အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်တဲ့စစ်ပွဲမှာ ရေက လက်နက်ဖြစ်လာပြီလား

လုပ်ငန်းခွင်သုံး ဦးထုပ်အဝါရောင် ဆောင်းထားတဲ့ အမျိုးသားတစ်ဦးက လီတာ ၂၀ ခန့် ဝင်ဆန့်တဲ့ အပြာရောင်ရေပုံးတစ်လုံးထဲကရေကို လေပေါ် မြှောက်ပြီး ပင့်သောက်နေတဲ့ဓာတ်ပုံ၊ အနောက်မှာတော့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ကောင်းကင်ကို မီးခိုးလုံးကြီးတက်နေတဲ့ အဖြူအမည်း ဓာတ်ပုံကို မြင်သီးခြားမြင်ရပြီး ဓာတ်ပုံ ၂ ပုံကို အဝါရောင်အလွှာတစ်ခုနဲ့ ပေါင်းစပ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC and Getty Images

    • ရေးသားသူ, နစ်ခ် အဲရစ်ဆန်
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်
  • ဖတ်ရန်အချိန်: မိနစ် ၁၁

သဘာဝရင်းမြစ်တွေ နည်းပါးလာတဲ့အချိန်မှာ လူလူချင်း မတရားမှုတွေလုပ်ကြတာကို ဖော်ညွှန်းတဲ့ဝတ္တုတွေ၊ ရုပ်ရှင်တွေထဲမှာပါတဲ့မြင်ကွင်းတွေက လက်တွေ့မှာ ဘယ်လောက်ဖြစ်လာနိုင်ပါလဲ။ အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်နေတဲ့စစ်ပွဲ အရှိန်မြင့်လာချိန်မှာ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

ရေနံကြောင့် အနောက်ကမ္ဘာက အဲဒီဒေသမှာ ကာလရှည်ကြာ ပါဝင်ပတ်သက်နေတယ်လို့ မှန်းထားကြတဲ့အတိုင်း ဒီစစ်ပွဲမှာလည်း ရေနံက တစိတ်တပိုင်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ စစ်က ကျယ်ပြန့်လာပြီး ပင်လယ်ကွေ့နိုင်ငံတွေဆီကို ပြန့်လာတဲ့အခါ နောက်ထပ် သဘာဝအရင်းအမြစ်တခုဖြစ်တဲ့ ရေက အခုအချိန်မှာ ပြဿနာမဟုတ်သေးပေမဲ့ တစ်ချိန်မှာ ပြဿနာကြီး တစ်ခုဖြစ်လာနိုင်တယ်လို့ တချို့ သုံးသပ်သူတွေက ပြောနေပါပြီ။

ပင်လယ်ကွေ့မှာ သဘာဝအတိုင်း ကမ္ဘာ့ရေချို ရနိုင်မှု စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းကိုပဲ ရရှိပါတယ်။ ဒီဒေသဟာ ပင်လယ်ရေကနေ ရေချိုအဖြစ် သန့်စင်ပြောင်းလဲရတဲ့စက်ရုံတွေကို အလွန်အမင်း မှီခိုရတာပါ။ ၁၉၅၀ နှစ်တွေ တဝိုက်ကစပြီး ရေနံတွေ တွေ့၊ ရေနံတွေ ထုတ်လုပ်လာတာနဲ့အမျှ ရေလိုအပ်မှုကလည်း အဲဒီမှာ ပိုပြီး ဖိအားဖြစ်လာနေပါတယ်။

နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ပြင်သစ်အင်စတီကျု (French Institute for International Relations) ရဲ့အဆိုအရ ကူဝိတ်ရဲ့ ရေ ၉၀% က ပင်လယ်ရေကနေ ရေချိုလုပ်တဲ့လုပ်ငန်းတွေကို မှီခိုနေရတာဖြစ်ပြီး အိုမန်က ၈၆%၊ ဆော်ဒီအာရေးဗျက ၇၀%၊ ယူအေအီးက ၄၂% စသဖြင့် ရှိကြကြောင်း သိရပါတယ်။

"၂၀၂၁ မှာ ပင်လယ်ကွေ့နိုင်ငံတွေအတွင်း ပင်လယ်ရေငန်ကနေ ရေချို ထုတ်လုပ်မှု ပမာဏက တနေ့ကို ကုဗ မီတာ သန်း ၂၀ ကျော် ရှိပါတယ်။ ဒါက အိုလံပစ် ရေကူးကန်ပေါင်း ၈,၀၀၀ ကို ဖြည့်ရတဲ့ရေပမာဏနဲ့ ညီပါတယ်" လို့ အိုမန်မှာ အခြေစိုက်တဲ့ Center for Environment, Fisheries and Aquaculture Science - သဘာဝ ပတ်ဝန်းကျင် ငါးလုပ်ငန်းနဲ့ ရေသဘာဝ စင်တာက ဒေါက်တာ ဝဲလ် လီ ကျူစ်က ဘီဘီစီကို ပြောပါတယ်။

၂၀၂၆ မတ်လ ၁ ရက်နေ့မှာ ဒူဘိုင်းကို အီရန်ဘက်မှ တိုက်ခိုက်ခဲ့တယ်လို့ သတင်းထွက်ပြီးနောက် Jebel Ali ဆိပ်ကမ်းဘက်က မီးခိုးတိုင် မြင့်တက်နေတဲ့အချိန်၊ ရေယာဉ်တစ်စင်းက ဖြတ်သန်းသွားနေတဲ့ ပုံပါ။

ဓာတ်ပုံ ရင်းမြစ်, Fadel Senna / AFP via Getty Images

ဓာတ်ပုံ ပုံစာ, သဘာဝအတိုင်း ရေချို ရရှိနိုင်မှုက ပင်လယ်ကွေ့မှာ အနည်းငယ်သာ ဖြစ်တဲ့အတွက် စစ်ပွဲကနေ ရေချို ရရှိနိုင်မှု အပေါ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သက်ရောက်မှုက အကြီးအမားဖြစ်

ပင်လယ်ကွေ့ ဒေသမှာ မြေအောက်ကရတဲ့ရေချိုက အလွန်အမင်း နည်းပါးနေပြီမို့ စိုက်ပျိုးရေးနဲ့ အစားအစာထုတ်လုပ်ရေး လုပ်ငန်းတွေမှာလည်း ပင်လယ်ရေကနေ ရေချိုအဖြစ်ပြောင်းထားတဲ့ရေ အပေါ် အကြီးအမား မှီခိုရတာပါ။

ဒီလိုအခြေအနေမှာ ရေချိုလုပ်တဲ့စက်ရုံတွေကို အမေရိကန်ကရော၊ အီရန်ကပါ ပစ်မှတ်ထားလာတော့မယ့် အရေးကို မြင်လာရနိုင်ပါတယ်။

တီဟီရန်ရဲ့လုပ်ဆောင်မှုက ဒီစစ်ကို အရှိန်မြှင့်ပြီး အမေရိကန်နဲ့ အစ္စရေးကို တိုက်ရိုက်နဲ့ အပြင်းအထန် တိုက်ခိုက် သွားမှာ မျိုးထက်စာရင် ပဋိပက္ခရဲ့ဧရိယာကို ပိုကျယ်အောင်လုပ်မယ့် ပုံရှိတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ အီရန်က တုံ့ပြန်မှုလုပ်မှာလို့ ဆိုထားသော်ငြား ရေချိုထုတ်တဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတာမျိုးကလည်း အီရန်ရဲ့ ဗျူဟာထဲမှာ ပါလာနိုင်ပါတယ်။

"ပင်လယ်ကွေ့နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ရေချိုအခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရပြီဆိုရင် စစ်ကို အဆုံးသတ်ဖို့ အမေရိကန်ကို သူတို့ ဖိအားပေးတာတွေ ပိုများလာမှာပါ" လို့ ကာတာနိုင်ငံ၊ အနောက်မြောက်တက္ကသိုလ်(Northwestern University) က ပါမောက္ခ မတ်ခ် အိုဝင် ဂျုန်းစ် ဆိုပါတယ်။

အီရန်ရဲ့တိုက်ခိုက်မှု ရည်ရွယ်ချက်က အရပ်သားတွေ "နေမလား၊ ပြေးမလား" အထိ ဆုံးဖြတ်ရအောင် "ကြောက်လန့်ရမှု အတိုင်းအတာကို တိုးမြှင့်" လိုက်တာမျိုး ဖြစ်လာနိုင်ကြောင်း သူက ဆိုပါတယ်။

ယူအေအီး ပြည်ထဲရေးဝန်ကြီးဌာနက ဒူဘိုင်းနဲ့ အဘူဒါဘီမှာ နေထိုင်သူတွေကို အီရန်ဘက်က မစ်ဆိုင်းတိုက်ခိုက်နိုင်တဲ့ အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့တာကို မိုဘိုင်းဖုန်းပေါ်မှာ ပြထားတဲ့ ပုံပါ။ အဲဒီသတိပေးချက်ထွက်ပြီး မကြာခင်မှာပဲ ၂၀၂၆ မတ်လ ၅ ရက်နေ့မှာ ဒူဘိုင်းမှာ မစ်ဆိုင်းတစ်စင်းကို ကာကွယ်ရေးစနစ်က ပစ်ချတားဆီးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Fadel Senna / AFP via Getty Images

ဓာတ်ပုံ ပုံစာ, ပင်လယ်ကွေ့နိုင်ငံတွေမှာ အခုအချိန်အထိ ရေချို ထုတ်လုပ်ပံ့ပိုးတဲ့ အခြေခံအဆောက်အအုံတွေ အကြီးအမား ပျက်စီးတာမျိုး မရှိသေး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘာရိန်းက အီရန်ဟာ သူတို့ရဲ့ရေချိုစက်ရုံ တစ်ခုကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲချိန်မှာ အီရန်က အစောပိုင်းက အမေရိကန်ဟာ ဟော်မုဇ် ရေလက်ကြားထဲက ကက်ရှ်မန်ကျွန်းမှာ ရှိတဲ့ ရေချိုထုတ်နေရာတခုကို တိုက်ခိုက်ပြီး အပျက်အဆီးဖြစ်စေခဲ့တယ်လို့ ဆိုနေပါတယ်။

အီရန်က ဒူဘိုင်းရဲ့ ဂျဘယ် အလီ ဆိပ်ကမ်းကို တိုက်ခိုက်တာကလည်း အဲဒီနားမှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေချိုထုတ်စက်ရုံ တစ်ခုကို ပစ်မှတ်ထားခဲ့ပုံရတယ်လို့ တွက်ဆနေကြပါတယ်။ ယူအေအီးမှာရှိတဲ့ ရေနဲ့ စွမ်းအင်ထုတ် ဖူဂျိုင်ရာ အက်ဖ် ဝမ်း စက်ရုံအနီးမှာ အကြီးအကျယ် မီးလောင်ခဲ့ပါတယ်။ ဒါပေမဲ့ ယူအေအီးအရာရှိတွေက စက်ရုံက အလုပ်လုပ်နိုင်ဆဲပဲလို့ ပြောပါတယ်။

ကူဝိတ်က ဒိုဟာ အနောက် ရေချိုစက်ရုံလည်း အပျက်အစီးရှိခဲ့ပါတယ်။ ဒါပေမဲ့ အနားက ဆိပ်ကမ်းကို တိုက်ခိုက်တာ ဒါမှမဟုတ် ဒရုန်းတိုက်ခိုက်မှုက အစိတ်အပိုင်းတွေ လွင့်ကျလာတာ စတာတွေကြောင့်လို့လည်း သတင်းတွေထဲမှာ တွေ့ရပါတယ်။

ကုလသမဂ္ဂ တက္ကသိုလ် - ရေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ အင်စတီကျူ ကို ဦးဆောင်နေတဲ့ ပါမောက္ခ ကဗတ်ရှ် မာဒီနီက "(အီရန်က) ဒါ အချက်ပြလိုက်တာ ဖြစ်ဖို့ ပိုများတယ်" လို့ ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်ကို ပြောပါတယ်။

အမေရိကန်က ကက်ရှ်မန်ကျွန်းမှာ တိုက်ခိုက်လို့ အီရန်က သူတို့ ဘာရိန်းကို တိုက်ခိုက်တယ်လို့ ဆိုကာ သူတို့ရဲ့ တုံ့ပြန်မှုက "တရားနည်းလမ်းကျတယ်" ဆိုတဲ့ ပုံဖော်ထားပါတယ်။

ရေချို အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေက အီရန်ရဲ့လုပ်နိုင်စွမ်းကို ပြနေတာဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ သူတို့အပေါ် စစ်ဆင်ရေးကို သူတို့ဘက်က ဘယ်လောက်အထိ တုံ့ပြန်ဖို့ ပြင်ဆင်ထားသလဲဆိုတာကို ဖော်ညွှန်းနေတာပါ။

ဒါပေမဲ့ ပင်လယ်ကွေ့ရဲ့ အဖိုးတန် ရေချို ထောက်ပို့မှုနေရာတွေကို ပစ်မှတ်ထားနိုင်တယ်လို့ အီရန်က ခြိမ်းခြောက်နိုင်ပေမဲ့လည်း အနာဂတ်မှာ အဲဒီလိုပဲ ရေချိုနေရာတွေကို အီရန်က တိုက်ခိုက်သွားမှာလို့ ညွှန်းဆိုနေတာ မဟုတ်ကြောင်း မာဒီနီက ပြောပါတယ်။

"ရေကို လက်နက်လိုသုံးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကတော့ ရာဇဝင်တလျှောက်လုံးမှာ ရှိခဲ့တာပါ။"

ပင်လယ်ကွေ့

ဂျီနီဗာ သဘောတူညီချက် ပုဒ်မ ၄၅ ကို မာဒီနာက ထောက်ပြကာ ပင်လယ်ကွေ့က ရေချိုစက်ရုံတွေကို တိုက်ရိုက် တိုက်ခိုက်တာမျိုးကို တီဟီရန်က သတိထားပြီး ရှောင်ကျဉ်ထားပုံရတာက အဲဒီဥပဒေ ပုဒ်မကြောင့်ဖြစ်ပြီး ဒါကြောင့်မို့ သူတိုက်ခိုက်တာက တုံ့ပြန်တိုက်ခိုက်မှုတွေသာ ဖြစ်ကြောင်း အမြဲဆိုနေတာလို့ ပြောပါတယ်။

"ဒီ ဥပဒေက အရပ်ဖက်သုံး အခြေခံအဆောက်အအုံတွေကို မတိုက်ခိုက်ရဘူးလို့ တားမြစ်ထားတယ်။ ဒါပေမဲ့ (အီရန်က) ဒါကို သူတို့ စတာ မဟုတ်ဘူးလို့ အဘတ်စ် အာရတ်ရှ်ချီက ဆိုနေတာပဲလေ" လို့ မာဒီနာက အီရန် နိုင်ငံခြားရေးဝန်ကြီးရဲ့ လူမှုကွန်ရက် ပို့စ်ကို ပြန်ပြောပြပါတယ်။

အာရတ်ရှ်ချီက ကက်ရှ်မန်ကျွန်းတိုက်ခိုက်မှုဟာ ရွာအတော်များများကို ရေထောက်ပို့မှု အကန့်အသတ်ဖြစ်သွားအောင် လုပ်တဲ့ '' ပြောင်ကျကျ ရာဇဝတ်မှု ဖြစ်တယ်။ ... အန္တရာယ်ကြီးတဲ့ ဒီလုပ်ရပ်ဟာ ပြန်ပြီးတော့ အကြီးအမား ပေးဆပ်ရလိမ့်မယ်" လို့ ဆိုခဲ့ပါတယ်။

ဒါတွေ ရေရှည် ဆက်ပြီးဖြစ်လာနိုင်၊ မနိုင် မသိနိုင်ပေမဲ့ ဒီအဖြစ်တွေဟာ ရေရရှိနိုင်မှုနဲ့ ပတ်သက်ပြီး အမေရိကန်မဟာမိတ်နိုင်ငံတွေရဲ့မလုံခြုံမှုကို ဖော်ပြနေတာပါ။ အီရန်က ရေချိုရနိုင်မှု အပိုင်းမှာ ပင်လယ်ရေကနေ ရေချိုသန့်စင်ရမှုနဲ့ ပတ်သက်ပြီး သူ့ ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံတွေလောက် မှီခိုရမှု မရှိဘူး၊ သူ့မှာ ရေချိုရနိုင်စရာ တခြားနည်းတွေ ပိုပြီး ရှိတယ်လို့ မာဒီနီက ဆိုပေမဲ့လည်း အီရန်လည်း ရေနဲ့ ပတ်သက်လို့ လုံခြုံမှု မရှိပါဘူး။

တခြား ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ရေချို အခြေခံအဆောက်အအုံတွေကို အီရန်ဘက်က တိုက်ခိုက်မှုတွေကလည်း တဘက်က တုံ့ပြန်လက်စားချေတာတွေကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲလို့ တခြား သုံးသပ်သူတွေက ပြောပါတယ်။

တချို့ကာလတွေမှာ အီရန်ဟာ "ရေလုံးဝ ရှားပါးသွားတဲ့အထိ" ဖြစ်ခဲ့ပါတယ်။ မိုးရွာနည်းတာ၊ "မြို့တော်က နှစ် ၁၀၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ရေချိုဆိုင်ရာ အခြေခံအဆောက်အအုံမှာ ရေယိုစိမ့်မှုဖြစ်နေတာ"၊ ပြီးခဲ့တဲ့နှစ်က အစ္စရေးနဲ့ ၁၂ ရက် စစ်ပွဲဖြစ်တာ စတဲ့အကြောင်းရင်းတွေကြောင့် ရေရှားပါးမှု ဖြစ်လာနေတာလို့ စွမ်းအင်ဝန်ကြီး အဘက်စ် အလီယာဘာဒီက ပြောပါတယ်။

အီရန်ရဲ့ ရာသီဥတုနဲ့ မိုးခေါင်မှုအကျပ်အတည်းစီမံမှုဌာနက အာမက် ဗာဇီဖာ့က နိုင်ငံတွင်းက ဆည်တွေကလည်း "စိတ်ပူစရာ အခြေအနေ" မှာ ရှိနေတယ်လို့ ပြောဖူးပါတယ်။ အီရန် နိုင်ငံက အဓိက ရေအောင်းလွှာတွေဆီက ရေတွေကို ထုတ်ယူမှု လွန်ကဲနေတာ၊ ဇယန်ဒါ ရွတ်အပါအဝင် မြစ်တွေလည်း ရေခန်းလာနေတာ၊ အာမီယာ ကန်က ရေတွေ သိသိသာသာ လျော့နည်းလာနေတာ စတာတွေက ဖြစ်နေပါပြီ။

ဆည်တည်ဆောက်တာ၊ ရေကို အထူးသုံးရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ရေအရင်းအမြစ် စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေက ဆယ်စုနှစ်များစွာ ချီပြီး ရှိလာနေတာမို့ အခြေအနေက ပိုဆိုးလာနေတာလို့ သဘာဝပတ်ဝန်းကျင်လေ့လာသူ ဖရက် ပီယာ့စ်က ပြောပါတယ်။

တီဟီရန်ဟာ တစ်နေ့မှာ ရေကို ကိုတာစနစ်နဲ့ ပေးရတာ ဒါမှမဟုတ် လူတချို့ကို ရွှေ့ပြောင်းထွက်ခွာစေတာကို လုပ်ကောင်း လုပ်လာရနိုင်တယ်လို့ သတိပေးမှုတွေ ရှိခဲ့ပါတယ်။

အီရန်နိုင်ငံရှိ သမိုင်းဝင်မြို့ Isfahan မှာ၊ အမျိုးသားတစ်ယောက်က Zayandeh Rud River ရေမရှိဘဲ ခြောက်သွေ့နေတဲ့ မြစ်ဘေးမှာ ရပ်ပြီး မိုဘိုင်းဖုန်း သုံးနေတယ်။ နောက်ခံမှာတော့ သမိုင်းဝင် Si-o-se-pol (တံတား) ကို မြင်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Morteza Nikoubazl/NurPhoto via Getty Images

ဓာတ်ပုံ ပုံစာ, အခု စစ်ပွဲ မတိုင်မီကာလမှာ ကတည်းက အီရန်ဟာ ရေရှားပါးမှုနဲ့ ကြုံခဲ့ဖူး

ဒီအရေးဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာကို ထိခိုက်နေပြီး အီရန်ရဲ့ ပြည်တွင်းရေး တည်ငြိမ်မှုနဲ့ စီးပွားရေး ခံနိုင်ရည်ရှိနိုင်စွမ်းတွေအပေါ် သက်ရောက်နေကာ အခုစစ်ပွဲကြောင့် ဒီအခြေအနေက ပိုဆိုးလာနေတယ်လို့ တချို့ သုတေသီတွေက ပြောပါတယ်။

စစ်မတိုင်ခင်အချိန်ကာလမှာကတည်းက ရေရှားပါးမှုဟာ အီရန်က မတည်ငြိမ်မှုတွေကို တွန်းအားပေးခဲ့ပါတယ်။ လူနေမှု စရိတ်တက်လာတာ၊ နိုင်ငံရေးအရ မကျေနပ်တာနဲ့ အတူ ခူဇက်စ်တန်၊ အစ္စဖာဟန်နဲ့ နေရာအနှံ့မှာ ရေရှားပါးမှုကလည်း လူတွေရဲ့မကျေနပ်မှုကို တိုးပြီး ဖြစ်စေခဲ့ပါတယ်။

အီရန်ရဲ့ ရေရရှိရေး စိန်ခေါ်ချက်ကြောင့် ဒေသတွင်းမှာလည်း တင်းမာမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ အီရန်ဟာ ဟဲလ်မန် မြစ်နဲ့ ပတ်သက်ပြီး အာဖဂန် နစ္စတန်နဲ့၊ တီးဂရစ်နဲ့ ယူးဖရိတ်က ဆည်တွေနဲ့ ပတ်သက်ပြီး တူရကီနဲ့၊ ရေကြောင်း မျှဝေ အသုံးချမှုနဲ့ ပတ်သက်ပြီး အီရတ်နဲ့ စသဖြင့် အချင်းများတာတွေ ဖြစ်ဖူးပါတယ်။

အရှ့အလယ်ပိုင်းမှာ ရေ ရရှိနိုင်မှုနဲ့ ပတ်သက်ပြီး လုံခြုံမှု ကင်းမဲ့နေတာကို ဒီ စစ်ပွဲက မီးမောင်းထိုးပြနေတယ်လို့ သုံးသပ်သူတွေက ထောက်ပြနေပြီး ဒီအချက်က ဒီပဋိပက္ခရဲ့ ဦးတည်ရာနဲ့ အချိန်ကာလကို လွှမ်းမိုးနိုင်တယ်လို့ ဆိုပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရန်ပမာဏ ဘယ်လောက်ရှိလဲဆိုတဲ့အချက်အပြင် ဒီ ရေအရင်းအမြစ်အရေးကလည်း အခုပဋိပက္ခမှာ အရေးပါနေပါတယ်။

အနာဂတ်မှာ ဒီဒေသတွင်းဖြစ်လာမယ့် ပဋိပက္ခတွေကို အဆုံးအဖြတ်ပေးမဲ့ အရာတွေထဲ ပိုက်လိုင်းတွေ၊ ရေနံတင်သင်္ဘောတွေသာမက မြစ်တွေ၊ မြေအောင်းရေတွေ၊ ရေချိုထုတ် စက်ရုံတွေလည်း ပါဝင်လာမှာပါ။ ဒီ ပဋိပက္ခ အလွန်မှာ ရေနံထက် ရေက ပိုလို့သာ အရေးပါ လာမှာပါ။

(ဘီဘီစီ ပါရှန် ဌာနက ဖြည့်စွက်ရေးသားထားပါတယ်။)