြန့်ကြက်ထားတယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးမှုမရှိဘူးလို့ အီရန်ငြင်းပြီးတဲ့နောက် ကမ္ဘာ့ရေနံဈေးပြန်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ချီလီနိုင်ငံ ဆီဆိုင် တစ်ဆိုင် မြင်ကွင်း (ပုံဟောင်း) အီရန် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နဲ့ “ ဆွေးနွေးဖို့ အစီအစဉ်မရှိဘူး “ လို့ ပြောလိုက်ပြီးတဲ့ နောက် ဒီကနေ့ အာရှမှာ ကမ္ဘရေနံဈေးနှုန်းတွေ ပြန်တက်လာနေပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရာချီ က နိုင်ငံပိုင်သတင်းဌာန ကနေ တီဟီရန် နဲ့ ဝါရှင်တန်အကြား “မိတ်ဆွေနိုင်ငံတွေကတဆင့်” စကားအသွားအလာတွေရှိပြီး ဒါဟာ နှစ်ဖက် ညှိနှိုင်းမှုတွေမဟုတ်ဘူးလို့ မတ်လ ၂၅ ရက်မှာ ပြောခဲ့တာပါ။
ဒါကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အီရန်ခေါင်းဆောင်တွေဟာ ဆွေးနွေးမှုတွေရှိတာကို ဝန်ခံဖို့ “ကြောက်ရွံ့” နေတာလို့ ပြောပါတယ်။
ဒီလိုပြောဆိုမှုတွေအပြီး Brent ရေနံစိမ်း ဈေးဟာ ၁ ဒသမ ၆ ရာခိုင်နှုန်းလောက်တက်သွားပြီး အမေရိကန်ဒေါ်လာ ၁၀၃. ၈၅ ( အပြင်ပေါက်ဈေး မြန်မာကျပ်ငွေ ၄ သိန်း ၇ သောင်း ဝန်းကျင်) ဈေးရှိလာပါတယ်။
West Texas Intermediate ရေနံစိမ်းဈေးလည်း ၁ ဒသမ ၄ ရာခိုင်နှုန်းလောက် တက်သွားပါတယ်။ အမေရိကန်ဒေါ်လာ ၉၁.၆၁ (မြန်မာကျပ်ငွေ ၄ သိန်း ၁ သောင်းကျော်) ဈေးရှိနေပါတယ်။
ဝါရှန်တန် - တီဟီရန် နှစ်ဖက်ပြောဆိုမှု နောက်ဆုံးသိထားရသမျှ
ဝါရှင်တန် - တီဟီရန် နှစ်ဖက်ပြောဆိုမှုတွေအကြောင်းနောက်ဆုံးသိထားရသမျှအကျဥ်းချုပ်
- အိမ်ဖြူတော်ပြောခွင့်ရ ကယ်ရိုလိုင်း လက်ဗစ် ကတော့ ပြီးခဲ့တဲ့ သုံးရက်အတွင်း သမ္မတထရမ့်ဟာ အီရန်နဲ့ “အကျိုးရှိတဲ့ ပြောဆိုမှုတွေ” ရှိခဲ့တယ်လို့ မတ်လ ၂၅ ရက်မှာ သတင်းထောက်တွေကိုပြောပါတယ်။
- စစ်ဆင်ရေးက သတ်မှတ်အချိန်ဇယားထက် ပိုစောခဲ့ပါတယ်။ အီရန်အစိုးရကတော့ သူ့အတွက် “ထွက်ပေါက်” ရှာနေပြီလို့ ကယ်ရိုလိုင်း လက်ဗစ်က ပြောပါတယ်။
- ကယ်ရိုလိုင်း လက်ဗစ် ရဲ့ ဒီသတင်းစကားက “ဆွေးနွေးဖို့ ရည်ရွယ်ချက် မရှိသေးဘူး” လို့ ပြောထားတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရာချီ ပြောဆိုချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။
- ဒီသတင်းစကားတွေဟာ “မိတ်ဆွေနိုင်ငံတွေကတဆင့် ပေးပို့ခဲ့တာ” လို့ အီရန်ဘက်ကပြောပါတယ်။ ဒါပေမယ့် ဒီ စကားအသွားအပြန်တွေဟာ “ဆွေးနွေးမှုလည်းမဟုတ်သလို၊ ညှိနှိုင်းမှုလည်း မဟုတ်ဘူး။ ဘာတစ်ခုမှမဟုတ်ဘူး” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရာချီ က တုံ့ပြန်ထားပါတယ်။
- သမ္မတထရမ့်ကတော့ အီရန်က “ဆွေးနွေးနေပြီ။ သူ့နိုင်ငံသားတွေက သူ့ကို သတ်မှာစိုးလို့ ဒါကို သူတို့ ထုတ်မပြောရဲတာ” လို့ ပြောပါတယ်။ နောက်ပြီး “သူတို့က ကျွန်တော်တို့ လက်ချက်နဲ့ ဘဝကူးသွားမှာကိုလည်း ကြောက်ပုံရတယ်” လို့ သမ္မထရမ့်က ပြောထားပါတယ်။
- စစ်ပွဲရပ်ဖို့ အဆိုပြုချက်တွေဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေပါတယ်။ မတ်လ ၂၅ ရက်နေ့က အီရန်ဟာ အမေရိကန် က အဆိုပြုတဲ့ အပစ်ရပ်စဲရေးဆိုင်ရာ အချက် ၁၅ ချက်ပါအစီအစဉ်ကို လက်ခံရရှိတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတာပါ။
- ဒါနဲ့ပတ်သက်လို့ အီရန်ရဲ့ နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦးကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အီရန်ဟာ စစ်ပွဲရပ်ဖို့ လိုလားတဲ့ အချက် ၅ ချက်ရှိပါတယ်။ အဲဒီအထဲမှာ “စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုတွေ၊ ပြန်လည်ထူထောင်းရေးတွေ” အတွက် လျော်ကြေးပေးရမယ်၊ ရှေ့တန်းစစ်ပွဲတွေ အားလုံးရပ်ရမယ်ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
- တချိန်တည်းမှာပဲ တိုက်ခိုက်မှုတွေကတော့ ဆက်ပြီး ဖြစ်နေပါတယ်။ အီရန် ရဲ့ တာဝေးပစ်ဒုံးကျည် နဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးရဲ့ ဓာတ်အားပေးစက်ရုံတစ်ခုကနေ မီးခိုးလုံးတွေတက်လာနေတာကို မြင်နေရပါတယ်။ တချိန်တည်းမှာပဲ တီဟီရန် မြို့ မှာ လေကြောင်းကာကွယ်ရေးစနစ် အချက်ပေးသံတွေကို လည်း ကြားနေရပါတယ်။
“ဆက်ပြီး ခုခံမယ်၊အမေရိကန်နဲ့ ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိဘူး”- အီရန်နိုင်ငံခြားရေးဝန်ကြီး, အမေရိကန်နဲ့ ဆွေးနွေးမှုတွေမရှိခဲ့ဘူးလို့ အီရန်ဘက်က ဆက်တိုက်ငြင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အီရန်နိုင်ငံခြားရေးဝန်ကြီး (ပုံဟောင်း) အိမ်ဖြူတော် ပြန်ကြားရေးဆိုင်ရာ ညွှန်ကြားရေးမှူး ကယ်ရိုလိုင်း လက်ဗစ် ကတော့ ပြီးခဲ့တဲ့ သုံးရက်အတွင်း သမ္မတထရမ့်ဟာ အီရန်နဲ့ “အကျိုးရှိတဲ့ ပြောဆိုမှုတွေ” ရှိခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အီရန်နိုင်ငံခြာရေးဝန်ကြီး အာဘက်စ် အာရာချီ ကတော့ နိုင်ငံပိုင်ရုပ်သံသတင်းဌာနကနေ “အမေရိကန်ဟာ မတူညီတဲ့ ကြားခံချန်နယ် တွေကနေ သတင်းစကားအမျိုးမျိုး ပေးပို့နေတာ ရက်တော်တော်ကြာပါပြီ”လို့ တုံ့ပြန်လာပါတယ်။
ဒီသတင်းစကားတွေဟာ “အီရန်ရဲ့ မိတ်ဆွေနိုင်ငံတွေက တဆင့်ပေးပို့ခဲ့တာ” ဖြစ်တယ်လို့ ပြောပါတယ်။ အီရန်ဘက်က သူတို့ရဲ့ “ရပ်တည်ချက်၊ သတိပေးချက်” တွေကို ပြန်ပြီးသတင်းစကားပါးတုံ့ပြန်ခဲ့တာပါလို့ဆိုပါတယ်။
ဒါဟာ “စကားဝိုင်းဆွေးနွေးမှုရော၊ ညှိနှိုင်းမှုရော မဟုတ်ပါဘူး။ ဘာဆိုဘာတစ်ခုမှ မဟုတ်ပါဘူး” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အာရာချီကတော့ အီရန်ရဲ့ မူဝါဒက “ဆက်ပြီး ခုခံမယ်၊ ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိဘူး” လို့ ထပ်ပြောပါတယ်။
“ဒါဟာ အစ္စရေးစစ်ပွဲဖြစ်ပါတယ်။ အစ္စရေးပြည်သူတွေ နဲ့ အမေရိကန်ပြည်သူတွေဟာ ဒီအတွက် ပေးဆပ်နေရတာ” လို့ အာရာချီက ဖြည့်စွက်ပြောပါတယ်။
အမေရိကန် - အီရန် ဆွေးနွေးမှုတွေအကြောင်း နောက်ဆုံးသိရသမျှတွေကို ဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အီရန်ခေါင်းဆောင်ပိုင်းဗဟိုချက်ကို ထိုးနှက်မှုဖြစ်လာတဲ့လုံခြုံရေးအကြီးအကဲ လုပ်ကြံခံရမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, သေဆုံးသွားတဲ့ အီရန် လုံခြုံရေးခေါင်းဆောင် အလီ လာရီဂျာနီ (ပုံဟောင်း) အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အီရန် လုံခြုံရေးခေါင်းဆောင် အလီ လာရီဂျာနီ သေဆုံးသွားတာက အရေးကြီးတဲ့အချိန်မှာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအတွက် အတွေ့အကြုံများတဲ့ မူဝါဒချမှတ်သူတစ်ဦးကို ဖယ်ရှားလိုက်သလို ဖြစ်သွားပါတယ်။
လာရီဂျာနီဟာ စစ်တပ်အရာရှိ မဟုတ်ပေမဲ့ အီရန်ရဲ့မဟာဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပုံဖော်ရာမှာ အရေးပါဆုံးလူ တစ်ဦးဖြစ်ပါတယ်။
အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီရဲ့အတွင်းရေးမှူးဖြစ်တဲ့ သူဟာ အီရန်ရဲ့စစ်ပွဲ၊ သံတမန်ရေးနဲ့ နိုင်ငံလုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အဓိကနေရာကနေ ပါဝင်နေခဲ့ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
အမေရိကန်- အီရန် ဆွေးနွေးပွဲတကယ်ဖြစ်လာနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အီရန်ခေါင်းဆောင်အသစ် ပုံ ကိုင်ဆွဲထားတဲ့ အမျိုးသမီးတစ်ဦး အမေရိကန်က အီရန်အပေါ် သူ့ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို ရွှေ့ဆိုင်းထားမယ်လို့ ပြောနေပေမယ့် အမေရိကန်နဲ့ အီရန်အရာရှိတွေကြားမှာ မတူညီတဲ့ ပြောဆိုချက်တွေကို ထုတ်ပြန်နေကြပါတယ်။
အီရန်နဲ့ ဆွေးနွေးနေပြီလို့ သမ္မတထရမ့်က ပြောနေပေမဲ့ အီရန်က ကြားခံနိုင်ငံတချို့ကတဆင့် ဆွေးနွေးပွဲ ပြောဆိုချက်ရထားကြောင်းသာပြောပြီး ဆွေးနွေးပွဲအမှန်တကယ်မရှိသေးကြောင်းတုံ့ပြန်ထားပါတယ်။ အမေရိကန်-အီရန်ဆွေးနွေးပွဲ တကယ်ဖြစ်နိုင်ခြေနည်းတယ်ဆိုတဲ့ အကဲခတ်တွေရဲ့ သုံးသပ်မှုတွေလည်းထွက်လာပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
မင်္ဂလာပါ။ မတ် ၂၆ ရက် အမေရိကန်- အီရန်အရေး နောက်ဆုံးအခြေအနေသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
