လမ်းပေါ်က ကားတန်းရှည်နဲ့ ထက်ဝက်ကျော်စျေးခုန်တက်တဲ့မြန်မာ့စက်သုံးဆီဂယက်

ဆီထည့်စက်တစ်ခုမှာ ဆီရောင်းနေတဲ့ အပြာရောင်လက်ရှည််အင်္ကျီဝတ်အမျိုးသားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Nur Photo/Getty Images

ဖတ်ရန်အချိန်: မိနစ် ၁၃

မြန်မာမှာ ဆီပြတ်လပ်စရာမရှိပေမဲ့ ကမ္ဘာ့ဈေးနှုန်းနဲ့အညီဖြစ်လာမယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ထုတ်ပြောအပြီး တစ်လမပြည့်ခင်မှာပဲ ရန်ကုန်စက်သုံးဆီဈေးက ၅၅ ရာခိုင်နှုန်းတက်သွားပါပြီ။

ဆီဈေးနဲ့ တပြိုင်တည်းတက်လာတာကတော့ ဓာတ်ဆီ၊ ဒီဇယ်အသုံးပြုရတဲ့ယာဥ်တွေနဲ့ သယ်ယူ ပို့ ဆောင်ရတဲ့ကုန်စည်ဈေးနှုန်းတွေ ဖြစ်ပါတယ်။

"ကုန်ဈေးနှုန်းတက်သလားတော့ မမေးနဲ့ မုန့်ဟင်းခါးထုပ်တဲ့ကြွပ်ကြွပ်အိပ်ဈေးပါ နှစ်ဆဖြစ်သွားပြီ" လို့ ဆီဈေးကြောင့် ကုန်ဈေးနှုန်းအပေါ်ရိုက်ခတ်လာတဲ့အခြေအနေကို ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်မှာ မုန့်ဟင်းခါးဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးကလည်း မတ်လ ၂၃ ရက် ဈေးဖွင့်ချိန်မှာ ဆက်တက်နိုင်တယ်လို့ စက်သုံးဆီဈေးကွက်လေ့လာသူတစ်ဦးက ခန့်မှန်းပါတယ်။

၂၀၂၆ မတ် ၂၁ ရက်တုန်းက ရန်ကုန်မြို့၊ ဆီဆိုင်တစ်ခုမှာ တန်းစီနေတဲ့ ကားတွေ
ဓာတ်ပုံ ပုံစာ, ၂၀၂၆ မတ် ၂၁ ရက်တုန်းက ရန်ကုန်မြို့က ဆီဆိုင်တစ်ဆိုင်မှာ တန်းစီနေတဲ့ ကားတွေ

နာရီနဲ့ချီ ဆီတန်းစီရတာအစ ခရီးစဥ်ဖျက်သိမ်းနိုင်ခြေအဆုံး

ယာဥ်လိုင်းတစ်ခုရဲ့ ကြိုတင်လက်မှတ်ဝယ်ယူသူတွေကို ကြိုတင်သတိပေးချက်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကြိုတင်လက်မှတ်ဝယ်ယူသူတွေကို ယာဥ်လိုင်းတစ်ခုရဲ့ ကြိုတင်အသိပေးချက်

တစ်နိုင်ငံလုံးကို စက်သုံးဆီဖြန့်ဖြူးတဲ့ ရန်ကုန်မြို့မှာတောင် ဓာတ်ဆီ 95 တစ်လီတာကို မတ် ၄ ရက်မှာ ၂,၄၈၀ ကျပ် ရှိရာကနေ မတ်၂၂ ရက်မှာ ၃,၈၅၀ ကျပ်အထိ စျေးကွာဟပြီး ဆီစျေး အတက်ပြပါတယ်။

မတ် ၁၉ ရက်နဲ့ ၂၀ မှာ ၉,၂၀ ကျပ်ဝန်းကျင်အထိ ခုန်တက်လာတာဖြစ်ပါတယ်။

ဆီဆိုင်ရှေ့မှာ ညအိပ်စောင့်တဲ့ ကားတန်းရှည်တွေလည်းကိုလည်း ပြန်မြင်လာရပါတယ်။

အချိန် ၅ နာရီကြာစောင့်ဆိုင်းခဲ့တဲ့ ရန်ကုန်မြို့နေသူက "၁၅ လီတာကို အရင်က လေးသောင်း နှစ်ထောင်နဲ့ ဝယ်လို့ရတယ်။ အခုဈေးနဲ့က ငါးသောင်းရှစ်ထောင် လောက်ကျတယ်"လို့ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်နဲ့ အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီ ၂၈ ကနေ မတ်လအစပိုင်းအထိ ရန်ကုန်မှာ ဆီလိုသလောက် ဝယ်လို့ရခဲ့သေးပေမဲ့ အခုတော့ ကားတစ်စီးကို ၁၅ လီတာသာ ကန့်သတ်ရောင်းချပေးတော့တာဖြစ်ပါတယ်။

စစ်ကော်မရှင်က မြန်မာမှာ ဆီပြတ်မှာမဟုတ်ဘူးလို့ ပြောထားသလို စွမ်းအင်ဝန်ကြီးဌာနကလည်း ရက် ၄၀ စာ သိုလှောင်ထားတဲ့ဓာတ်ဆီအပြင် သီလဝါမှာဆီချဖို့အပြင် လမ်းခရီးမှာလာနေဆဲ ဆီသင်္ဘော အစင်း ၂၀ ရှိတယ်လို့ မတ်လအစပိုင်းမှာ ပြောထားပါတယ်။

မတ်လထဲမှာ စက်သုံးဆီသင်္ဘော ၁၉ စီး ထပ်တင်သွင်းမယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလိုပြောပြီး သီတင်း ၂ ပတ်အတွင်းမှာပဲ ရန်ကုန်မှာပါ စက်သုံးဆီ အကန့်အသတ်နဲ့ ရောင်းချတဲ့အထိ ဖြစ်လာသလို ဆီလက်ကျန်အခြေနေကိုလည်း ထပ်မံအသိပေးထုတ်ပြန်လာတာ မရှိသေးပါဘူး။

ကမ္ဘာ့ရေနံဈေးကလည်း အရှေ့အလယ်ပိုင်းဒေသက တိုက်ပွဲကြောင့် ရေနံစိမ်းတစ်စည်ကို အမေရိကန် ဒေါ်လာ ၁၀၀ ကျော်လာနေပါတယ်။​ ကမ္ဘာ့ရေနံစိမ်း ၅ ပုံ တစ်ပုံအထိဖြတ်သန်းတဲ့ အီရန် ထိန်းချုပ် ဟောမုဇ် ရေလက်ကြားက တင်းမာမှုကို မဖြေရှင်းနိုင်ရင် အမေရိကန် ဒေါ်လာ ၂၀၀ အထိရောက်ရှိနိုင်တယ်လို့ နိုင်ငံတကာကလေ့လာသူတွေက ခန့်မှန်းပါတယ်။

"ကမ္ဘာ့ဈေးအတိုင်းလို့ ပြောထားတဲ့အတွက် ပြည်တွင်းမှာလည်း ဒီအတိုင်းဖြစ်လာမှာပဲ" လို့ စက်သုံးဆီဈေးကွက်စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုပါတယ်။

မြန်မာမှာ တစ်ရက်ကို ဓာတ်ဆီ ဂါလံ ၁.၅ သန်း၊ ဒီဇယ်ဆီ ဂါလံ ၁.၇ သန်းသုံးစွဲတာကြောင့် တစ်ရက်အတွက် ဂါလံ ၃.၂ သန်း သုံးစွဲနေတယ်လို့ စစ်ကော်မရှင်ရဲ့အချက်အလက်အရ သိရပါတယ်။

စက်သုံးဆီချွေတာရေးအတွက် ဓာတ်ဆီ၊ ဒီဇယ်အသုံးပြုယာဥ်တွေကို စုံ ရက်၊ မ ရက် သတ်မှတ်ပြီး ဆီဖြည့်သွားတာတဲ့အစီအမံကလည်း အလုပ်မဖြစ်ဘူးလို့ ဝေဖန်သံတွေရှိနေတာပါ။

"ဆီတစ်လီတာ ၃ ထောင်ကျော်နဲ့ ရဖို့က ရပ်ကွက် ၂ ခု စာလောက်ကို အိုးဝေတွေ ၃ တန်းလောက်ထပ်ပြီး တန်းစီရတယ်။ စီပြီးရင်လည်း ကိုယ့် အိုးဝေက စုံဆို မရက်မထွက်ရ ပြန်ဘူး။ ဆီဖြည့်ပြီးလို့ စဆွဲရင် နေ့ဝက်လောက်ကျိုးနေပြီ" လို့ မွန်ပြည်နယ်၊ သထုံမြို့မှာ အိုးဝေအငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

သူပြောတဲ့ အိုးဝေဆိုတာ သုံးဘီးဆိုင်ကယ်ကို ပြည်တွင်းမှာ ခေါ်ဝေါ်တဲ့နာမည်ဖြစ်ပါတယ်။​

ရန်ကုန်မြို့ကနေ ကားနဲ့သွားရင် ၆ နာရီဝန်းကျင်သာကြာတဲ့ သထုံမြို့မှာ ဆီဆိုင်မှာ တန်းမစီဘဲ အပြင်မှာ ဝယ်ရင် ဆီတစ်လီတာကို ၁၅,၀၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေပြီဖြစ်ပါတယ်။

အိုးဝေသမားတွေက ဆီဈေးကြောင့် ခရီးတိုတစ်ကြောင်းကို ၅၀၀ ကျပ်ကနေ ၁၅၀၀ ဝန်းကျင်အထိ တိုးတောင်းနေတယ်လို့ ခရီးသည်တချို့ဆီကနေ စုံစမ်းသိရပါတယ်။

ခရီးသည်ပို့ဆောင်ရေး ကားကြီးတွေလည်း ကားခတွေ ပြောင်းသွားပါပြီ။

"ရန်ကုန်-မန္တလေးဆို အခုတစ်ကြောင်းစာက ၆ သောင်း ပေါက်ဈေး ရှိပါတယ်။ အရင်က ၄ သောင်း ၃ ထောင်ပဲရှိတာပါ။ ခရီးဝေးတဲ့မြစ်ကြီးနားဆိုရင် တစ်ဦးကို ၁ သိန်း ၁ သောင်းရှိပေမဲ့ အခုက ၂ သိန်းခွဲလောက် ရှိပါတယ်" လို့ မြတ်မန္တလာထွန်းယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သင်္ကြန်ကာလအတွက် ကြိုတင်လက်မှတ်ရောင်းချရာမှာလည်း စက်သုံးဆီရှားပါးလာတာကြောင့် ခရီးစဉ်တချို့ဖျက်သိမ်းခဲ့ရင် ငွေပြန်အမ်းမယ်လို့ အဝေးပြေးယာဉ်လိုင်းတချို့က ခရီးသည်တွေကို ကြိုတင်အသိပေးထားရပါတယ်။

လေကြောင်းခရီးစဉ်တွေမှာတော့ ပြည်တွင်း၊ ပြည်ပခရီးစဉ်တချို့ ဖျက်သိမ်းတာ၊ အချိန်ပြောင်းတာ တွေရှိနေကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မတ် ၂၁ ရက်ကစလို့ အကြောင်းကြားစာတွေ ဖော်ပြလာပါတယ်။

"မိမိသွားမယ့်ခရီးစဉ်မတိုင်ခင် တစ်ရက်ပြန်လည်စစ်ဆေးပေးပါ" ဆိုပြီး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ Tori Travel က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြပါတယ်။

အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI) ကတော့ လေယာဥ်ဆီ အကန့်အသတ်ကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေ ဖျက်သိမ်းရတာတွေ ထပ်မဖြစ်အောင် သယ်ယူမယ့် ခရီးဆောင်ပစ္စည်း အလေးချိန်ကန့်သတ်ချက်တွေ ထပ်တိုးလိုက်တယ်လို့ မတ်လ ၂၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

တန်ဖိုးသင့် (Economy Class) အတွက် အလေးချိန် ကီလို ၂၀ တစ်အိတ်၊ Business Class အတွက် ကီလို ၃၀ တစ်အိတ်၊ လက်ဆွဲ (Hand Carry) အတွက် ၇ ကီလို အများဆုံး နှစ်အိတ်သာ ခွင့်ပြုတော့မှာဖြစ်ပြီး ကီလိုအပိုကိုလည်း အများဆုံး ၅ ကီလိုသာ ရောင်းချပေးတော့မယ်လို့ MAI က ဆိုပါတယ်။​

ကီလိုအပို ကြိုတင်ဝယ်ယူထားသူတွေကိုလည်း ငွေပြန်လည်ပေးသွားမယ်လို့ MAI က ပြောပါတယ်။

"ပြဿနာက Air Cargo (လေကြောင်းကုန်)နဲ့ ပို့နေတဲ့ ထိုင်းပစ္စည်းတွေ ဘယ်တော့ မြန်မာကို ရောက်မယ် မသေချာတော့ဘူး။ လိုသလောက်ဝယ်ဖို့ ခက်ရင် ဈေးတက်မယ်" လို့ ထိုင်း-မြန်မာအဝယ်တော်တစ်ဦးက ဆိုပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်းမှာပဲ ထုတ်တဲ့ အခြေခံစားသောက်ကုန် ဆန်ဈေးက ပေါ်ဆန်းမွှေးထိပ်စ တစ်ပြည်ကို ၇၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်ကို ခုန်တက်သွားတယ်လို့ စားသုံးသူတွေဆီကနေ စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စက်သုံးဆီလိုအပ်မှုမှာ တောင်သူလယ်သမားတွေကို ဦးစားပေး ကူညီဖို့နဲ့ တောင်သူလယ်သမားတွေကိုလည်း စက်သုံးဆီ၊ ဓာတ်မြေသြဇာ လိုအပ်တာထက်ပိုပြီး မသိုလှောင်ဖို့ မတ် ၂၁ ရက်က အသိပေးထုတ်ပြန်ထားပါတယ်။

ဓာတ်မြေသြဇာဈေးနှုန်းတွေလည်း မြင့်တက်နေတာကြောင့် သဘာဝမြေသြဇာနဲ့ ဇီဝမြေသြဇာသုံးဖို့ တိုက်တွန်းပါတယ်။

အရှေ့အလယ်ပိုင်းပဋိပက္ခ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ကျန်းမာရေးကဏ္ဍမှာလည်း အရေးကြီးတဲ့ အခြေခံဆေးဝါးတွေပါ ဈေးနှုန်းထပ်တက်လာပြီး ဆေးဝါးတချို့ပြတ်လပ်တာလည်း ကြုံလာရနိုင်တယ်လို့ အစိုးရဆေးရုံနဲ့ ဆေးဆိုင်အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။

မတ် ၂၁ ရက်တုန်းက ဆီဆိုင်နဲ့ အကွာအဝေးတစ်ခုအထိ တန်းစီစောင့်ဆိုင်နေရတဲ့ ရန်ကုန်က ကားတွေ
ဓာတ်ပုံ ပုံစာ, မတ် ၂၁ ရက်တုန်းက ဆီဆိုင်နဲ့ အကွာအဝေးတစ်ခုအထိ တန်းစီစောင့်ဆိုင်နေရတဲ့ ရန်ကုန်က ကားတွေ

ဆီတန်းစီရင်း မီးလောင်ရင် ဘယ်လိုလုပ်သင့်လဲ

မတ် ၂၁ ရက်ညပိုင်းက မီးလောင်ခဲ့တဲ့ မြောက်ဒဂုံမြို့နယ်က ဆီဆိုင်ကို မီးငြိမ်းသတ်နေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, MFSD

ဓာတ်ပုံ ပုံစာ, မတ် ၂၁ ရက်ညပိုင်းက မီးလောင်ခဲ့တဲ့ မြောက်ဒဂုံမြို့နယ်က ဆီဆိုင်ကို မီးငြိမ်းသတ်နေတဲ့ အခြေအနေ

ရန်ကုန်က စက်သုံးဆီဆိုင်တွေမှာ ဆီတန်းစီတဲ့ကားတန်းတွေ မတ်လ ၂၀ ရက်စလို့ ပြန်မြင်တွေ့လာရပါတယ်။​

ကားတွေအများအပြား တန်းစီပြီး ဆီဖြည့်ရတဲ့အခါမှာ မီးဘေးကို အထူးသတိထားဖို့ လိုအပ်တယ်လို့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။

မတ်လ ၂၁ ရက်ည ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၈ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်က Terminal ဓာတ်ဆီဆိုင်မှာ မီးလောင်လို့ ဆီတစ်ဆိုင်လုံးရော၊ ဆီလာဖြည့်တဲ့ကားပါ မီးထဲ ပါသွားခဲ့ပါတယ်။​

ဒီဆီဆိုင်ဟာ မြောက်ဒဂုံမြို့နယ်အပြင် သင်္ဃန်းကျွန်းမြို့နယ်နဲ့ အရှေ့ဒဂုံက ကားတွေပါ နေ့စဥ်ကားစီးရေ ၁၀၀၀ ဝန်းကျင်ကို ဆီရောင်းချပေးနေတဲ့ဆိုင်ကြီးဖြစ်တယ်လို့ မြောက်ဒဂုံမှာနေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပုံမှန်အားဖြင့် ညနေ ၆ နာရီမှာ ဆိုင်ပိတ်ပေမဲ့ အငှားယာဉ်ရဲ့အကူအညီတောင်းမှုအရ ဓာတ်ဆီရောင်းချပေးနေချိန်မှာ ဆီထည့်တဲ့ပန့်ခေါင်းနဲ့ ဆီတိုင်ကီ တေ့ထားတဲ့နေရာမှာ မီးပွင့်ရာကနေ မီးလောင်မှု စတင်ခဲ့တာလို့ မြို့နယ်မီးသတ်က ပြောပါတယ်။

"ယာဉ်မောင်းနဲ့ ဝန်ထမ်းတို့က ငွေရှင်းဖို့သွားတဲ့အချိန်မှာ ပန့်ခေါင်းနဲ့ ဆီတိုင်ကီကို တေ့ပြီး ထားခဲ့တာပေါ့။ အဲဲဒီအချိန်မှာ ဆီတိုင်ကီထဲ မီးပွားကျပြီး လောင်တာပါ။ ကားပေါ်မှာပါလာတဲ့ နောက်ထပ်စီးနင်းသူက မီးစလောင်တဲ့အချိန် ဆီဖြည့်တဲ့ပိုက်ကို အနောက်ကို ဆွဲထုတ်လိုက်တာကြောင့် ဘယ်ဘက်လက်ဖျံ မီးဟက်ခံလိုက်ရပါတယ်။ ဒဏ်ရာက မစိုးရိမ်ရပါဘူး" လို့ မြောက်ဒဂုံမြို့နယ် မီးသတ်ဌာန ဦးစီးအရာရှိ ဦးတင်ထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီအငှားယာဉ်၊ ဆီဆိုင်ပိုင်တဲ့ ကားတစ်စီးနဲ့ ဆိုင်တို့ မီးလောင်ကျွမ်းခဲ့ပေမဲ့ ဆီလှောင်ကန်နဲ့ ဆီတင်ကားတွေ မီးလောင်ကျွမ်းမှုမရှိဘူးလို့ သိရပါတယ်။

ရာသီဥတုပူပြင်းတဲ့ကာလမှာ ဆီဆိုင်ဝန်းကျင်မှာ ကားအများအပြား စီတန်းနေရတာကြောင့် ဆီဆိုင်နဲ့ ကားသမားတွေ နှစ်ဖက်စလုံးမှာ သတိထားစရာတွေရှိတယ်လို့ မီးသတ်အတွေ့အကြုံရှိသူက ပြောပါတယ်။

"အဓိကက ဆီဆိုင်ထဲရောက်ရင် စက် သတ်ထားရမယ်။ အခုနောက်ပိုင်း မသတ်တာတွေ တွေ့ရတယ်။ ကားတွေ ကြဲကြဲထားပြီး ဆီထည့်ဖို့ လိုတယ်။ ဆီဆိုင်မှာရော ကားတွေမှာပါ မီးသတ် ဆေးဘူး ဆောင်ဖို့ လိုတယ်" လို့ သူက အကြံပြုပါတယ်။

ဆီဆိုင်ဝန်ထမ်းတွေကို မီးသတ်ဆေးဘူးအသုံးပြုပုံအပါအဝင် မီးဘေးကြိုတင်လေ့ကျင့်ပေးမှုတွေ လုပ်ပေးဖို့လိုတယ်လို့ သူက ပြောပါတယ်။

"လမ်းမပေါ်မှာ ယာဥ်တစ်ကြောင်းပဲ စီဖို့ လိုတယ်။ အခုက နှစ်ထပ်တွေ စီထားတော့ အောက်ကြောက ကားမီးလောင်ရင် ကားတွေ မောင်းထွက်လို့ မရတော့ဘူးလေ" လို့ မီးသတ်အတွေ့အကြုံရှိသူက ဆိုပါတယ်။

ကားတွေက ဆီဖြည့်ချိန်မှာလောင်နိုင်သလို ဆီတန်းစီရင်း အင်ဂျင်ခန်းက လောင်နိုင်တာကြောင့် အင်ဂျင်ခန်းမှာ Fireball (မီးသတ်လုံး) ထည့်ထားဖို့ မီးသတ်တာဝန်ရှိသူတွေက အကြံပေးပါတယ်။

"အင်ဂျင်ခန်းလောင်ရင် ဘောနပ်(ကားစက်ဖုံး)က ဖွင့်ရရင် မီးသတ်ဆေးဘူးနဲ့လည်း သတ်မရတော့ဘူး။ ဒီတော့ Fireball ထည့်ထားရင် ဒါက ပေါက်ပြီး မီးကို သတ်လိုက်နိုင်တာပေါ့" လို့ မီးသတ်အတွေ့အကြုံရှိသူက ပြောပါတယ်။

Fireball (မီးသတ်လုံး) ဆိုတာက မီးသတ်ဆေးမှုန့်ထည့်ထားပြီး စနက်တံပါတဲ့ ဘောလုံးတစ်လုံးဖြစ်ပါတယ်။ မီးလောင်တဲ့အခါ အပူချိန်အတိုင်းအတာတစ်ခုအထိရောက်ရင် အဲဒီမီးသတ်လုံးက ပေါက်ကွဲပြီး မီးသတ်အမှုန့်တွေ ဖြာထွက်ကာ မီးကို ငြှိမ်းသတ်တာဖြစ်ပါတယ်။​

မြောက်ဒဂုံက မတ်လ ၂၁ ရက်ညပိုင်း ဆီဆိုင်မီးလောင်မှုမှာ ကျပ်သိန်း ၃၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ မတ်လ ၂၁ ရက်ည ဆီဆိုင်မီးလောင်မှုဖြစ်ရပ်လို ဆီပန့်ခေါင်းနဲ့ တိုင်ကီတို့ ထိရာကနေ မီးပွင့်တဲ့ဖြစ်စဥ်ကြောင့် ဆီဆိုင်တွေ အဓိကမီးလောင်မှုဖြစ်ရတာလို့ နိုင်ငံတကာမီးဘေးကြိုတင်ကာကွယ်ရေးနည်းပညာကုမ္ပဏီတွေက ဆိုပါတယ်။

ဒါအပြင် လောင်စာဆီဖြည့်စက် ပတ်ဝန်းကျင်မှာ ဆေးလိပ် သောက်တာ၊ မီးခြစ်အသုံးပြုတာနဲ့ ကားအင်ဂျင်ပူနေတာကြောင့်လည်း လောင်ကျွမ်းကြတယ်လို့ ဖော်ပြပါတယ်။

"မီးလောင်တာနဲ့ ကိုယ့်ဘာသာကြိတ်ပြီး မငြှိမ်းသတ်ဘဲ ချက်ချင်းအကြောင်းကြားဖို့ လိုတယ်။ ခေါင်းအေးအေးနဲ့ လုပ်မယ်ဆို အဆုံးအရှုံးလည်း နည်းမယ်။ ကားသမားတွေကတော့ ဆီဆိုင်ထဲရောက်တာနဲ့ စက်သတ်ထားဖို့ လိုမယ်" လို့ မီးသတ်အတွေ့အကြုံရှိသူက ပြောပါတယ်။​

အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဆီချွေတာရေးနဲ့ ကုန်ဈေးနှုန်းထိန်းချုပ်ရေး ဘယ်လိုလုပ်နေလဲ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆီဆိုင်တစ်ဆိုင်မှာ ဆီဖြည့်နေကြတဲ့ ဆိုင်ကယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆီဆိုင်တစ်ဆိုင်မှာ ဆီဖြည့်နေကြတဲ့ ဆိုင်ကယ်တွေ

မြန်မာနိုင်ငံသား သန်းနဲ့ချီရှိနေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ အစိုးရက စက်သုံးဆီအသုံးပြုတာ ချွေတာဖို့ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ် လုပ်ခွင့်ပေးတဲ့အစီအမံ လုပ်ဆောင်ထားပါတယ်။

အစိုးရတာဝန်ရှိသူတွေ မလိုအပ်ဘဲ ပြည်ပခရီးစဥ်တွေသွားတာကိုလည်း ပိတ်ပင်ထားပါတယ်။​

ရုံးတက်ဖို့လိုအပ်တဲ့ အစိုးရရုံးတွေမှာ လေအေးပေးစက်ကို ၂၆ ကနေ ၂၇ သာ ထားဖို့နဲ့ မိတ္ထူ ထုတ်တာတွေလည်း လျှော့ချဖို့ ညွှန်ကြားချက်ထုတ်ထားပါတယ်။

ထိုင်းနိုင်ငံပိုင်ရုပ်သံရဲ့သတင်းတင်ဆက်သူတွေက စက်သုံးဆီချွေတာရေး သတင်းတင်ဆက်နေချိန်မှာ ဝတ်ထားတဲ့ကုတ်အင်္ကျီတွေ ချွတ်ပြီး လေအေးပေးစက် လျှော့သုံးကြောင်းပြသတဲ့ အသိပေးတင်ဆက်မှုကို လူမှုကွန်ရက်မှာ လူပြောများနေပါတယ်။

ပြည်တွင်းသုံးစွဲတာ ဖူလုံဖို့ မြန်မာနဲ့ လာအိုဘက် စက်သုံးဆီတင်ပို့တာကိုလည်း ထိုင်းဘက်က ရပ်ဆိုင်းထားပါတယ်။

ဆီဂယက် စတင်ရိုက်ခတ်ချိန်မှာ မြဝတီကနေ တစ်ဖက်ကမ်းမှာရှိတဲ့မဲဆောက်မြို့ကို ဆီလာဖြည့်တဲ့ မြန်မာဘက်က ယာဥ်တွေကို ဆီရောင်းချပေးခဲ့ပေမဲ့ အခုတော့ မရောင်းပေးတော့ဘူးလို့ မဲဆောက်မှာနေတဲ့ မြန်မာအသိုင်းအဝိုင်းထံကနေ စုံစမ်းသိရပါတယ်။

မြဝတီမှာ ဆီ တစ်လီတာကို တစ်သောင်းကျော်နေပြီဖြစ်တာကြောင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ရရှိထားတဲ့ကားတွေက ဈေးအနည်းငယ်သက်သာတဲ့ မဲဆောက်ကို ကူးကာ ဆီဖြည့်ကြတာဖြစ်ပါတယ်။

ထိုင်းမှာ စက်သုံးဆီဈေး ကမောက်ကမ မဖြစ်အောင် ထိန်းသိမ်းထားပေမဲ့ ဒီလထဲမှာပဲ ဓာတ်ဆီ ၉၅ တစ်လီတာ ကို ၃၁ ဘတ်ဝန်းကျင်ကနေ ဘတ် ၄၀ အထိ တက်သွားတာပါတယ်။

မတ်လ ၂၂ ရက်မှာ ၁ ဘတ် ထပ်တက်မယ်လို့ ထိုင်းစက်သုံးဆီရောင်းချလုပ်ငန်းကြီးတွေဖြစ်တဲ့ PTT နဲ့ Bang Chak တို့က ကြေညာထားပါတယ်။

ထိုင်းမှာ ဆီလက်ကျန် ၁၀၃ ရက်စာ ရှိတယ်လို့ စွမ်းအင်လုပ်ငန်းဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန် ထားပါတယ်။

ဆီဈေး စတက်ကတည်းက စားသုံးဆီ တစ်လီတာကို တံဆိပ်အပေါ်မူတည်ပြီး ၅ ဘတ်ကနေ ၈ ဘတ် အထိ တက်သွားသလို ကြက်ဥတစ်လုံးကို ၃ ဘတ်ကျော် တက်သွားပါတယ်။

ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကတော့ စက်သုံးဆီဂယက် နောက်ဆက်တွဲကြောင့် လုပ်ငန်းတွေ လည်ပတ်ဖို့ ခက်ခဲလာတဲ့အခါ အလုပ်ရပ်နားခံရမှာနဲ့ ကုန်ဈေးနှုန်း ထပ်တက်မှာကို စိုးရိမ်နေကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"အလုပ်က OT (အချိန်ပို)လည်း မဆင်းရတော့ဘူး။ တချို့ရုံတွေ အလုပ်ထုတ်တယ်လည်းကြားတော့ ဒါကို ပူပင်ရ၊ ကြက်ဥပါ ဈေးတက်တော့ နေ့စားခနဲ့လောက်အောင် ဘယ်လိုစားမလဲလည်း ပူရ မလွယ်ပါဘူး" လို့ လေအေးပေးစက်ထုတ်လုပ်တဲ့စက်ရုံမှာ လုပ်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ဆန်အပါအဝင် ဈေးနှုန်း ထိန်းချုပ်တဲ့အနေနဲ့ ကုန်တွေကို ဧပြီအထိ ဈေးအပြောင်းအလဲမလုပ်ဘဲ ရောင်းချပေးဖို့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းထားတယ်လို့ နိုင်ငံပိုင်မီဒီယာတွေကနေ ကြေညာထားပါတယ်။