ဘီဘီစီရဲ့ ၁၇ ယောက်မြောက် ညွှန်ကြားရေးမှူးချုပ် ခန့်အပ်

တင်မ်ဒေးဗီး
ဓာတ်ပုံ ပုံစာ, ဘီဘီစီရဲ့ ၉၈ နှစ် သက်တမ်းမှာ ၁၇ ယောက်မြောက် ညွှန်ကြားရေးမှူးချုပ်ဖြစ်လာ

ဘီဘီစီ ညွှန်ကြားရေးမှူးချုပ်သစ်အဖြစ် ဘီဘီစီရဲ့ စီးပွားဖြစ်ထုတ်လုပ်တဲ့ အစီအစဉ်တွေကို ရောင်းချတဲ့ ဌာန BBC Studios ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ဒေးဗီးကို ခန့်အပ်လိုက်ပါတယ်။

တင်မ်ဒေးဗီးဟာ ၂၀၁၂ ခုနှစ်က အဲဒီအချိန်က ညွှန်ကြားရေးမှူးချုပ် ဂျော့ချ်အဲန်းဝစ်ဆယ် နုတ်ထွက်သွားချိန်က ယာယီ ညွှန်ချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

အဲဒီနောက်မှာတော့ လက်ရှိ ညွှန်ကြားရေးမှူးချုပ် တိုနီဟောလ်က ဒီရာထူးကို တရားဝင် ရယူခဲ့တာပါ။

လော့ဒ်ဟောလ်ဟာ သြဂုတ်လအကုန်အထိ ညွှန်ချုပ်အဖြစ် ဆက်တာဝန်ယူပြီးရင် ရာထူးက နားမှာ ဖြစ်ပါတယ်။

ညွှန်ကြားရေးမှူးချုပ်အသစ် ဖြစ်လာမယ့် တင်မ်ဒေးဗီးကတော့ ဘီဘီစီရဲ့ အကြီးတန်း အရာရှိကြီးတွေထဲမှာ လုပ်သက်ရင့် ဝါရင့်သူ တစ်ယောက်ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ ပက်ပ်စီကုမ္ပဏီကနေ ပြောင်းလာခဲ့ပြီး ဘီဘီစီရဲ့ စျေးကွက်၊ ဆက်သွယ်ရေးနဲ့ ပရိသတ် ဌာနရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်လာပါတယ်။

သူ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူပြီးရင် အဓိက လုပ်ရမယ့် လုပ်ငန်းတစ်ခုကတော့ ဘီဘီစီလည်ပတ်ရေးအတွက် အစိုးရက ခွင့်ပြုထားတဲ့ ရုပ်မြင်သံကြားလိုင်စင်ကြေးရဲ့ အနာဂတ်ကို အစိုးရနဲ့ ညှိရမှာ ဖြစ်ပါတယ်။

တီဗီလိုင်စင်ကြေးကို အနည်းဆုံး လာမယ့် ၂၀၂၇ ခုနှစ်အထိ ဆက်ပေးနေဖို့ သဘောတူထားချက်ရှိပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ အဲဒီလိုင်စင်ကြေး ပမာဏ ဘယ်လောက်ဖြစ်မလဲဆိုတာကို အစိုးရက ပြန်သုံးသပ်ဖို့ ရှိနေပါတယ်။

တင်မ်ဒေးဗီးဟာ ဘီဘီစီရုပ်သံလွှင့်ဌာနကြီးရဲ့ ၉၈ နှစ် သက်တမ်းမှာ ၁၇ ယောက်မြောက် ညွှန်ကြားရေးမှူးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။