သတင်းကြေညာသူကနေ ကန်ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်စစ်ပွဲအတွက် ပြောခွင့်ရသူ တစ်ဦးအသွင် အားလုံးအာရုံစိုက်ခံလာရသူက အရင်က Fox News ရုပ်သံအစီအစဉ်တင်ဆက်သူဟောင်းဖြစ်ပါတယ်။
အီရန်ရဲ့တာဝေးပစ်ဒုံးတွေ၊ နျူကလီးယားလက်နက်တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို ခြေဖျက်ဖို့ ဆိုတဲ့ "Epic Fury" စစ်ဆင်ရေး စခဲ့တာ အခုဆိုနှစ်ပတ်ကျော်လာပါပြီ။ အတိမ်းအစောင်းမခံတဲ့ဒီအခြေအနေ အလယ်တည့်တည့်မှာရှိနေသူက အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်ဖြစ်ပါတယ်။ "အကြမ်းဖက် သူရဲဘောကြောင်တွေ" လို့ သူတံဆိပ်တပ်ထားတဲ့ "ရန်သူတွေကို နှိမ်နင်းနေပြီ"လို့လည်း ပြောထားသူဖြစ်ပါတယ်။
အသက် ၄၅ နှစ်အရွယ် ဟက်ဆက်က အမေရိကန်ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ဖူးသူတွေအထဲ ဒုတိယအသက်အငယ်ဆုံးပါ။ သူဟာ အငြင်းပွားစရာကိစ္စရပ်တွေလည်း ကြုံခဲ့ရပါတယ်။ ယီမင်ကို ဗုံးကြဲမယ့်အချက်အလက်အသေးစိတ်တွေကို ဆစ်ဂနယ် အက်ပလေကီးရှင်း ကနေ သတင်းထောက်တစ်ဦးကို မှားပို့မိတာ အပါအဝင် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်တွေနဲ့ ကြားနာခံခဲ့ရတာတွေလည်း ပါဝင်ပါတယ်။
ဒါဆို ပိထ် ဟက်ဆက်က ဘယ်သူလဲ။ Fox News ရဲ့သတင်းတင်ဆက်သူကနေ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဘယ်လိုဖြစ်လာသလဲ။
ရှင်းရှင်းဘွင်းဘွင်း လူငယ် ခြေတက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့ကို ၁၉၈၀ ခုနှစ်၊ ဇွန်လက မင်နီဆိုးတားပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးရင်း သုံးယောက်ထဲ အကြီးဆုံးသားပါ။ အဖေဖြစ်သူ ဘရိုင်ယန်က မင်နီဆိုးတား အထက်တန်းကျောင်းရဲ့ ဘတ်စကတ်ဘော နည်းပြဖြစ်ပါတယ်။ အမေဖြစ်သူ ပန်နီ ဟက်ဆက်ကတော့ သာမန် ခရစ်ယာန်မိသားစုတစ်ခုကနေ မွေးဖွားလာတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကြီးတန်းအကြံပေးဖြစ်သူပါ။
ပိထ် ဟက်ဆက်က ပရင်စတန်တက္ကသိုလ်မှာ နိုင်ငံရေးဘာသာရပ် အထူးပြုသင်ကြားခဲ့ပြီး တက္ကသိုလ်ရဲ့ရှေးရိုးစွဲဝါဒီ ဂျာနယ် ပရင်စတန် တိုရီမှာ စာရေးပါတယ်။ အဲဒီဂျာနယ်မှာ The Rant လို့ ခေါ်တဲ့ ကော်လံတစ်ခုယူပြီး ကိုယ်ဝန်ဖျက်ချခွင့်၊ လိင်တူချစ်ကြိုက်ခွင့်နဲ့ မတူကွဲပြားမှုတွေအကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူတွေ၊ LGBTQ အစုအဖွဲ့တွေကို ဆန့်ကျင်စာရေးပါတယ်။
ဟက်ဆက်ဟာ ကောလိပ်ကျောင်းသားဘဝမှာ အိပ်ထ မတင်လုပ်တာ၊ စစ်ရေးလေ့ကျင့်ခန်း လုပ်ရတာတွေကို ၀ါသနာထုံပုံရပါတယ်။ ဒီလိုနဲ့ သူက တက္ကသိုလ်စစ်တပ်အရာရှိသင်တန်း (ROTC) မှာ ဗိုလ်လောင်းလျှောက်ခဲ့ပါတယ်။ ဒါဟာ သူ့ဘဝရဲ့အသက်မွေးဝမ်းကျောင်း အချိုးအကွေ့ဖြစ်ခဲ့ပါတယ်။
အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်ရဲ့ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲကို လည်း အပြည့်အဝထောက်ခံသူတစ်ဦးပါ။ ၂၀၀၃ ခုနှစ်မှာ ဘွဲ့ရပြီးတဲ့နောက် အမေရိကန် ခြေလျင်တပ်ရဲ့အရာရှိဖြစ်လာခဲ့ပါတယ်။ ဂွမ်တာနာမိုဘေးနဲ့ အီရတ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဂုဏ်ပြု ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်။ အဲဒီနောက် အကြမ်းဖက်တိုက်ဖျက်ရေး သင်တန်းပို့ချသူအဖြစ် အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော် ကဘူးလ်ကို စေလွှတ်ခံခဲ့ရပါတယ်။
သူ့ရဲ့ စစ်ဘက်ဆိုင်ရာတာဝန်တွေ ပြီးဆုံးသွားတဲ့အခါ အိမ်ပြန်လာခဲ့ပြီး စစ်ပြန်တွေအတွက် ရန်ပုံငွေ ပွဲနှစ်ခုကို ဦးဆောင်ခဲ့ပါတယ်။ New Yorker မဂ္ဂဇင်းက ရရှိတဲ့ အတွင်းသတင်းပေးသူတစ်ဦးရဲ့အစီရင်ခံစာမှာ ပိထ် ဟက်ဆက်ဟာ မကြာခဏ အရက် မူးတာ၊ လုပ်ငန်းခွင်ပွဲတွေမှာ နိုင်ထက်စီးနင်းလုပ်တာတွေရှိတယ်လို့ ဖော်ပြပါတယ်။
ဝေဖန်ခံရတဲ့ ရုပ်သံတင်ဆက်သူ
၂၀၁၀ ခုနှစ်ဝန်းကျင်မှာတော့ ဆံပင်ခပ်သပ်သပ် အနောက်ကိုဖီး၊ အဝတ်အစားသားသားနားနား ဝတ်ထားတဲ့ ဟက်ဆက်တစ်ယောက် Fox News သတင်းဌာနမှာ ပုံမှန် သတင်းတင်ဆက်သူ ဖြစ်လာပါတယ်။
US Network က သူ့ကို ၂၀၁၄ ခုနှစ်မှာ အလွတ်တန်းသတင်းထောက်အဖြစ် ခန့်အပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အစီအစဉ်တင်ဆက်သူဖြစ်လာတာပါ။ သူ့ရဲ့ အစီအစဉ်တွေမှာ စစ်တပ် နဲ့ စစ်ပြန်တွေရဲ့ ပြဿနာတွေကို မီးမောင်းထိုးပြတာ၊ စစ်ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ စစ်သားတွေကို ထောက်ခံမှု ပြသလေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
သူလည်း အချစ်နဲ့ ဆုံခဲ့ဖူးပါတယ်။ ဟက်ဆက်က သူ့ရဲ့တတိယဇနီးအဖြစ် ၂၀၁၉ ခုနှစ်မှာ Fox and Friends အစီအစဉ် ထုတ်လုပ်သူ ဂျန်နီဖာ ရော့ချက်နဲ့ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။
ဒီမတိုင်ခင် ထိမ်းမြားလက်ထပ်မှု နှစ်ခါပြုလုပ်ပြီးပါပြီ။ ပထမအိမ်ထောင်ကတော့ ၂၀၀၉ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။ အိမ်ထောင်ရေးဇာတ်လမ်းတွေရှိတယ်လို့ သူကိုယ်တိုင်ဝန်ခံခဲ့ပြီးတဲ့နောက်မှာ အဆုံးသတ်ခဲ့တာပါ။ အဲဒီနောက် ဒုတိယအိမ်ထောင်ဆက်မှာ ကလေးသုံးယောက် ရခဲ့ပါတယ်။ လက်တွဲဖော်အဖြစ်ကနေ နောက်ပိုင်းမှာ လက်ထပ်ယူခဲ့တဲ့ တတိယမြောက်ဇနီး ဂျန်နီဖာ ရော့ချက်နဲ့ သားတစ်ယောက် ထွန်းကားပါတယ်။
ဒုတိယမြောက် ဇနီးနဲ့ ခါးသီးလှတဲ့ ကွာရှင်းပြတ်ဆဲထားတဲ့အချိန်မှာပဲ သူ့အမေဖြစ်သူက ဟက်ဆက်ကို ပို့တဲ့အီးမေးလ်တစ်ခုမှာ ဟက်ဆက်ကို "အမျိုးသမီးတွေကို စော်ကားတဲ့သူ" ဆိုပြီး သုံးနှုန်းခဲ့ပါတယ်။
ပင်တဂွန် စစ်ဌာနချုပ်သို့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
Fox and Friends အစီအစဉ်ရဲ့ပူးတွဲ တင်ဆက်သူအဖြစ် ၈ နှစ်လောက် လုပ်လာတဲ့တလျှောက် သူ့ရဲ့အစီအစဉ်ကို ပင်တိုင်ကြည့်ရှုသူ တစ်ယောက်ရှိနေပါတယ်။ သူကတော့ ဒေါ်နယ်ထရမ့်ပါ။
သမ္မတအဖြစ် ဒုတိယအကြိမ်ရွေးခံရပြီးတဲ့နောက် ထရမ့်က ဟက်ဆက်ကို အဲဒီအစီအစဉ်ကနေ ဆွဲထုတ်ပြီး ပင်တဂွန်ဆီ ခေါ်လာခဲ့ပါတယ်။ သူ့ရဲ့ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ဟက်ဆက်ကို ကာကွယ်ရေးဝန်ကြီး ရာထူးအပ်နှင်းဖို့ အမေရိကန် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ပွတ်ကာသီကာ မဲအသာနဲ့ ဟက်ဆက် တစ်ယောက် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့တာပါ။
ကာကွယ်ရေးဝန်ကြီးရာထူးအတည်ပြုတဲ့ လွှတ်တော်ကြားနာပွဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အရက်သေစာအလွန်အကျွံ သောက်သုံးမှု စွပ်စွဲချက်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ သူကတော့ ဒီစွပ်စွဲမှုတွေကို ပယ်ချပြီး သူ့ကို အပုပ်ချမှု သက်သက်ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
သူ့ရဲ့ယုံကြည်ကိုးကွယ်မှုအပေါ် အမြင်ကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။
အစွန်းရောက်လက်ယာယိမ်းဆန်တဲ့ ခရစ်ယာန် - မွတ်ဆလင် ဘာသာရေးစစ်ပွဲ ခရူးဆိတ်ရဲ့ သင်္ကေတတွေကို တက်တူးထိုးထားတာကိုလည်း ထောက်ပြပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဟက်ဆက်ကတော့ သူ့ခန္ဓာကိုယ်မှာ ထိုးထားတဲ့ ဆေးမင်တွေက သူ့ ခရစ်ယာန်ဘာသာအပေါ် သက်ဝင်ယုံကြည်မှုကို မထင်ဟပ်ဘူးလို့ တုံ့ပြန်ပါတယ်။
တချို့ကတော့ သူ့ကို အစိုးရဝန်ကြီးဌာနတစ်ခုကို အုပ်ချုပ်ဖူးသလားလို့ မေးခွန်းထုတ်ကြပါတယ်။ ဘဏ္ဍာငွေ ဒေါ်လာ ၁ ထရီလီယံ ဝန်းကျင် ဝန်ထမ်း ၃ သန်းရှိတဲ့ အမေရိကန်အစိုးရရဲ့ ဝန်ကြီးဌာနတစ်ခုကို အုပ်ချုပ်ဖူးသလားလို့ မေးခွန်းထုတ်ခဲ့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
ကာကွယ်ရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာဆိုခဲ့ပြီးတဲ့နောက်မှာ ပထမဆုံးအငြင်းပွားစရာကိစ္စဖြစ်ခဲ့ပါတယ်။ ဒါကတော့ ယီမင်မှာ အီရန်ထောက်ပံ့ပေးထားတဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်မယ့် စစ်ရေးအစီအစဉ်တွေကို မျှဝေနေတဲ့ Signal ချက်ဂရုထဲမှာ သတင်းထောက်တစ်ဦးကို အရာရှိတစ်ဦးက မှားယွင်းထည့်မိတာပါ။
ကွန်ကရက်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တခြားသူတွေက ပိထ် ဟက်ဆက်ဟာ အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ်ဖြစ်စေခဲ့ပြီး လုပ်ထုံးလုပ်စဉ်တွေကို စော်ကားရောက်တယ်ဆိုပြီး အလုပ်ထုတ်ဖို့အထိ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ဟက်ဆက်ကတော့ အလုပ်မပြုတ်ခဲ့ပါဘူး။
ပိထ် ဟက်ဆက်က မတူကွဲပြားတဲ့မူဝါဒ(diversity policy) တွေကြောင့် အမေရိကန်စစ်တပ်ရဲ့ တိုက်ရည်၊ ခိုက်ရည် လျော့ကျသွားတယ်လို့ ယုံကြည်ထားတာပါ။
ဟက်ဆက်က စစ်တပ်စခန်းနာမည်တွေကိုလည်း ပြောင်းလဲခဲ့ပြီး တက္ကသိုလ်တွေရဲ့ Diversity အစီအစဉ်တွေနဲ့ ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးတွေလည်း ဖြတ်တောက်လိုက်ပါတယ်။ သူအရင် တက်ခဲ့တဲ့ ဟားဗတ်တက္ကသိုလ်လည်း ပါဝင်ပါတယ်။
သူဦးဆောင်တဲ့ ပင်တဂွန်ကလည်း မီဒီယာတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေကိုလည်း အသစ်ရေးဆွဲခဲ့ပါတယ်။ သတင်းရေးသားမှု ကန့်သတ်ချက်အသစ်တွေ ချမှတ်တာ၊ ပိထ် ဟက်ဆက်ကို ပုံပန်းမလှတဲ့ဓာတ်ပုံတွေ ရိုက်ကူးတယ်လို့ဆိုပြီး ဓာတ်ပုံသတင်းထောက်တွေကိုလည်း တားမြစ်ထားပါတယ်။
ကာကွယ်ရေးဝန်ကြီးကတော့ အမေရိကန်စစ်တပ်အတွက် သူ့ရဲ့ရည်မှန်းချက်တွေလိုပဲ သူဟာ တိုက်ပွဲတစ်ခုကနေ ဘယ်တော့မှ နောက်ဆုတ်သွားမယ့် လူမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။
အားမနာတတ်တဲ့ရှေ့တန်းတိုက်စစ်မှူး
အရှေ့အလယ်ပိုင်းဒေသပဋိပက္ခတွေ ဆက်ပြီး ကြီးထွားလာချိန်မှာပဲ အီရန်က စာသင်ကျောင်းတစ်ခုကို ဗုံးကြဲမှုဟာ အမေရိကန် ပါဝင်ပတ်သတ်နေသလားဆိုတဲ့ မေးခွန်းတွေ ပိထ် ဟက်ဆက်ကို မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။
မတ်လ ၁၂ ရက်မှာ ဒီမိုကရက်တစ်အမတ်တွေက ကလေး ၁၁၀ ဦးအပါအဝင် စုစုပေါင်း လူ ၁၆၈ ဦးသေဆုံးခဲ့တဲ့ အီရန်စာသင်ကျောင်းဗုံးကြဲမှုနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ ဟက်ဆက်ကို စာပို့ တောင်းဆိုခဲ့ပါတယ်။
အမေရိကန်-အစ္စရေးစစ်ဆင်ရေးအစမှာ အီရန်စာသင်ကျောင်းကို မတော်တဆ ဗုံးထိမှန်ခဲ့တာဟာ အမေရိကန်စစ်တပ်မှာ တာဝန်ရှိနိုင်ကြောင်း အမေရိကန်စစ်တပ် စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားတယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။
ပင်တဂွန်ကတော့ အထက်လွှတ်တော်ကိုပဲ တိုက်ရိုက်တုံ့ပြန်မယ်လို့ ပြောထားပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘီဘီစီက ပိထ် ဟက်ဆက်ကို မေးမြန်းတဲ့အခါ အမေရိကန်အနေနဲ့ အရပ်သားတွေကို ပစ်မှတ်မထားကြောင်းနဲ့ ဒီဖြစ်စဉ်ကို စုံစမ်းနေကြောင်း တုံ့ပြန်ပါတယ်။
တကယ်သာ အမေရိကန်ပါဝင်ခဲ့တယ်ဆိုရင် ဆယ်စုနှစ်နဲ့ချီတဲ့အရှေ့အလယ်ပိုင်းပဋိပက္ခမှာ အဆိုးရွားဆုံး အရပ်သားသေကြေမှု ဖြစ်စဉ်ဖြစ်နိုင်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ဖော်ဆောင်နေတဲ့ အကြီးဆုံး စစ်ရေးလှုပ်ရှားမှုရဲ့မျက်နှာဖုံး ဖြစ်တဲ့ ပိထ် ဟက်ဆက်ကတော့ သူ့ရဲ့မီဒီယာဆက်ဆံရေး စွမ်းရည်တွေ ပေါ်လွင်လာပြီလည်းဖြစ်ပါတယ်။
သူ့ခေါင်းဆောင်ဖြစ်သူကတော့ တွက်ချက်၊ တိုင်းဆပြီး စကားပြောဆိုတတ်သူဖြစ်တဲ့အလျောက် ဟက်ဆက်ကတော့ ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်ရဲ့ သနားကျင်နာမှုကင်းတဲ့ တိုက်စစ်မှူးအဖြစ် သူ့ကိုယ်သူ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ဝန်ကြီးဖြစ်လာသူက ဝန်ကြီးဌာနနာမည်ကို စစ်မက်ရေးရာဝန်ကြီးဌာနဆိုပြီး အမည်ပြောင်းလိုက်ပါတယ်။ ဟက်ဆက်ဟာ အနိုင်ယူလို့မရတဲ့ အမေရိကန် ရဲစွမ်းသတ္တိနဲ့ စစ်သည်တော်တွေရဲ့ကျင့်ဝတ်ကို ပြသနေပါတယ်။
"သူ့ပြောပုံ ဆိုပုံတွေမှာ ဖိုဝါဒီကြီးစိုးမှု အတိုင်းအတာတစ်ခု တွေ့ရပါတယ်။ ဒါဟာ လူတွေ အရှေ့ မှာ ချပြတဲ့ သူ့ပုံစံပါ" လို့ အမေရိကန် လုံခြုံရေးဆိုင်ရာ ပရောဂျက်ရဲ့အရာရှိချုပ် မက်သရူး ဝေါလင်းက ပြောပါတယ်။
ဟက်ဆက်ရဲ့သူ့ကိုယ်သူ ယုံကြည်မှုနဲ့ ခံယူချက်က သေချာမှုကို ရှာဖွေနေတဲ့ အမေရိကန်တွေအဖို့ အကြိုက်တွေ့စေမှာပါလို့ သူက ပြောပါတယ်။












