ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမယ်- စစ်ရုံးရင်းမြစ်

ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမယ်ဆိုတဲ့ သတင်းအပါအဝင် မတ် ၂၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဆီဝယ်ယူမှုကို ပိုပြီး စနစ်တကျဖြစ်စေဖို့ယာဉ်ရဲ့အင်ဂျင်ပေါ် မူတည်ပြီး တစ်ပတ်အတွင်းဝယ်ယူနိုင်တဲ့ ဆီပမာဏသတ်မှတ်မယ်
  • အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတကာ လေကြောင်းနဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးစရိတ်တွေတက်လာကာ ပြည်ပကတင်သွင်းတဲ့ ဆေးစျေးနှုန်း စျေးပိုမြင့်တက်လာ
  • သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့NLD ပါတီရဲ့ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အမျိုးသမီးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒေါ်တင်တင်နုရဲ့ နာရေးစျာပနကို ပြုလုပ်
  • နေပြည်တော်ကနေ မူဆယ်မြို့ ကို အနှိပ်ခန်းတစ်ခုမှာ အလုပ်ရမယ်ဆိုပြီး ခေါ်ယူကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ဖို့ ဖိအားပေးခံရတဲ့ မိန်းကလေး ၃ ဦးကို ကျပ်ငွေ ၁၇ သိန်းကျော်နဲ့ ပြန်ရွေးပေးရ
  • နယူးယောက် လာကွာဒီယာလေဆိပ်ကို တနင်္ဂနွေညသန်းခေါင်မှာ ဆင်းသက်လာတဲ့ Air Canada လေကြောင်းလိုင်းလေယာဥ်နဲ့ လေဆိပ်အာဏာပိုင်တို့ရဲ့ မီးသတ်ကားတိုက်မိ
  • ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေး/ပြန်ပွင့်ရေး ကိစ္စ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာတို့ တယ်လီဖုန်းပြောခဲ့
  • ငွေကျပ် သိန်း ၁၀၀ ကျော်နေတဲ့ မြန်မာ ရွှေဈေး သိန်း ၉၀ ကျော် အထိ‌‌‌စျေးပြန်ကျလာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ် ၂၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ထရမ့်နဲ့ အီရန်ဆွေးနွေး၊ အီရန်စွမ်းအင်စက်ရုံတွေပစ်ခတ်မှု ယာယီရပ်ဆိုင်း

    အမေရိကန်သမ္မတထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတထရမ့်

    အမေရိကန်နဲ့ အီရန်တို့အကြား စစ်ရေးပဋိပက္ခကို “အပြည့်အဝ ဖြေရှင်းနိုင်ရေး” ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး တိုးတက်မှုတွေ ရှိခဲ့တယ်လို့ သမ္မတထရမ့်က ပြောကြားလိုက်ပါတယ်။

    ထရမ့်ရဲ့ ပြောကြားချက်အရ နှစ်နိုင်ငံကြား “အသေးစိတ်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ” ကို ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးမှုတွေကို တစ်ပတ်လုံး ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    ဒီအခြေအနေကြောင့် အီရန်ရဲ့ လျှပ်စစ်စွမ်းအားစက်ရုံတွေနဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မယ်ဆိုတဲ့ အစီအစဉ်တွေကို ၅ ရက်တာ ယာယီ ရပ်ဆိုင်းထားမယ်လို့လည်း ထရမ့်က ကြေညာပါတယ်။

    “လက်ရှိ ဆွေးနွေးမှုတွေ အောင်မြင်မယ်ဆိုတဲ့ အခြေအနေအပေါ် မူတည်ပြီး ဒီဆုံးဖြတ်ချက်ကို ချထားတာဖြစ်တယ်” လို့ ထရမ့်က ပြောကြားထားပါတယ်။

    ဒါပေမဲ့ ဆွေးနွေးမှုတွေ အမှန်တကယ် အောင်မြင်လားဆိုတာကတော့ တိတိကျကျ မသိရသေးဘဲ စစ်ရေးတင်းမာတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ Truth လူမှုကွန်ရက်ကနေ သမ္မတထရမ့်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ဟာ Operation Epic Fury စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ပထမဆုံး အနည်းငယ်ပျော့ပြောင်းလာတဲ့ သဘောထားအဖြစ် မြင်ရပေမဲ့ မရှင်းလင်းသေးတဲ့ မေးခွန်းများစွာ ရှိနေဆဲ ဖြစ်ပါတယ်။

    ထရမ့်က အီရန် နဲ့ “အလွန်ကောင်းမွန်ပြီး တိုးတက်မှုရှိတဲ့ ဆွေးနွေးမှုတွေ” ပြုလုပ်ခဲ့တယ်လို့ ပြောထားပေမဲ့ အီရန်ဘက်က အတည်ပြုပြောတာမရှိသေးပါဘူး။

    ဆွေးနွေးမှုတွေရဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ အီရန်ရဲ့ မစ်ဆိုင်း နဲ့ နျူကလီးယားအစီအစဉ် ဒါမှမဟုတ် အပစ်ရပ်ရေးကိစ္စတို့ ပါဝင်နိုင်ပါတယ်။

    ဒါတင်မက အီရန်ဘက်က ပြန်ဖွင့်မပေးသေးတဲ့ ဟော်မုဇ် ရေလက်ကြားကိစ္စနဲ့လည်း ပတ်သက်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဟော်မုဇ်ကို ထိန်းချုပ်ထားတာက အီရန်ရဲ့ အရေးကြီးဆုံး အားသာချက်ဖြစ်လို့ ပြန်ဖွင့်နိုင်ခြေ နည်းပါးတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

  3. ကက(ကြည်း)ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမယ်လို့ စစ်ရုံးရင်းမြစ်ပြော

    ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခံထားရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခံထားရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ ဖြစ်လာမယ်လို့ နေပြည်တော်က သတင်းတွေထွက်လာချိန်မှာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခံထားရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော်စစ်ရုံးက အမည်မဖော်လိုတဲ့ အဆင်မြင့်တပ်အရာရှိတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    မတ်လ ၃၀ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ သမ္မတနှင့် ဒုတိယသမ္မတတွေ ရွေးချယ်နိုင်ရေး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အလိုက် အစည်းအဝေးတွေကျင်းပဖို့ မတိုင်ခင် ဒီကနေ့မှာ‌ နေပြည်တော်မှာ ဒီသတင်း အတည်ပြုချက် ထွက်လာတာဖြစ်ပါတယ်။

    အစောပိုင်းကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာဖို့ ရေပန်းစားနေသူ ၃ ဦး ရှိခဲ့ပြီး ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ဖြစ်ပါတယ်။

    ဘီဘီစီကရရှိထားတဲ့ နောက်ဆုံးသတင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်တို့ ဖြစ်လာမယ်လို့ဆိုပါတယ်။

    တပ်ချုပ်ဖြစ်လာနိုင်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လက်ရှိစစ်ခေါင်းဆောင်ရဲ့ မျက်စိနဲ့ နား ဖြစ်တယ်ဆိုပြီး စစ်တပ်ထဲမှာ တင်စားခေါ်ဝေါ်ကြပါတယ်။ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ထောက်လှမ်းရေးလို့ခေါ်တဲ့ စရဖရဲ့ အကြီးအကဲအဖြစ် အစွမ်းပြပြီး လက်ရှိစစ်ခေါင်းဆောင်ရဲ့ ယုံကြည်မှုကိုရရှိထားသူ ဖြစ်ပါတယ်။

    ဒါ့အပြင် လက်ရှိမှာ စစ်တပ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်ထမ်ဆောင်နိုင်တဲ့ အသက်ကို ၆၅ နှစ်အထိ ကန့်သတ်လိုက်ပြီလို့ တပ်အသိုင်းအဝိုင်းက သိရှိရပါတယ်။

  4. ဆီတန်းစီမဝယ်ဖို့ ရန်ကုန်ကမြို့နယ်အချို့မှာ လိုက်လံကြေညာနေ

    မတ် ၂၃ ရက်၊ ရန်ကုန်က ဆီဆိုင်တစ်ခုရှေ့မှာ တန်းစီဝယ်ယူတာမလုပ်ဖို့ လာရောက်ကြေညာတဲ့ စစ်ကော်မရှင်ရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, မတ် ၂၃ ရက်၊ ရန်ကုန်က ဆီဆိုင်တစ်ခုရှေ့မှာ တန်းစီဝယ်ယူတာမလုပ်ဖို့ လာရောက်ကြေညာတဲ့ စစ်ကော်မရှင်ရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ

    စက်သုံးဆီ ရက် ၅၀ စာရှိနေတာကြောင့် စိုးရိမ်ကြောင့်ကျပြီး ဆီတန်းစီဝယ်ယူတာတွေမလုပ်ဖို့ စစ်ကော်မရှင်ရဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက မတ် ၂၃ ရက်မှာ ရန်ကုန်မြို့က မြို့နယ်တချို့မှာ လိုက်လံ ကြေညာနေပါတယ်။

    “တန်းစီဝယ်ယူမှုတွေဟာ မိဘပြည်သူများအတွက် ပင်ပန်းမှုတွေဖြစ်စေပါတယ်။ တန်းစီဝယ်သူတွေမှာ စက်သုံးဆီ မှောင်ခိုလုပ်သူတွေလည်းပါလာတဲ့အတွက်အမှန်တကယ်လိုအပ်သူတွေ ပိုဒုက္ခရောက်နေတာကြောင့် စိုးရိမ်ကြောင့်ကြပြီး ဝယ်ယူတာမလုပ်ဖို့နဲ့ ဆိုင်တွေက စစ်ဆေးကြပ်မတ်မှုအတိုင်း ရောင်းချတာမရှိရင်တိုင်ကြားပေးပါ” လို့ လက်ကိုင်အသံချဲ့စက်နဲ့ ကြေညာနေတယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့ ‌မြောက်ဒဂုံမြို့နယ်မှာနေထိုင်သူတစ်ဦးကတော့ '' ဆီတန်းစီ မဝယ်ယူကြဖို့ လိုက်အော် နေပါတယ်။ တန်းစီ မဝယ်ရဘူးဆိုရင် ဘယ်လိုဝယ်ကြရမှာလဲ'' လို့ ‌ပြောပါတယ်။

    မတ် ၂၂ ရက်က တော့ ဆီဝယ်ယူမှုကို ပိုပြီး စနစ်တကျဖြစ်စေဖို့ ယာဉ်ရဲ့အင်ဂျင်အရွယ်အစားအပေါ် မူတည်ပြီး တစ်ပတ်အတွင်း ဝယ်ယူနိုင်တဲ့ပမာဏကို သတ်မှတ်ပြီး တစ်ပတ်မှာ တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး နှစ်ကြိမ်ခွဲပြီးဖြစ်စေ ဝယ်ယူနိုင်တဲ့ စနစ်ကို Bar Code scan စနစ်၊ QR Code စနစ်ထဲမှာ ထည့်သွင်း သတ်မှတ်ပြီး လာမယ့်ရက်သတ္တပတ်အတွင်း စတင်မယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။

    တဖက်မှာလည်း စစ်ကော်မရှင်က ဆီလက်ကျန်ရက် ၅၀ စာရှိတယ်လို့ ကြေညာနေပေမဲ့ ဆိုင်တွေကို ဆီက အလျင်မီအောင်ရောက်ရှိခြင်းမရှိတာကို ရန်ကုန်ကဆီဆိုင်တချို့ရဲ့ ကြေညာချက်မှာတွေ့ရပါတယ်။

    ဒီနေ့တာမွေက ဆီဆိုင်တစ်ခုမှာ မွန်းလွဲ ၁ နာရီခွဲနောက်ပိုင်း ဓာတ်ဆီ 92နဲ့ 95အမျိုးအစားတွေ ရောင်းချတာကိုရပ်တန့်ထားပြီး သီလဝါကနေ ဆီထုတ်ပြီးတဲ့ မတ် ၂၆ ရက်မှပြန်လည်ရောင်းချ ပေးမယ်လို့ ကြေညာထားတာတွေ့ရပါတယ်။

    မနေ့က ညပိုင်းမှာလည်း စစ်ကော်မရှင်က မွန်ပြည်နယ်မြို့နယ်တချို့မှာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ ဗုဒ္ဓဟူးနေ့တိုင်း အိမ်ကနေအလုပ်လုပ်ရေးညွှန်ကြားချက်ကို လိုက်လံ ကြေညာ တာလည်း ရှိခဲ့ပါတယ်။

  5. စစ်ခေါင်းဆောင် ရဲ့ အာရုံကြောညပ်ရောဂါကို ၂ နာရီကြာခွဲစိတ်မှုလုပ်ခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ရောဂါကို ၂ နာရီကြာ ပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုအောင်မြင်တယ်လို့ စစ်ကော်မရှင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

    အာရုံကြောညပ်ရောဂါကို အရေးပေါ်ခွဲစိတ်ကုသမှုလုပ်ခဲ့တာလို့ ဆိုပါတယ်။ မတ်လ ၂၀ ရက်မှာ အမှတ် ၂ တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) နေပြည်တော်မှာ အိန္ဒိယနိုင်ငံက ပါရဂူတွေနဲ့ တပ်မတော်ဆေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ခွဲစိတ်ကုသမှုလုပ်ခဲ့တာလို့ ဆိုပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတလုပ်မယ်လို့ နေပြည်တော်က သတင်းတွေထွက်လာချိန်မှာ ဒီခွဲစိတ်မှုပြုလုပ်ခဲ့တာလို့ နားလည်ရပါတယ်။

    စစ်ခေါင်းဆောင်ဟာ မတ် ၁၈ ရက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံပြီးနောက်ပိုင်းမှာလူမြင်ကွင်းကနေ ပျောက်ကွယ်နေတာဖြစ်ပါတယ်။

  6. ကမ္ဘာ့ရေနံစျေးအတက် ရွှေဈေးပြန်ကျ

    ရွှေဆိုင်တစ်ခုမှာ လက်ဝတ်လက်စားရွှေထည်တွေ ခင်းကျင်းထားတဲ့ အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရွှေဆိုင်တစ်ခုမှာ လက်ဝတ်လက်စားရွှေထည်တွေ ခင်းကျင်းထားတဲ့ အခြေအနေ

    ကမ္ဘာ့ရွှေဈေးကျဆင်းတာနဲ့အတူ ပြည်တွင်းမှာလည်း ၁၆ ပဲရည် တစ်ကျပ်သားကို သိန်း ၉၀ ကျော် အထိ‌‌‌စျေးပြန်ကျလာတယ်လို့ ပြည်တွင်းရွှေဈေးကွက် အသိုင်းအဝိုင်းဆီက သိရပါတယ်။

    ငွေကျပ် သိန်း ၁၀၀ ကျော်နေတဲ့ မြန်မာ ရွှေဈေးဟာ ကမ္ဘာ့ရေနံစျေးအတက်မှာ ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြန်ကျဆင်းလာတာပါ။

    “ဒီမနက် ၉၉ သိန်း ၈ သောင်းနဲ့ဖွင့်တယ်။ ကမ္ဘာ့ဈေးဆက်တိုက်ကျနေလို့ အပိတ်ဈေးက ဒီထက်ကျနိုင်တယ်” လို့ ရန်ကုန်က ရွှေဆိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့သောကြာနေ့ ဈေးပိတ်ချိန်မှာ ၁၆ ပဲရည်တစ်ကျပ်သားကို တစ်ရာ့လေးသိန်းခုနှစ်သောင်းနဲ့ ပိတ်ခဲ့တာပါ။ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄,၂၁၄ ဒသမ ၈၁ ပေါက်နေပြီး ‌ရှေ့တပတ်က ထပ် ၅ ရာခိုင်နှုန်းထပ်ကျလာတာဖြစ်ပါတယ်။

    ကမ္ဘာ့အရေးမငြိမ်မသက်ဖြစ်ချိန်မှာ ငွေကြေးဖောင်းပွတာ၊ ငွေလဲနှုန်းကျတာလို ဖြစ်စဥ်တွေမှာ ကာမိဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေက ရွှေဝယ်လေ့ရှိပေမဲ့ ဒီတစ်ကြိမ်မှာ ကမ္ဘာတဝန်းက ဘဏ်တွေ အနေနဲ့ ဆီဈေးကြောင့် ငွေကြေးဖောင်းပွမှုကိုထိန်းဖို့ အတိုးနှုန်းမြှင့်ပေးလိုက်တာကြောင့် ကုန်သည်တွေက ရွှေထပ် ငွေတိုက်စာချုပ်တွေကို ပိုမျက်စိကျလာတယ်လို့ ဆိုကြပါတယ်။

    23K ရွှေ ၁၅ ဂရမ်(တစ်ဘတ်)ကို ဘတ် ၈ သောင်းကျော်ခဲ့တဲ့ ထိုင်းရွှေဈေးဟာလည်း ဒီနေ့မှာ ဘတ် ၆၈,၀၀၀နဲ့ စဖွင့်ခဲ့ပြီး ဒီညနေပိုင်းမှာ ဘတ် ၆၆,၂၀၀ အထိ ဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။

  7. လူတွေဘာ့ကြောင့် ငိုကြတာလဲ၊ လူ့မျက်ရည်ရဲ့ နောက်ကွယ်က သိပ္ပံအကြောင်းတရား

    လူတွေဘာ့ကြောင့် ငိုကြတာလဲ၊

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လူတွေဘာ့ကြောင့် ငိုကြတာလဲ၊

    ဝမ်းနည်း၊ စိတ်ရှုပ်ထွေး၊ ဒေါသထွက် ဒါမှမဟုတ် ပျော်တဲ့အခါမျိုးမှာ လူတွေ ငိုတတ်ကြပါတယ်။

    ဒါပေမဲ့ သက်ရှိမျိုးစိတ်တွေထဲမှာ လူသားတွေကသာ ခံစားချက်နဲ့ မျက်ရည်ကျတယ် ဆိုတာကို သိကြပါလား။

    တိရစ္ဆာန်အတော်များများက စိတ်ဒုက္ခရောက်တာကို ပြတဲ့အနေနဲ့ ကလေးငယ်တွေလို အကျယ်ကြီး အော်ဟစ်တတ်ကြပေမဲ့ ရှုပ်ထွေးတဲ့ စိတ်ခံစားမှုကို တုံ့ပြန် မျက်ရည်ကျရလောက်အောင် ဦးနှောက်လမ်းကြောင်းတွေတော့ ရှိကြပုံ မပေါ်ပါဘူး။

    ဘာ့ကြောင့် ငိုသလဲ၊ ခံစားချက်မျက်ရည်တွေက ဘာ့ကြောင့်ကျတာလဲနဲ့ မျက်ရည်က ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို သိပ္ပံပညာရှင်တွေ ဘယ်လိုရှင်းပြထားလဲ။

    အပြည့်အစုံကို ဒီဆောင်းပါးလင်ခ့် မှာ ဖတ်ရှုနိုင်ပါတယ်။

  8. နယူးယောက် လေဆိပ်မှာ လေယာဥ်နဲ့ မီးသတ်ကားတိုက်မှုဖြစ်

    မတ် ၂၂ ရက်၊ တနင်္ဂနွေ ညသန်းခေါင်ယံအချိန် အမေရိကန်၊ နယူးယောက်မြို့ လဂွားဒီးယားလေဆိပ်မှာ မီးသတ်ကားနဲ့ တိုက်ခဲ့တဲ့ လေယာဥ်အပျက်အစီး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မတ် ၂၂ ရက်၊ တနင်္ဂနွေ ညသန်းခေါင်ယံအချိန် အမေရိကန်၊ နယူးယောက်မြို့ လဂွားဒီးယားလေဆိပ်မှာ မီးသတ်ကားနဲ့ တိုက်ခဲ့တဲ့ လေယာဥ်အပျက်အစီး

    အမေရိကန်၊ နယူးယောက် လာကွာဒီယာလေဆိပ်ကို တနင်္ဂနွေညသန်းခေါင်မှာ ဆင်းသက်လာတဲ့ Air Canada လေကြောင်းလိုင်းလေယာဥ်နဲ့ လေဆိပ်အာဏာပိုင်တို့ရဲ့ မီးသတ်ကားတိုက်မိတဲ့ ဖြစ်စဥ်ကြောင့်လေဆိပ်ကို ပိတ်ထားလိုက်ရပါတယ်။

    CRJ 900 အမျိုးအစား အဲဒီလေယာဥ်ပေါ်မှာ လေယာဥ်အမှုထမ်း ၄ ဦးအပါအဝင် ခရီးသည်စုစုပေါင်း ၇၆ ဦး ပါရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက်သတင်းဌာန CBS က ဖော်ပြပါတယ်။

    အမေရိကန်သတင်းဌာန NBC ကတေ့ာ ဒီလေယာဥ်တိုက်မှုဖြစ်စဥ်ကို စစ်ဆေးရေးလုပ်ဆောင်နေသူနဲ့ နီးစပ်သူပြောပြချက်ကို ကိုးကားပြီး လေယာဥ်မှူး ၂ ဦးသေဆုံးတယ်လို့သတင်းဖော်ပြထားပါတယ်။ ဒ့ါအပြင် မီးသတ်ကားပေါ်က အရာရှိ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

    လူသေဆုံးနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက်သတင်းဌာန CBS ကသတင်း‌ဖော်ပြတာ မရှိသေးပါဘူး။

    လက်ရှိမှာ အရေးပေါ်အခြေအနေကြောင့် လေဆိပ်ကိုလာတဲ့ လမ်းနဲ့ အဝေးပြေးလမ်းတွေကို ပိတ်ထားတယ်လို့ နယူးယောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

    Federal Aviation Administration (FAA) ကလည်း တနင်္ဂနွေနေ့ညပိုင်းမှာ လေယာဉ်ဆင်းသက်မှုတွေကို ယာယီရပ်ဆိုင်း (ground stop) လုပ်ထားပြီး ဒီအခြေအနေ ဆက်လက်ရှည်ကြာနိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။

    သတင်းတွေအရ အဲဒီလေယာဉ်ဟာ ကနေဒါနိုင်ငံ မွန်ထရီရယ် က လာတာဖြစ်ပြီး လေဆိပ်မှာ ဆင်းသက်ပြီးနောက် အရှိန်လျှော့ချနှုန်းနဲ့ ရပ်တန့်နေချိန် လေဆိပ်ကို စီမံခန့်ခွဲနေတဲ့ Port Authority of New York and New Jersey ရဲ့ မီးသတ်ယာဉ်နဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

  9. လမ်းပေါ်က ကားတန်းရှည်နဲ့ ထက်ဝက်ကျော်စျေးခုန်တက်တဲ့မြန်မာ့စက်သုံးဆီဂယက်

    ကားတွေအများအပြား တန်းစီပြီး ဆီဖြည့်ရတဲ့အခါမှာ မီးဘေးကို အထူးသတိထားဖို့လည်း ဆော်သြနေကြ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကားတွေအများအပြား တန်းစီပြီး ဆီဖြည့်ရတဲ့အခါမှာ မီးဘေးကို အထူးသတိထားဖို့လည်း ဆော်သြနေကြ

    မြန်မာမှာ ဆီပြတ်လပ်စရာမရှိပေမဲ့ ကမ္ဘာ့ဈေးနှုန်းနဲ့အညီဖြစ်လာမယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ထုတ်ပြောအပြီး တစ်လမပြည့်ခင်မှာပဲ ရန်ကုန်စက်သုံးဆီဈေးက ၅၅ ရာခိုင်နှုန်းတက်သွားပါပြီ။

    ရန်ကုန်က စက်သုံးဆီဆိုင်တွေမှာ ဆီတန်းစီတဲ့ကားတန်းတွေ မတ်လ ၂၀ ရက်စလို့ ပြန်မြင်တွေ့လာရပါတယ်။​ ကားတွေအများအပြား တန်းစီပြီး ဆီဖြည့်ရတဲ့အခါမှာ မီးဘေးကို အထူးသတိထားဖို့လည်း ဆော်သြနေကြပါတယ်။

    မတ်လ ၂၁ ရက်ည က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၈ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်က Terminal ဓာတ်ဆီဆိုင်မှာ မီးလောင်လို့ ဆီတစ်ဆိုင်လုံးရော၊ ဆီလာဖြည့်တဲ့ကားပါ မီးထဲ ပါသွားခဲ့ပါတယ်။​

    မြန်မာက ဆီဂယက်အကြောင်း အပြည့်အစုံကို ဒီဆောင်းပါးလင်ခ့် မှာ ဖတ်ရှုနိုင်ပါတယ်။

  10. သမ္မတထရမ့်နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ ဟော်မုဇ်ရေလက်ကြားပြန်ပွင့်ရေး တယ်လီဖုန်းက ဆွေးနွေး

    အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ

    အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာတို့ ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေး/ပြန်ပွင့်ရေး ကိစ္စအတွက် တယ်လီဖုန်းပြောခဲ့ကြတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

    စကားပြောချိန်မှာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့တယ်လို့ဆိုပြီး “အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု (constructive)” ဖြစ်ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံး မီဒီယာ PA Media က ရေးသားထားပါတယ်။

    ဒေါင်းနင်းလမ်းက ဗြိတိန်ဝန်ကြီးချုပ်ရုံးရဲ့ ပြောကြားချက်အရ နှစ်ဖက်ခေါင်းဆောင်တွေဟာ အရှေ့အလယ်ပိုင်းဒေသ အခြေအနေကို ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေနံသယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးတဲ့ ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ဖို့ လိုအပ်ကြောင်း အလေးထားပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်။

    နှစ်ဖက်က “ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေးဟာ ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်ရေးအတွက် အရေးကြီးပါတယ်” လို့ သဘောတူခဲ့ကြပြီး မကြာခင် ထပ်မံ ဆက်သွယ်ဆွေးနွေးသွားမယ်လို့လည်း ပြောဆိုထားပါတယ်။

    တစ်ဖက်မှာတော့ ဒေါ်နယ်ထရမ့်ဟာ မနေ့က သူ့ social media ဖြစ်တဲ့ Truth Social မှာ ဟာသဗီဒီယိုတစ်ခုဟောင်း တခုကို ပြန်မျှဝေခဲ့ပါတယ်။

    အဲ့ဒီဗီဒီယိုက Saturday Night Live (SNL) က သရော်စာအစီအစဥ်ဖြစ်ပြီး အဲ့ဒီထဲမှာ သရုပ်ဆောင်တွေက ဝန်ကြီးချုပ် ကီရာစတာမာနဲ့ ဒုတိယဝန်ကြီးချုပ် လမ်မီတို့ကို တုပပြီး သရုပ်ဆောင်ထားပါတယ်။

    သရော်ကြတဲ့ပြက်လုံးက ဝန်ကြီးချုပ်နဲ့ ဒုတိယဝန်ကြီးချုပ်တို့ နှစ်ဦးက အမေရိကန်သမ္မတနဲ့ ဖုန်းပြောတော့မယ်ဆိုပြီး စောင့်နေရတဲ့ အချိန်မှာ စတာမာအဖြစ် သရုပ်ဆောင်ထားသူက စိုးရိမ်နေတဲ့ပုံနဲ့ “အို ဘုရားရေ… ဒေါ်နယ် က ငါ့ကို ကြိမ်းမောင်းလာရင် ဘာပြောရမလဲ လမ်မီ”ဆိုတဲ့ ဗီဒီယိုဖြစ်ပြီး “ဒီအလုပ်မှာ ငါတကယ် မကျွမ်းတော့ဘူး လမ်မီ။ လစ်ထရစ်ဇ် ( ဝန်ကြီးချုပ်ဟောင်း) က ဒီအလုပ်ကို ဘယ်လို လွယ်လွယ်လုပ်နိုင်ခဲ့တာလဲ” ဆိုပြီး အရွှန်းဖောက်ထားကြတဲ့ ဗီဒီယိုဖြစ်ပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ ‌ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်းပြန်ဖွင့်ဖို့ဆိုပြီး စနေနေ့က ပြောဆိုထားသလို အဲဒီအချိန်က ပြည့်တော့မယ်လို့ဆိုပါတယ်။ အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကိုပြန်မဖွင့်ရင် အမေရိကန်က အီရန်ရဲ့ စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ပြီး ဖျက်ဆီးမယ်၊ အကြီးဆုံးစက်ရုံကနေ စတင်မယ်” လို့ ဆိုပါတယ်။

    အီရန်က အမေရိကန်နဲ့ ဆက်စပ်နေတဲ့ စွမ်းအင်အဆောက်အအုံတွေကို "ပြန်လည်ပြုပြင်လို့မရနိုင်အောင် ဖျက်ဆီးမယ်" လို့ ခြိမ်းခြောက်ထားပါတယ်။

  11. မူဆယ်မှာ ပြည့်တန်ဆာလုပ်ဖို့လိမ်ခေါ်ခံရ မိန်းကလေး ၃ ဦးကို ကျပ် ၁၇ သိန်းနဲ့ ပြန်ကယ်ထုတ်ခဲ့ရ

    လူမှုကူညီရေးအသင်းက မူဆယ်အနှိပ်ခန်းကနေ ကယ်ထုတ်ခဲ့တဲ့ နေပြည်တော်က မိန်းကလေး ၃ ဦး

    ဓာတ်ပုံ ရင်းမြစ်, NST

    ဓာတ်ပုံ ပုံစာ, လူမှုကူညီရေးအသင်းက မူဆယ်အနှိပ်ခန်းကနေ ကယ်ထုတ်ခဲ့တဲ့ နေပြည်တော်က မိန်းကလေး ၃ ဦး

    ရှမ်းမြောက်၊ မူဆယ်မြို့ က အနှိပ်ခန်းတစ်ခုမှာ အလုပ်ရမယ်ဆိုပြီးမှ ပြည့်တန်ဆာလုပ်ငန်းလုပ်ဖို့ ဖိအားပေးခံရတဲ့ မိန်းကလေး ၃ ဦးကို ကျပ်ငွေ ၁၇ သိန်းကျော်နဲ့ ပြန်ရွေးပေးပြီး မတ် ၂၃ ရက်မှာ ကယ်ထုတ်ခေါ်ယူခဲ့ရတယ်လို့ မူဆယ်အခြေစိုက် မြင့်မြတ်ပါရမီလူမှု ကူညီရေးအသင်းတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    နေပြည်တော်က အဲဒီမိန်းကလေး ၃ ဦးကို ပွဲစားတစ်ဦးက ရှမ်းမြောက်၊ လားရှိုးမြို့မှာ အနှိပ်သီးသန့်အလုပ်အကိုင်ရလုပ်ကိုင်ရမယ်ဆိုပြီး မတ် ၂၀ ရက်မှာ လိမ်လည်ခေါ်‌ဆောင်ခဲ့တာလို့ ဆိုပါတယ်။

    “မနေ့ညကသန်းခေါင်မှာ ကောင်မလေးတွေက ကျွန်တော့်ဆီဖုန်းဆက် အကူအညီတောင်းလာတာ။ အခုတော့ သူတို့ကို ကျွန်တော်တို့ရုံးမှာခေါ်ထားပါတယ်။ ဒီလိုမျိုးက မူဆယ်မှာမကြာခဏဖြစ်နေတယ်။ ကျွန်တော့်အသင်းရုံးထဲကို ပြေးဝင်ပြီး အကူအညီတောင်းတာတောင်ရှိတယ်” လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

    လက်ရှိမှာ ကယ်ထုတ်လာတဲ့ မိန်းကလေး ၃ ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးနေတယ်လို့သိရပါတယ်။

    “တရုတ်ဘက်ရောက်ပြီးမှ အကူအညီတောင်းတာရော မူဆယ်မြို့တွင်းမှာ အလုပ်ရမယ်ဆိုပြီး လိမ်ခေါ်ခံရတဲ့ မိန်းကလေးတွေကို ကူရတာ ကျွန်တော်တို့အသင်းတစ်ခုတည်းတင် ပြီးခဲ့တဲ့နှစ်ကနေအခုထိ အယောက် ၃၀ နဲ့ ၄၀ ကြားရှိတယ်” လို့ မြင့်မြတ်ပါရမီလူမှု ကူညီရေးအသင်းတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    တဖက်မှာလည်း ငွေကြေးအကျိုးအမြတ်နဲ့ မန္တလေးနဲ့ ရန်ကုန်က အမျိုးသမီးတွေကို တရုတ်နိုင်ငံကို ပို့ဆောင်ဖို့ ကြိုးပမ်းသူတွေကို ထောင် ၁၅ နှစ်ချမှတ်လိုက်တယ်လို့ စစ်‌ကော်မရှင်က မတ် ၂၂ ရက် ညပိုင်းက ထုတ်ပြန်ထားပါတယ်။

    မန္တလေးတိုင်း၊ သာစည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အမှုမှာ တရုတ်နိုင်ငံသားတစ်ဦးနဲ့ ပြည်တွင်းက အမျိုးသမီးတစ်ဦးတို့ကို ပွဲစားလုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးက တရုတ်ခင်ပွန်းနဲ့ ပေါင်းသင်းနေထိုင်ပါက ငွေကြေးရရှိမယ်ဆိုပြီး ခေါ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ အဲဒီအမှုက သွေးဆောင်သူ အမျိုးသမီးနဲ့ တရုတ်နိုင်ငံသားကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ်ချခံလိုက်တယ်လို့ ‌ဖော်ပြပါတယ်။

    ရန်ကုန်က မိန်းကလေးတစ်ဦးကို လူမှုကွန်ရက်က တဆင့် ဆက်သွယ်ပြီး တရုတ်ဇနီးမယားအဖြစ် မူဆယ်ကတဆင့် တရုတ်ပို့ဖို့ခေါ်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကိုလည်း မတ် ၁၉ ရက်မှာ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်ချလိုက်တယ်လို့ ‌ဆိုပါတယ်။

    တယ်လီဂရမ်ကနေ လူခေါ်ပေးတဲ့ ပွဲစားအမျိုးသမီးတစ်ဦးကတော့ တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

  12. အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်တဲ့စစ်ပွဲမှာ ရေက လက်နက်ဖြစ်လာပြီလား

    ပင်လယ်ကွေ့မှာ သဘာဝအတိုင်း ကမ္ဘာ့ရေချို ရနိုင်မှုသရုပ်ဖော်ပုံ

    ဓာတ်ပုံ ရင်းမြစ်, BBC and Getty Images

    ဓာတ်ပုံ ပုံစာ, ပင်လယ်ကွေ့မှာ သဘာဝအတိုင်း ကမ္ဘာ့ရေချို ရနိုင်မှုသရုပ်ဖော်ပုံ

    ရေနံကြောင့် အနောက်ကမ္ဘာက အဲဒီဒေသမှာ ကာလရှည်ကြာ ပါဝင်ပတ်သက်နေတယ်လို့ မှန်းထားကြတဲ့အတိုင်း ဒီစစ်ပွဲမှာလည်း ရေနံက တစိတ်တပိုင်း ဆက်စပ်နေပါတယ်။

    ဒါပေမဲ့ စစ်က ကျယ်ပြန့်လာပြီး ပင်လယ်ကွေ့နိုင်ငံတွေဆီကို ပြန့်လာတဲ့အခါ နောက်ထပ် သဘာဝအရင်းအမြစ်တခုဖြစ်တဲ့ ရေက အခုအချိန်မှာ ပြဿနာမဟုတ်သေးပေမဲ့ တစ်ချိန်မှာ ပြဿနာကြီးတစ်ခုဖြစ်လာနိုင်တယ်လို တချို သုံးသပ်သူတွေက ပြောနေပါပြီ။

    ပင်လယ်ကွေ့မှာ သဘာဝအတိုင်း ကမ္ဘာ့ရေချို ရနိုင်မှု စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းကိုပဲ ရရှိပါတယ်။ ဒီဒေသဟာ ပင်လယ်ရေကနေ ရေချိုအဖြစ် သန့်စင်ပြောင်းလဲရတဲ့စက်ရုံတွေကို အလွန်အမင်း မှီခိုရတာပါ။ အပြည့်အစုံကို ဒီဆောင်းပါးလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

  13. ကြို့ပင်ကောက် NLD ပါတီရဲ့ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ နေအိမ်မှာ သေနတ်နဲ့ပစ်ခံရ

    ကြို့ပင်ကောက်မြို့ NLD ပါတီရုံးခန်း(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, NLD Bago Region

    ဓာတ်ပုံ ပုံစာ, ကြို့ပင်ကောက်မြို့ NLD ပါတီရုံးခန်း(ပုံဟောင်း)

    နေအိမ်မှာ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အမျိုးသမီးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒေါ်တင်တင်နုရဲ့ နာရေးစျာပနကို ဒီကနေ့ မတ် ၂၃ ရက်မှာ ပြုလုပ်မယ်လို့ ကြို့ပင်ကောက်မြို့ခံတစ်ဦးက ပြောပါတယ်။

    မနေ့ မတ် ၂၂ ရက် မွန်းလွဲပိုင်းမှာ ဒေါ်တင်တင်နုဟာ ကြို့ပင်‌ကောက်မြို့အရှေ့ခြမ်း၊ သဲကုန်းရပ်ကွက်က နေအိမ်မှာရှိနေချိန် သေနတ်သမားတစ်ဦးက နေအိမ်ထဲဝင်ရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။

    ပစ်ခတ်ခံရမှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ဘယ်လိုအကြောင်းအချက်နဲ့ ဘာကြောင့်လုပ်တယ်၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကို သိရှိရတာမရှိသေးဘူးလို့ ကြို့ပင်ကောက်မြို့ခံက ပြောပါတယ်။

    “ပစ်ခံရတဲ့အချိန် သူနဲ့ အသက် ၁၀ နှစ်အရွယ် သမီးလေးတစ်ယောက်ပဲ အိမ်မှာရှိတာ။ လာပစ်တာကတော့ တစ်ယောက်တည်းကလာပစ်တာလို့ သိရတယ်။ တရားခံတော့ မမိသေးဘူး”

    ဒေါ်တင်တင်နုရဲ့ အမျိုးသားက NLD ပါတီရဲ့ မြို့နယ် ဒုဥက္ကဋ္ဌဖြစ်ခဲ့ပြီး လက်ရှိမှာ မိသားစုနဲ့ အတူမရှိနေဘူးလို့ သိရပါတယ်။

    ဒေသတွင်းသတင်း‌‌တွေမှာ ဖော်ပြချက်အရ ဒေါ်တင်တင်နုဟာ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် ( တိမ်းရှောင်နေရသူ) ရဲ့ ဇနီးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း သေနတ်နဲ့ ပစ်ခတ်ခံရလို့ အသက်မသေခဲ့ပေမဲ့ ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့တယ်လို့ဆိုပါတယ်။ ဘီဘီစီအနေနဲ့ ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပြီး ထပ်မံစိစစ်မေးမြန်းနေပါတယ်။

    မြို့ခံရဲ့ ပြောပြချက်နဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်တပ်ထောက်ခံသူ၊ အစိုးရဝန်ထမ်းနဲ့ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စစ်တပ်ဆန့်ကျင်သူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ အပါအဝင် နှစ်ဖက်လုံးမှာ ပစ်ခတ်ခံရလို့ သေဆုံးခဲ့မှုတွေရှိတယ်လို့ဆိုပါတယ်။

    လက်ရှိမှာ ကြို့ပင်ကောက်မြို့၊ အုတ်ဖို၊ မင်းလှနဲ့ နတ်တလင်းမြို့တွေရှိတဲ့ ပဲခူးအနောက်ခြမ်းမြို့နယ်တွေမှာ ရန်ကုန်-ပြည်လမ်းနဲ့ ပဲခူးရိုးမကြားက တောင်ခြေရွာတွေကို အခြေပြုပြီး တော်လှန်ရေးအင်အားစုတွေက နယ်မြေထိန်းချုပ်စစ်ရေး လှုပ်ရှားနေလို့ စစ်တပ်နဲ့ တိုက်ပွဲတွေရှိနေပါတယ်။

    ဒီလမ်းကြောက နတ်တလင်းမြို့နယ်အရှေ့ဘက်မှာလည်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးကာ ရွာတွေကိုမီးရှို့တာ ပစ်ခတ်တာကြောင့် ရွာ ၁၀ ရွာထက်မနည်းက အရပ်သားတွေ စစ်ရှောင်နေရဆဲဖြစ်ပါတယ်။

  14. အီရန်စစ်ပွဲကြောင့် ပြည်တွင်း ဆေးဈေးကွက်ထိခိုက် စျေးနှုန်းမြင့်တက်လာ

    ရန်ကုန်မြို့က ဆေးဆိုင်တစ်ဆိုင်မှာ ဆေးဝါးဝယ်ယူနေကြတဲ့ အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က ဆေးဆိုင်တစ်ဆိုင်မှာ ဆေးဝါးဝယ်ယူနေကြတဲ့ အခြေအနေ(ပုံဟောင်း)

    ပြည်ပကနေ မြန်မာကိုတင်သွင်းတဲ့ အိမ်သုံးနဲ့ နာတာရှည်ကုသသုံးစွဲရတဲ့ ဆေးဝါးဈေးနှုန်းတွေဟာ မတ်လဆန်းကစလို့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကြား စျေးနှုန်းစတက်လာတယ်လို့ ရန်ကုန်မြို့ ၊ မင်္ဂလာစျေး ဆေးစျေးကွက်မှာ ဝယ်ရောင်းလုပ်ကိုင်သူတချို့နဲ့ ဆေးဆိုင်ဖွင့်လှစ်ထားသူတချို့က ဘီဘီစီကိုပြောပါတယ်။

    မြန်မာနိုင်ငံကို အိန္ဒိယ၊ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်က ဆေးဝါးတွေအပြင် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က အများဆုံးတင်သွင်းနေပါတယ်။

    လက်ရှိ အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ စျေးကွက်မတည်မငြိမ်ဖြစ်ပြီး စျေးနှုန်းမြင့်တက်မှုတွေဖြစ်လာချိန်မှာ နိုင်ငံတကာ လေကြောင်းနဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးစရိတ်တွေတက်လာလို့ ပြည်ပကတင်သွင်းတဲ့ ဆေးစျေးနှုန်း စျေးပိုမြင့်တက်လာနိုင်တဲ့အခြေအနေဖြစ်လာတယ်လို့ ရန်ကုန်မြို့ ၊ မင်္ဂလာစျေး ဆေးစျေးကွက်က လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    '' အခုရက်ပိုင်းမှာ စတက်လာပြီလို့ပြောလို့ရပါတယ်။ အဓိကကတော့ အရှေ့အလယ်ပိုင်းပြဿနာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တက်လာတာကြောင့်ပါ။ အခုရက်ပိုင်းမှာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကြားစတက်လာတယ်။ နောက်ပိုင်း စက်သုံးဆီပြဿနာပိုကြီးလာရင် သယ်ယူပို့ဆောင်ရေးစရိတ်တွေတက်လာမယ်။ တင်သွင်းမှုကြန့်ကြာနိုင်သလို စျေးလည်းပိုတက်လာမယ်'' လို့ သူက ပြောပါတယ်။

    အရှေ့အလယ်ပိုင်းပြဿနာမတိုင်ခင်ကတည်းက အာဏာသိမ်းစစ်တပ်နဲ့ ဗဟိုဘဏ်က ပြည်ပပို့ကုန်တွေအတွက် ဒေါ်လာငွေသုံးစွဲမှုနဲ့ ဆေးဝါးတင်သွင်းမှုလိုင်စင်နဲ့ ပတ်သက်ပြီး ထိန်းချုပ်တင်းကျပ်ထားတာကြောင့် ပြည်တွင်းဆေး စျေးကွက်မှာ ဆေးစျေးနှုန်းတွေမြင့်တက်ပြီး စျေးရှားပါးပြတ်လပ်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

    ရန်ကုန်မြို့က ဆေးဝါးလက်ကားဒိုင်တွေနဲ့ ဆေးစျေးကွက်မှာ စျေးနှုန်းမြင့်တက်မှုဖြစ်လာလို့ နယ်ဆေးဆိုင်တွေနဲ့ ဆေးဝါးလုပ်ငန်းတွေမှာလည်း ဆေးအမျိုးအစားအစုံ ဝယ်ယူရတာခက်ခဲလာသလို ဆေးစျေးနှုန်းတွေလည်းမြင့်တက်လာတယ်လို့ ကရင်ပြည်နယ် မြဝတီမြို့က ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    “ဆေးဈေးကဆက်တက်မှာပဲ။ အခုလည်းတင်သွင်းတဲ့ ဈေးလည်းတက်သလို စျေးကွက်လည်း ပျက်နိုင်တယ်။ တချို့ဆေးကို ကုမ္ပဏီကနေ ကိုယ့်ဆိုင်အတွက် ခွဲတမ်းတောင်မရဘူး အလုအယက်ဝယ်ရတယ်” လို့ ကရင်ပြည်နယ် မြဝတီမြို့က ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

    သွေးတိုးသမားတွေ အများဆုံးသောက်တဲ့ အိန္ဒိယဆေး Amlong 5 ကို ပြီးတဲ့လက ဈေးကွက်ထဲ မှာ တစ်ကတ်ကို ကျပ် ၄၀၀၀ ဝန်းကျင်နဲ့ ရောင်းချပေမဲ့ လက်ရှိကုမ္ပဏီလက္ကားဈေးမှာတင် ၄၂၀၀ ကျပ်ဖြစ်နေပြီလို့ ဆေးဝါးလက်လီရောင်းချနေသူတချို့ဆီက သိရပါတယ်။

    “သွေးတိုးဆေးက အရင်ဈေးတစ်ကတ်ကို ၂၀၀၀ ကနေ ၄၀၀၀ ဖြစ်တယ်။ အဲဒီကနေမှ အများကြီး ထပ်တက်ရင်တော့ ကွမ်းရွက်တို့ ကြက်သွန်ဖြူတို့ပဲ စားတော့မယ်” လို့ သွေးတိုးရောဂါအတွက် ပုံမှန်ဆေးသောက်သုံးနေရသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြည်ပကတင်သွင်းရတဲ့ဆေးတွေအပြင် ပြည်တွင်းထုတ်ဆေးတွေ၊ တိုင်းရင်းဆေးတွေလည်း ၁၀ ရာခိုင်နှုန်းဝန်းကျင် စျေးတက်လာတယ်လို့ ဆေးဆိုင်တချို့ကဆိုပါတယ်။

    ဆေးဆိုင်တချို့ကတော့ တင်သွင်းတဲ့ဆေးဝါးပျက်လက်ရင် အာနိသင်တူတဲ့ ပြည်တွင်းမှာရနိုင်တဲ့ ဆေးဝါးအစားထိုးဝယ်ယူဖို့ အကြံပေးထားပါတယ်။

  15. ယာဉ်ရဲ့အင်ဂျင်ပေါ် မူတည်ပြီး တစ်ပတ်အတွင်းဝယ်ယူနိုင်တဲ့ ဆီပမာဏသတ်မှတ်မယ်, မတ် ၂၅ ရက် ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနတွေ နေအိမ်ကနေ အလုပ်လုပ်ရမယ်

    မတ် ၂၁ ရက်က ရန်ကုန်မြို့မှာ ဆီတန်းစီနေတဲ့ ကားတွေ
    ဓာတ်ပုံ ပုံစာ, မတ် ၂၁ ရက်က ရန်ကုန်မြို့မှာ ဆီတန်းစီနေတဲ့ ကားတွေ

    စက်သုံးဆီရှားပါးတာကို ကာကွယ်ဖို့နဲ့ ဆီသုံးစွဲတာလျှော့ချဖို့ ၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက် ကစပြီး အစိုးရရုံးဌာနတွေအနေနဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ နေအိမ်ကနေ အလုပ်လုပ်တဲ့ Work from Home ( WFH) အစီအစဥ်ကို ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။

    ဒီကြေညာချက်ဟာ နောက်ထပ်ထုတ်ပြန်ချက် မထုတ်ပြန်မချင်း အတည်ဖြစ်မယ်လို့ ဆိုပါတယ်။

    ဒါအပြင် ဝန်ထမ်းတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာမလုပ်ဖို့နဲ့ ယာဉ်အသုံးပြုမှုကို ရှောင်ရှားကြဖို့လည်း ပြောထားပါတယ်။

    စစ်ကော်မရှင်အပြောအရ နိုင်ငံအတွင်း စက်သုံးဆီကို လုံလောက်စွာ သိုလှောင်ထားရှိထားပေမဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စွမ်းအင်ဆိုင်ရာစိန်ခေါ်မှုတွေကို ကြိုတင်ပြင်ဆင်နိုင်ရေး အခုလိုဆီချွေတာရေးအစီအစဉ်တွေကို လုပ်ဆောင်နေတာလို့ဆိုပါတယ်။

    ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့လည်း အစိုးရရုံးများနည်းတူ Work From Home စနစ်ကို အတတ်နိုင်ဆုံးဆောင်ရွက်ကြဖို့ဆိုပြီး တိုက်တွန်းထားပါတယ်။

    အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံအတွင်း စက်သုံးဆီအသုံးပြုမှု အခက်အခဲ မဖြစ်အောင် စောင့်ကြည့်ထိန်းညှိနေတယ်လို့ စစ်ကော်မရှင်စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

    ဆီဝယ်ယူမှုကို ပိုပြီး စနစ်တကျဖြစ်စေဖို့ ယာဉ်ရဲ့အင်ဂျင်အရွယ်အစားအပေါ် မူတည်ပြီး တစ်ပတ်အတွင်း ဝယ်ယူနိုင်တဲ့ပမာဏကို သတ်မှတ်ပြီး တစ်ပတ်မှာ တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး နှစ်ကြိမ်ခွဲပြီးဖြစ်စေ ဝယ်ယူနိုင်တဲ့ စနစ်ကို Bar Code scan စနစ်၊ QR Code စနစ်ထဲမှာ ထည့်သွင်း သတ်မှတ်ပြီး လာမယ့်ရက်သတ္တပတ်အတွင်း စတင်မယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ မော်တော်ယာဉ်တွေအတွက် Bar Code scan စနစ်၊ ဆိုင်ကယ်တွေအတွက် QR Code စနစ်ကို မတ်လ ၁၂ ရက်က စတင် အသုံးပြုနေပြီး ဒီစနစ်ကို အသုံးပြုချိန်မှာ အခက်အခဲတချို့ရှိခဲ့ပေမယ့် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ဖြေရှင်းနေတယ်လို့ ဆိုပါတယ်။

    နိုင်ငံအတွင်း စက်သုံးဆီကို ရက် ၅၀ စာ သိုလှောင်ထားပြီးဖြစ်သလို ပုံမှန်တင်သွင်းနေတဲ့လမ်းကြောင်းတွေအပြင် အခြားလမ်းကြောင်းတွေကနေပါ ဆက်လက်တင်သွင်းနိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။

  16. မင်္ဂလာပါ။ မတ် ၂၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now