အီရန်က လန်ဒန်ကို တိုက်နိုင်ကြောင်း ခန့်မှန်းသုံးသပ်ချက်မရှိ- ဗြိတိသျှ ဝန်ကြီးပြော

ဗြိတိသျှ အိုးအိမ်ဝန်ကြီး စတိဗ်ရိဒ်

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ဗြိတိသျှ အိုးအိမ်ဝန်ကြီး စတိဗ်ရိဒ်
    • ရေးသားသူ, ပေါလ် ဆပ်ဒွန်
    • ရာထူးတာဝန်, နိုင်ငံရေးသတင်းထောက်
  • ဖတ်ရန်အချိန်: မိနစ် ၅

အီရန်မှာ လန်ဒန်ထိ ပစ်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေ ရှိတယ်ဆိုတဲ့ အစ္စရေးပြောကြားချက်ကို ထောက်ခံနိုင်တဲ့ ဆန်းစစ်ချက် မရှိကြောင်း ဗြိတိသျှ အစိုးရ ဝန်ကြီးတဦးက ပြောပါတယ်။

အီရန်က ဗြိတိန်ကို ပစ်မှတ်ထားနိုင်တယ် ဆိုတဲ့ အချက်ကို သေချာ လေ့လာထားတာ မရှိကြောင်း ဗြိတိသျှ အိုးအိမ် ဝန်ကြီး စတိဗ် ရိဒ်က ဘီဘီစီကို ပြောပါတယ်။ အီရန်မှာ မိုင် ၂၅ဝဝ လောက်ထိ ရောက်နိုင်တဲ့ လက်နက်တွေ ရှိကြောင်း အစ္စရေး စစ်တပ်က စနေနေ့က ပြောကြားခဲ့ပြီးနောက် ခုလို ပြောတာ ဖြစ်ပါတယ်။

အိန္ဒိယ သမုဒ္ဒရာထဲက ချားဂို့စ် ကျွန်းစုက ဗြိတိသျှ-အမေရိကန် ပူးတွဲ စစ်စခန်းကို အီရန်က ပစ်မှတ်ထားတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ခုလို ပြောကြားချက်တွေ ထွက်လာတာပါ။ ဒီကျွန်းက အီရန်ကနေ မိုင် ၂၄၀၀ လောက် ဝေးပါတယ်။

ဗြိတိသျှ ပင်လယ်ရပ်ခြားနယ်မြေနား ဘယ်လောက်နီးနီးထိ ဒုံးကျည်တွေ ရောက်လာသလဲ မေးမြန်းရာမှာတော့ စစ်ဆင်ရေး အသေးစိတ်ကို မပြောနိုင်ကြောင်း ရိဒ်က ငြင်းဆိုခဲ့ပါတယ်။

အီရန်က ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဒီယေဂို ဂါစီယာကျွန်းကို ပစ်လွှတ်ခဲ့ရာမှာ တစင်းက လွဲချော်ပြီး ပျက်ကျသွားသလို နောက်တစင်းကိုတော့ ပစ်ချနိုင်ခဲ့ကြောင်း မစ္စတာ ရိဒ်က ဆိုပါတယ်။

အမေရိကန် ဖျက်သင်္ဘောက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် ဒုံးကျည် ပျောက်ကွယ်သွားကြောင်း အမေရိကန် အာဏာပိုင်တွေကို ကိုးကားပြီး ဝေါလမ်း ဂျာနယ်က ဖော်ပြပါတယ်။

ဗြိတိသျှ-အမေရိကန် ပူးတွဲ အသုံးပြုတဲ့ ဒီယေဂို ဂါစီယာကျွန်း

ဓာတ်ပုံ ရင်းမြစ်, US Navy

ဓာတ်ပုံ ပုံစာ, ဗြိတိသျှ-အမေရိကန် ပူးတွဲ အသုံးပြုတဲ့ ဒီယေဂို ဂါစီယာကျွန်း

ဒီလို တိုက်ခိုက်ရန် ကြံစည်တဲ့ သတင်း ထွက်ပေါ်လာပြီးနောက် မနှစ်ကတည်းက ဥရောပ၊ အာရှနဲ့ အာဖရိကထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေ ထုတ်လုပ်ဖို့ အီရန် ရည်ရွယ်ခဲ့ကြောင်း အစ္စရေး စစ်တပ်က စနေနေ့က ပြောကြားခဲ့ပါတယ်။

အီရန် အကြမ်းဖက်အစိုးရက လန်ဒန်၊ ပဲရစ်နဲ့ ဘာလင်ထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေ နဲ့ ကမ္ဘာကို ခြိမ်းခြောက်နေကြောင်းလည်း အစ္စရေးဘက်က ပြောဆိုပါတယ်။

ဒီပြောကြားချက် မှန်ကန်မှု ရှိမရှိ မေးရာမှာတော့ အီရန်က ဗြိတိန်ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်သလား အတိအကျ လေ့လာသုံးသပ်ချက် မရှိကြောင်း ရိဒ်က ပြောဆိုပါတယ်။

ဗြိတိန်ရဲ့ ပြည်တွင်းနဲ့ ဒေသတလွှားက ပိုင်ဆိုင်မှုတွေနဲ့ သူ့နိုင်ငံသားတွေကို လုံခြုံဘေးကင်းအောင် ကာကွယ်နိုင်ကြောင်းလည်း သူက ဘီဘီစီကို ပြောပါတယ်။

အီရန်က ဒီလောက် အကွာအဝေးထိ ပစ်နိုင်ရင်တောင်မှ ဗြိတိသျှတပ်တွေက ကာကွယ်နိုင်ကြောင်း ဗြိတိသျှ အိုးအိမ်ဝန်ကြီးက ပြောကြားပါတယ်။

အီရန်ရဲ့ အဝေးဆုံး ပစ်နိုင်တဲ့ လက်နက်က မိုင် ၁၂ဝဝ ကျော်ပဲ အဝေးဆုံး ရောက်နိုင်တယ်လို့ ယူဆပြီး ဒီယေဂို ဂါစီယာကျွန်းကိုရော လန်ဒန်ကိုရော မရောက်နိုင်ပါဘူး။

အစ္စရေးတောင်ပိုင်းက အီရန်ဒုံးကျည်ထိထားတဲ့ အပျက်အစီးများ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေးတောင်ပိုင်းက အီရန်ဒုံးကျည်ထိထားတဲ့ အပျက်အစီးများ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်နဲ့ အစ္စရေး အီရန်ကို မတိုက်ခင်ကတည်းက အီရန်ဟာ ဥရောပကို ခြိမ်းခြောက်နိုင်တဲ့ ဒုံးကျည်တွေ ထုတ်လုပ်ထားသလို အမေရိကန်ကိုပါ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ တည်ဆောက်ဖို့ လုပ်နေတယ်ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဘယ်နေရာကိုမှ ခြိမ်းခြောက်နေတယ်လို့ အထင်မခံလိုတဲ့အတွက် အီရန်ဒုံးကျည်တွေကို မိုင် ၁၂၀၀ ကျော်ထိပဲ ရောက်အောင် လုပ်ထားကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက ဒီလ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုကတော့ အီရန်ဟာ ဥရောပအတွင်းပိုင်းထိ ရောက်အောင် ပစ်နိုင်ကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒုံးကျည်မှာ ပိုပေါ့တဲ့ ထိပ်ဖူးတပ်ပြီး ဒုံးကျည် ပစ်နိုင်တဲ့ အကွာအဝေးကို တိုးချဲ့လို့ ရကြောင်း Royal United Services Institute က အကြီးတန်း သုတေသီ ဒေါက်တာ ဆဒ်ဟာ့ ကာရှယ်က ပြောပါတယ်။

အီရန်မှာ ဗြိတိန်ထိ ပစ်နိုင်တဲ့ ဒုံးကျည်တွေ ရှိတာ မှန်ကောင်း မှန်နိုင်ပေမယ့် အရေးကြီးဆုံး ခြိမ်းခြောက်မှု မဟုတ်ကြောင်းလည်း သူက ဆိုပါတယ်။ ဒီလက်နက်တွေဟာ တာဝေးပစ်ရာမှာ မတိကျသလို ဗြိတိသျှ လေပိုင်နက်ထဲ ရောက်ဖို့မှာလည်း အင်မတန် ပြင်ဆင် ကာကွယ်ထားတဲ့ လေပိုင်နက်ကို ဖြတ်သန်းရမယ်လို့ ဆိုပါတယ်။

အီရန်ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ ပြောကြားချက်ကို အလေးအနက် သတိမူသင့်သလို တချိန်တည်းမှာပဲ ရုရှားဒုံးကျည်တွေအပေါ်လည်း အလားတူ သတိထားသင့်ကြောင်း ဗြိတိသျှ ဗိုလ်ချုပ်ကြီးဟောင်းနဲ့ နေတိုးတပ်မှူးဟောင်း ဆာ ရစ်ချတ် ရှရက်ဖ်က ပြောပါတယ်။

အစ္စရေးက တခြားနိုင်ငံတွေကိုပါ စစ်ထဲ ဆွဲထည့်ချင်လို့ ဒီလိုပြောတာလို့ပဲ ပြောရမှာ ဖြစ်ကြောင်း ဆာရှရက်ဖ်က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။