အော်စကာဆုရ 'ပူတင်ကို ဆန့်ကျင်တဲ့ ဘာမှမဟုတ်သူ' ဇာတ်ကားကို ရုရှားမှာပိတ်ပင်

    • ရေးသားသူ, လော်ရာ ဂေါ့ဇီ
  • ဖတ်ရန်အချိန်: မိနစ် ၅

အော်စကာဆုရ 'ပူတင်ကို ဆန့်ကျင်တဲ့ ဘာမှမဟုတ်သူ' (Mr Nobody Against Putin) မှတ်တမ်းရုပ်ရှင်ကားကို အစွန်းရောက်နဲ့ အကြမ်းဖက်ဝါဒတွေ ဖြန့်ဖြူးတယ်ဆိုပြီး ရုပ်သံလွှင့်လိုင်း သုံးခုမှာ မပြဖို့ ရုရှားတရားရုံးတရုံးက ပိတ်ပင်ခဲ့ပါတယ်။

ယူကရိန်းကို ၂၀၂၂ ဖေဖော်ဝါရီက ရုရှားဝင်တိုက်ပြီးနောက် ရုရှားကျောင်းတွေမှာ စစ်ဝါဒဖြန့်မှုတွေ အရှိန်တက်လာတဲ့အကြောင်း မှတ်တမ်းတင်တဲ့ ဒီဇာတ်ကားက ဒီလဆန်းမှာ အော်စကာဆုရခဲ့ပါတယ်။

ရုရှားက ထွက်ပြေးရတဲ့ ကျောင်းပြပွဲ အခမ်းအနား စီစဉ်သူ ပါဗယ် တလန်ကင် စုဆောင်းထားတဲ့ ဗီဒီယိုရုပ်သံကို အခြေခံ ထားတာပါ။

ယူကရိန်းစစ်နဲ့ လက်ရှိ ရုရှားအစိုးရအပေါ် မကောင်းမြင်စိတ်တွေကို ဒီဇာတ်ကားက ပြနေတယ်ဆိုပြီး အစိုးရရှေ့နေတွေက စောဒကတက်ကြကြောင်း ရုရှားမီဒီယာမှာ ပါရှိပါတယ်။

ယူကရိန်းစစ် ဆန့်ကျင်သူတွေ သုံးတဲ့ အပြာလိုင်းကို အဖြူလိုင်း နှစ်လိုင်း ကွပ်ထားတဲ့ အလံကို ရည်ညွှန်းပြီး ဒီဇာတ်ကားမှာ အကြမ်းဖက် အဖွဲ့ သုံးတဲ့အလံ ပါတယ်လို့လည်း ဒုတိယ အစိုးရရှေ့နေက ပြောပါတယ်။

တလန်ကင် အလုပ်လုပ်ခဲ့တဲ့ ကျောင်းရှိတဲ့ ကရာဘက်ရှ်မြို့နဲ့ မဝေးတဲ့ မြို့ တမြို့က တရားရုံးမှာ ဒီအမိန့်ချခဲ့တာပါ။

အင်တာနက် ရုပ်သံလိုင်း သုံးခုကနေ ဒီရုပ်ရှင်ကို ဖယ်ပေးရမှာ ဖြစ်ပါတယ်။

မိဘ ခွင့်ပြုချက် မပါဘဲ ရိုက်ထားတဲ့ ကလေးတွေရဲ့ ပုံတွေ အသုံးပြုမှုအတွက် အော်စကာဆုရ ဒီရုပ်ရှင်ကို ရုရှား အစိုးရရဲ့ လူ့အခွင့်အရေး အဖွဲ့က မတ်လဆန်းက ရှုတ်ချခဲ့သလို အော်စကာဆုပေးတဲ့ အဖွဲ့ကိုလည်း ဒီကိစ္စ စုံစမ်းဖို့ တောင်းဆိုမယ်လို့ ပြောပါတယ်။

ယူကရိန်းကို နာဇီအောက်က လွတ်မြောက်ဖို့ အတွက် သင်ခန်းစာတွေ၊ စစ်ပြန်တွေရဲ့ စကားတွေနဲ့ မိုင်းဗုံးတွေကို ဘယ်လိုရှာပြီး သေနတ်တွေကို ဘယ်လို ကိုင်တွယ်ရမလဲ သင်ခန်းစာတွေ ပါတဲ့ ရုရှားအစိုးရရဲ့ ကျောင်းသင်ရိုးအကြောင်းကို ပူတင်ကို ဆန့်ကျင်တဲ့ ဘာမှမဟုတ်သူ ဇာတ်ကားက ပြနေပါတယ်။

တလန်ကင်ရဲ့ ကျောင်းသားဟောင်းတွေ စစ်ထဲဝင်ပြီး ယူကရိန်းမှာ ကျဆုံးတဲ့ အကြောင်းတွေလည်း ဒီဇာတ်ကားမှာ ပါရှိသလို သူကိုယ်တိုင် စစ်ဆန့်ကျင်တဲ့အကြောင်းတွေလည်း ပါပါတယ်။

"ကြယ်တွေ ကြွေချိန်မှာ အရေးကြီးတဲ့ ဆုတောင်းဖို့ ကျွန်တော်တို့ လေးနှစ်ကြာအောင် ကောင်းကင်ကို ကြည့်ခဲ့ကြတယ်။ တချို့နိုင်ငံတွေမှာတော့ ကြယ်တွေ မကြွေဘဲ ကောင်းကင်က ဗုံးတွေ ကျလာပြီး ဒရုန်းတွေ ပျံလာကြတယ် "ဆိုပြီး တလန်ကင်ရဲ့ အော်စကာဆု လက်ခံယူတဲ့ မိန့်ခွန်းမှာ ပါရှိပါတယ်။

"ကျွန်တော်တို့ အနာဂတ်အတွက် ၊ ကျွန်တော်တို့ ကလေးတွေ အားလုံးအတွက် စစ်ပွဲတွေ အဆုံးသတ်ကြပါစို့ " လို့လည်း သူက ဆိုပါတယ်။

ရုရှားက ယူကရိန်းကို အလုံးအရင်းနဲ့ စဝင်တိုက်ကတည်းက ရုရှားအစိုးရက အတိုက်အခံတွေကို ဖိနှိပ်မှုက ပိုဆိုးလာခဲ့ပါတယ်။

ယူကရိန်းစစ်ကို လူသိရှင်ကြား ဆန့်ကျင်ရင်လည်း ထောင်ဒဏ်နှစ်ရှည်ကျသွားနိုင်ပါတယ်။

ဒိန်းမတ်-ချက် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ဒီဇာတ်ကားက ၂၀၂၆ နှစ်ဆန်းမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဇာတ်ကား အော်စကာဆုနဲ့ ဘက်ဖ်တာဆုတွေ ရခဲ့ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကား အော်စကာဆုရပြီးနောက် ဒီကားနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကို ရုရှား အစိုးရက ရှောင်ဖယ်နေခဲ့ပါတယ်။

"ကျွန်တော် ဒီကားကို မကြည့်ဘူး" ဆိုပြီး ဗလာဒီမီယာ ပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

ရုရှား ရုပ်ရှင်ထုတ်လုပ်သူတွေအတွက် ထောက်ပံ့မှု အလုံအလောက် မရချိန်မှာ ရုရှားရုပ်ရှင်ရုံတွေမှာတော့ "ညံ့ဖျင်းပြီး မလိုအပ်တဲ့" နိုင်ငံခြားကားတွေ ပြနေတယ် ဆိုပြီး ရုရှားသမ္မတ ပူတင်က ယဉ်ကျေးမှုကောင်စီဝင်တွေနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။