ငလျင်ကြောင့် ပျက်စီးသွားတဲ့ မန္တလေးက ဗလီတွေ ဘာဆက်ဖြစ်နေလဲ

ဖတ်ရန်အချိန်: မိနစ် ၁၁

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့ထဲက ဗလီတွေ ပြန်‌ဆောက်ခွင့်ရဖို့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေက ကြိုးစားနေကြပေမဲ့ တစ်နှစ်ကြာလာတဲ့အထိ ခွင့်ပြုမိန့် မရကြသေးပါဘူး။

ဗလီတွေ ပြုပြင်၊ ပြန်ဆောက်ခွင့်ရဖို့ ပိုင်ဆိုင်ခွင့် အထောက်အထားတွေ၊ ဌာနဆိုင်ရာ ထောက်ခံချက်တွေ၊ သာသနာ့နယ်မြေဖြစ်ကြောင်း ထောက်ခံစာတွေသာမက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဆီကပါ ထောက်ခံစာတွေယူ ပေးရတဲ့အထိ လုပ်ငန်းစဉ်တွေကို ဖြတ်ကျော်ကြရပေမဲ့ ခွင့်ပြုချက်လမ်းစ မတွေ့ကြရသေးပါဘူး။

စစ်ကိုင်းပြတ်ရွေ့ငလျင်ကြီး လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗလီပေါင်း ၁၈၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မန္တလေးမြို့ပေါ် ၇ မြို့နယ်မှာတော့ ဗလီ ၅၀ ကျော်နဲ့ အထိအခိုက်အများဆုံး ဖြစ်ခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ အစ္စလာမ်ဘာသာ အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

ပြိုကျဗလီတွေ အသစ်ပြန်ဆောက်ခွင့်ရဖို့ ကြိုးပမ်းနေကြပေမဲ့ ဘယ်လိုအခြေအနေတွေကြောင့် ကြန့်ကြာနေတာပါလဲ။

စောင့်ဆိုင်းနေရတဲ့ ပြန်ဆောက်ခွင့်

ငလျင်ဒဏ်ကြောင့် ဗလီတွေပြိုကျခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီကစပြီး ပြိုကျဗလီတွေ ပြန်ဆောက်ခွင့်၊ ပျက်စီးယိုယွင်းသွားတဲ့ ဗလီတွေ ပြန်ပြင်ခွင့်ရဖို့ ကြိုးစားခဲ့ကြပါတယ်။

မန္တလေးတိုင်းထဲက မြို့နယ် ၁၇ ခုထဲမှာ ဗလီပေါင်း ၁၅၂ လုံး၊ နေပြည်တော်မှာ ၁၅ လုံး၊ စစ်ကိုင်းမှာ ၆ လုံး၊ ပဲခူးမှာ ၈ လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂ လုံးစုစုပေါင်း ၁၈၃ လုံး ထိခိုက်ပျက်စီးခဲ့တယ် အစ္စလာမ်ဘာသာဝင် တချို့က ပြောပါတယ်။

"တချို့ဗလီတွေက ငလျင်မှာ လုံးဝကို ပြိုသွားတာ၊ တချို့ဗလီတွေကျတော့ အန္တရာယ်ရှိသွားလို့ ဖြိုချလိုက်ရတာ၊ အသစ်ဆောက်ထပ်ဆောက်ဖို့ မပြောနဲ့၊ ရှိနေတဲ့ဗလီ ငလျင်လှုပ်လို့ ပြိုကျလို့ပြန်ဆောက်တာ၊ ပြန်ပြင်တာကိုပဲ ဌာနပေါင်းစုံကို နှစ်ချီပြီး ဖြတ်သန်းနေရတယ်"လို့ ဗလီတွေ ပြန်တည်‌ဆောက်ခွင့်ရရေး ကြိုးစားနေတဲ့ အစ္စလာမ်ဘာသာဝင် ဦးစံကျော် (အမည်လွှဲ) က ပြောပါတယ်။

မန္တလေးမြို့ထဲက မြို့နယ် ၇ ခု မှာ ဘုရားဝတ်ပြုဆောင်၊ ဘာသာရေးကျောင်းနဲ့ ဗလီပေါင်း ၆၅ လုံးရှိပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တာက အလုံးရေ ၅၀ ဝန်းကျင်ရှိပြီး ၃၃ လုံး လုံးဝဖြိုချထားရတယ်လို့ ဘာသာရေးအဖွဲ့အစည်းတချို့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ငလျင်လှုပ်ပြီး ၂ လအကြာ ၂၀၂၅ ခုနှစ် မေလမှာတော့ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ဖို့၊ ဆောင်ရွက်ပြီးစီးတာတွေပါ ပြန်တင်ပြရမယ်လို့ ပျော်ဘွယ်မြို့ ခရိုင်သာသနာရေးမှူးရဲ့ ညွှန်ကြားချက်စာတစ်စောင် ထွက်ပေါ်လာပါတယ်။

ဗလီတွေကို ပြန်ဆောက်ခွင့်ရဖို့ မြို့နယ်စည်ပင်၊ လမ်းတံတား၊ မြေစာရင်း၊ မီးသတ်၊ ရှေးဟောင်းသုတေသနစတဲ့ ဌာနဆိုင်ရာ ၁၆ ခုကို အဆင့်ဆင့် ခွင့်ပြုချက်တွေ တင်ထားရတယ်လို့ သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းတချို့က ပြောပါတယ်။

တချို့ဗလီတွေက နှစ်သက်တမ်း ရာချီရှိနေတာကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦအဖြစ် သတ်မှတ်ထားတာ ရှိနေလားဆိုတဲ့ ရှေးဟောင်းသုတေသန ဦးစီးဌာနရဲ့ မှတ်ချက်ကိုလည်း အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေက ရယူကြရတာပါ။

တချို့ဗလီတွေဆိုရင် စည်ပင်သာယာကတောင် ထောက်ခံချက်မရသေးတာကြောင့် စောင့်ဆိုင်းနေရတာတွေ ရှိနေပါတယ်။

ငလျင်ဒဏ်ထိခဲ့တဲ့ဗလီတွေထဲက မန္တလေးတိုင်း ပျော်ဘွယ်မှာ ၁ လုံး ၊ ရမည်းသင်းမှာ ၃ လုံး ၊ နေပြည်တော်ကောင်စီနယ်မြေမှာ ၂ လုံး၊ ပျဉ်းမနားမှာ ၄ လုံး တို့ကတော့ ပြင်ဆင်ဆောက်လုပ်ခွင့် ရထားတယ်လို့လည်း အစ္စလာမ်ဘာသာရေး အဖွဲ့စာရင်းတွေအရ သိရပါတယ်။

မန္တလေးမြို့မှာတော့ ဗလီနဲ့ ဘာသာရေးကျောင်း တစ်ခုမှကို ပြန်ဆောက်ဖို့ ခွင့်ပြုချက် မရသေးတာဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ စစ်ကော်မရှင်ရဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်ကို အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်တချို့က ဗလီတွေ ပြန်ဆောက်၊ ပြုပြင်ခွင့်ရဖို့ တွေ့ဆုံတောင်းဆိုခဲ့ကြပါတယ်။

"တောင်းဆိုတဲ့အချိန်မှာ ဝန်ကြီးချုပ်က ဘာပြောလဲဆိုတော့ သာသနာ့မြေဖြစ်တာတွေကို ဆင့်ကဲခွင့်ပြုချက်တွေ ပေးမှာပါပြောတယ်။ ဒါပေမဲ့ အခုထိ တစ်ခုမှ မရသေးဘူး။ ငွေကြေး၊ ပစ္စည်းထောက်ပံ့မှုတွေ ကျွန်တော်တို့ မတောင်းဆိုပါဘူး၊ ခွင့်ပြုမိန့်လေးပဲ ရချင်တာပါ"လို့ ဦးစံကျော်က ပြောပါတယ်။

ဒါ့အပြင် သာသနာ့မြေ မဖြစ်တဲ့ဟာကိုတော့ ပေးလို့မရဘူးလို့ မန္တလေးတိုင်း ဝန်ကြီးချုပ်က ပြောခဲ့သေးတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ သာသနာ့မြေအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဗလီပေါင်း ၄၀ ဝန်းကျင်ရှိပြီး အမရပူရမြို့နယ်ဘက်က ဗလီတချို့ကတော့ ကျေးရွာမြေထဲ ပါဝင်နေတာလည်း ရှိပါတယ်။

သာသနာ့မြေမဟုတ်တဲ့ ဗလီတွေကို ပြန်ဆောက်ခွင့်ရဖို့အတွက် သာ့သနာ့မြေဖြစ်အောင် အရင်လျှောက်ထားဖို့လိုအပ်တယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့တယ်လို့ သိရပါတယ်။

ငလျင်သင့်ဗလီတွေကို ပြန်ပြင်ဆင် ဆောက်လုပ်ခွင့်ပေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ဦးစီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။

ဗလီဆောက်ခွင့်ရဖို့ အမြဲခက်ခဲခဲ့

ဗလီတွေကို အသစ်ထပ်တိုးဆောက်ခွင့်ရဖို့အသာထား၊ ရှိထားတဲ့ဗလီဟောင်းနွမ်းလို့ ပြန်ပြင်ခွင့်ရဖို့တောင် အင်မတန်ခက်ခဲတဲ့ ကာလကို ဆယ်စုနှစ်ပေါင်းများစွာ အစ္စလာမ်ဘာသာဝင်တွေ ရင်ဆိုင်ခဲ့ကြရပါတယ်။

ပြိုကျ ပျက်စီးသွားတဲ့ မန္တလေးက ဗလီတချို့ ကလည်း မင်းတုန်းမင်းလက်ထက်က ဆောက်ထားခဲ့တာဖြစ်သလို တချို့ ဗလီတွေက ၁၉၇၀ ပြည့်နှစ် ဝန်းကျင်မှာ ဆောက်ခဲ့တာလို့ မန္တလေး ဗလီတချို့ရဲ့ နောက်ခံသမိုင်းကိုလည်း အစ္စလာမ်ဘာသာဝင်တချို့က ပြောကြပါတယ်။

နှစ်သက်တမ်း ၆၀ ဝန်းကျင်ကနေ သက်တမ်းရာချီရှိနေတဲ့ ဗလီတွေဟာ ခိုင်ခံ့မှုယိုယွင်းနေခဲ့တာ ကြာပါပြီ။

"အမိုးလဲတာ၊ ဆေးသုတ်တာ၊ တန်းလဲတာတို့လို အသေးစားလေးတွေတော့ နားလည်မှုနဲ့ လုပ်ခွင့်ပေးတာရှိကြပါတယ်။ ဒါပေမဲ့ အဟောင်းဖြိုပြီး အသစ်ပြန်ဆောက်တာမျိုးက လုံးဝမရဘူး။ ခွင့်ပြုချက်ရဖို့ ခက်ခဲတော့ ကိုယ်တွေလည်း ဝတ်ပြုဖို့ အဆင်ပြေနေတာနဲ့ ပေါ့ဆခဲ့မိတာလည်း ပါပါတယ်"လို့ ဗလီပြန်ဆောက်ခွင့်ရရေး ကြိုးစားနေတဲ့ အစ္စလာမ်ဘာသာဝင် ကိုအဘိုင်(နာမည်လွှဲ) က ပြောပါတယ်။

စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြီး လှုပ်ခတ်သွားတဲ့အချိန်ကလည်း မတ် ၂၈ ရက်၊ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းဝတ်ပြုနေတဲ့ သောကြာနေ့ ၊ နေ့လယ် အချိန်လည်းဖြစ်ပါတယ်။

ငလျင်လှုပ်လို့ ပြိုကျသွားတဲ့ ဗလီတွေထဲမှာ ပိမိသူတွေကို ပြန်ဝင်ဆွဲကြရင်း နောက်ထပ်တကြိမ် ထပ်လှုပ်တာကြောင့် သေဆုံးထိခိုက်သူတွေ များခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောင့် ဘုန်းကြီးကျောင်း၊ သီလရှင်အပါအဝင် တခြားဘာသာရေးအဆောက်အဦ ၅၅၈၈ ခု ထိခိုက်ပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင် ၆၇၃ ယောက် သေဆုံးတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဗလီ ၁၃၆ လုံး ထိခိုက်ပျက်စီးတယ်လို့ စစ်ကော်မရှင်က ၂၀၂၅ ခုနှစ်မှာ မေမှာ ထုတ်ပြန်ထားပေမဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေရဲ့ စာရင်းမှာတော့ ၁၈၃ လုံး ရှိနေပါတယ်။

နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ရှမ်းနဲ့ ကရင်ပြည်နယ်မှာလည်း အစ္စလာမ်ဘာသာဝင် အယောက် ၄၂၀ နီးပါး ဒဏ်ရာရရှိတယ်လို့လည်း စစ်ကော်မရှင် စာရင်းအရ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူတွေ ကောင်းမွန်ရာရောက်ရှိအောင် ဆုတောင်းမေတ္တာပို့ကြသလို ဗလီတွေ ပြန်ဆောက်ခွင့်ရဖို့ မန္တလေးမြို့ထဲက ဌာနဆိုင်ရာပေါင်းစုံရဲ့ ခွင့်ပြုချက် စောင့်ဆိုင်းရင်း ရာနဲ့ချီတဲ့ ကိုးကွယ်ရာတူ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးခဲ့တဲ့ ဗလီအပြိုအပျက်တွေကြားမှာ မြေသလင်းမှာ ဝတ်ပြုကြရပါတယ်။

မြေတလင်းမှာ ဝတ်ပြုနေကြရ

၂၀၂၆ ခုနှစ်အတွက် အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဝါကျွတ်အိဒ်က မြန်မာနိုင်ငံမှာ မတ် ၂၁ ရက်မှာ ကျရောက်ခဲ့ပါတယ်။

အဲဒီနေ့မှာ မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တွေဟာ ပြိုကျပျက်စီးနေတဲ့ ဗလီတွေထဲမှာ ဝတ်ပြုလို့ မရခဲ့ပါဘူး။

ပြန်ပြင်ခွင့်၊ အသစ်ဆောက်ခွင့် မရသေးတဲ့ ၊ငလျင်ဒဏ်ကြောင့် ပြိုပျက်နေတဲ့ ဗလီရှေ့မြေကွက်လပ်မှာ ဝတ်ပြုကြသလို တချို့ကတော့ လမ်းမပေါ်မှာ ဝတ်ပြုကြရပါတယ်။

တချို့ အစ္စလာမ်ဘာသာရေးအဖွဲ့တွေကတော့ ရွှေတောင်ဦးကွင်းမှာ စုပေါင်းဝတ်ပြုဖို့ စီစဉ်ပေးပေမဲ့ လာရောက်ဝတ်ပြုသူတွေ နည်းခဲ့ပါတယ်။

"ရွှေတောင်ဦးက မန္တလေးမြို့နဲ့ ၁၂ မိုင်ဝေးတယ်၊ လမ်းမှာလည်း စစ်ဆေးရေးဂိတ်ရှိတယ်။ ဝတ်ပြုမယ့်အထဲ လူငယ်တွေလည်းပါတော့ မှတ်ပုံတင်စစ်လား၊ ဘာစစ်လားနဲ့ အဆင်မပြေမှာကြောက်လို့ မသွားကြဘူး"လို့ မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ယောက်က ပြောပါတယ်။

ဝါကျွတ်အိဒ်ကတော့ ဘာသာရေးအရ အလေးထားတဲ့နေ့ဖြစ်လို့ အထူးတလည် ဝတ်ပြုကျသလို အပတ်စဉ် သောကြာနေ့ကလည်း ဝတ်ပြုနေကျ ရက်ဖြစ်ပါတယ်။

ငလျင်ဒဏ်ထိထားတဲ့ တချို့ ဗလီတွေမှာ ယာယီဝတ်ပြုဆောင် ဆောက်ထားပြီး ဝတ်ပြုကြပေမဲ့ နေရာနဲ့ လူဦးရေ မမျှတာကြောင့် အလှည့်ကျ ဝတ်ပြုနေကြရတယ်လို့လည်း စစ်ကိုင်းမြို့ထဲက အစ္စလာမ်ဘာသာဝင် ဦးမျိုးကျော် (နာမည်လွှဲ) ကပြောပါတယ်။

မန္တလေးမြို့ရဲ့ ဧရာဝတီမြစ် တဖက်ကမ်း စစ်ကိုင်းမြို့နယ်ထဲက ဗလီ ၃ လုံးကတော့ ပြီးခဲ့တဲ့ ၃ လလောက်ကစပြီး ပြင်ဆင်၊ ဆောက်လုပ်ခွင့် ရရှိထားပါတယ်။

စစ်ကိုင်းက ပြန်ဆောက်ခွင့်ရတဲ့ ၃ လုံး

စစ်ကိုင်းမြို့နယ်ထဲမှာ မြို့တော်၊ မြို့မ၊ မိုးကျဗလီတွေကို ပြုပြင်ခွင့်ရပြီ ဖြစ်တာကြောင့် လုပ်ငန်းတွေစတင်နေပြီလို့ စစ်ကိုင်းမြို့က ဗလီပြန်တည်ဆောက်ရေးမှာ ပါဝင်နေသူတွေနဲ့ နီးစပ်တဲ့ အစ္စလာမ်ဘာသာဝင် ဦးမျိုးကျော် (နာမည်လွှဲ) ကပြောပါတယ်။

နဂိုမူလအတိုင်း ပုံစံမပျက် ဆောက်လုပ်ဖို့၊ ရှိထားတဲ့ အဆောက်အဦ အတိုင်းအတာ အကျယ်အဝန်းအတိုင်း အတိအကျဆောက်လုပ်ဖို့ စတဲ့ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်ရတယ်လို့လည်း သူကပြောပါတယ်။

အသစ်ဆောက်ရတဲ့ ဗလီကလည်း ငလျင်အင်အား ၈ ရစ်ချ်တာစကေးအထိ ခံနိုင်ပါတယ်ဆိုတဲ့ ဝန်ခံကတိကို အင်ဂျင်နီယာကိုယ်တိုင် လက်မှတ်ထိုးပေးရပြီး လုပ်ငန်းစဉ်တလျှောက်လုံးမှာ စိစစ်ဆောင်ရွက်ရတယ်လို့လည်း သိရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦတွေကို ပြန်ပြင်တာသာမက နောက်ထပ် အဆောက်အဦဆောက်လုပ်တဲ့အခါ ရစ်ချ်တာစကေး ၈ အထိ ခံနိုင်တဲ့အထိ ဆောက်လုပ်ရမယ်လို့လည်း ညွှန်ကြားချက်တွေ ထုတ်ခဲ့ပါတယ်။

လုပ်ငန်းစတဲ့ ကာလတလျှောက်မှာလည်း ဌာနဆိုင်ရာတွေက အဆက်အပြတ် စောင့်ကြပ်နေတာလည်း ရှိပါတယ်။

စစ်ကိုင်းမြို့ထဲကပဲ ပြင်ဆင်ဖို့ ခွင့်ပြုချက်ရဖို့ စောင့်နေရတဲ့ ရထောင်နဲ့ ရွာသစ်ကြီးဗလီတွေကတော့ အခုချိန်အထိ မရသေးပါဘူး။

ဒါ့အပြင် ရဲစခန်းနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဂါတ်တန်းဗလီနေရာကလည်း လုံးဝ ပြန်ဆောက်ခွင့် မရတော့ဘဲ အစားထိုးဆောက်ဖို့ နေရာကို ရှာနေကြတယ်လို့လည်း စစ်ကိုင်းမြို့ခံ အစ္စလာမ်ဘာသာဝင်တွေက ပြောပါတယ်။

စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်းထဲက မြို့နယ်တချို့မှာ ငလျင်ဒဏ်ထိ ဗလီတချို့ ပြန်ပြင်ဆင် ဆောက်လုပ်ခွင့်ရသလိုပဲ မန္တလေးတိုင်းထဲက ဗလီတွေအတွက်လည်း ခွင့်ပြုချက်ရဖို့ ကြိုးစားနေကြပါတယ်။

မြန်မာ့ရေမြေမှာပဲ နေထိုင်ကြီးပြင်းခဲ့ကြတဲ့ ဘာသာမတူတဲ့ နိုင်ငံသားတွေရဲ့ ကိုးကွယ်ရာအတွက်လည်း လွတ်လပ်ခွင့် ရချင်တယ်လို့ ဗလီပြန်တည်ဆောက်ခွင့် ရရှိရေးကြိုးပမ်းနေသူတွေက ရင်ဖွင့်ပါတယ်။

လက်ရှိကျင်းပနေတဲ့ မန္တလေးတိုင်း လွှတ်တော်ကနေ တိုင်းအစိုးရဖွဲ့ပြီးရင်တော့ ငလျင်ဒဏ်ထိ ဗလီတွေ ပြန်တည်ဆောက်ခွင့် ရလာနိုင်မလားဆိုတာကိုလည်း မျှော်လင့်နေကြပါတယ်။