ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နျူကလီးယား ဒုံးလက်နက် စမ်းသပ်တဲ့ နေရာတခု ပိတ်ဖို့ မြောက်ကိုရီးယား သဘောတူ
နျူကလီးယား ဒုံးလက်နက် စမ်းသပ်တဲ့ နေရာတွေထဲက တခုကို အပြီးသတ် ပိတ်ပစ်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက သဘောတူလိုက်တယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း က ပြောပါတယ်။
အခု ဆွေးနွေးနေကြတဲ့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းက တွေ့ဆုံပွဲမှာလည်း နျူကလီးယား ဖျက်သိမ်းရေး အောင်မြင်အောင် လုပ်ဆောင်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေက သဘောတူတယ်လို့ တောင်ကိုရီးယား ခေါင်းဆောင်က ပြောပါတယ်။
အခု သဘောတူညီမှုဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ရှေ့ကို ဦးတည်တဲ့ မြန်ဆန်တဲ့ ခြေလှမ်းတခုပဲလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း က ဆိုပါတယ်။
တောင်ကိုရီးယား မြို့တော် ဆိုးလ်မြို့ကိုလည်း မကြာတော့တဲ့ အနာဂတ်မှာ သွားရောက်ဖို့ မျှော်လင့် တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း က ပြောပါတယ်။
မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး အစီအစဉ်ကို ဆွေးနွေးဖို့ တောင်နဲ့မြောက် ကိုရီးယား ခေါင်းဆောင်နှစ်ယောက်ဟာ ပြုံယမ်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံနေတာ ဖြစ်ပါတယ်။
ဒီနှစ် ဧပြီနဲ့ မေလမှာ သမ္မတ မွန်ဂျေအင်းနဲ့ ခေါင်းဆောင် ကင်ဂျုံအွန်းတို့ တောင်နဲ့ မြောက် နှစ်နိုင်ငံ နယ်စပ်မှာ တွေ့ဆုံခဲ့ပေမယ့် နျူကလီးယား ဖျက်သိမ်းရေး ကိစ္စကို ဆွေးနွေးခဲ့တာ မရှိလို့ အခုခရီးစဉ်က အရေးပါတဲ့ ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။
တောင်ကိုးရီးယား သမ္မတ မွန်ဂျေအင်းနဲ့ ဇနီး ကင်ဂျွန်ဆုတ်တို့ဟာ ပြုံယမ်းကို သုံးရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်တာလည်း ဖြစ်ပါတယ်။