စက်သုံးဆီအကျပ်အတည်းကြောင့် သီးနှံစိုက်တောင်သူနဲ့ နွေစပါးရိတ်လယ်တွေ အခက်ကြုံလာ

စက်သုံးဆီအကျပ်အတည်းကြောင့် သီးနှံစိုက်တောင်သူနဲ့ နွေစပါးရိတ်လယ်တွေ အခက်ကြုံလာတဲ့သတင်းအပါအဝင်မတ် ၂၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • စက်သုံးဆီဈေးမြင့်တက်မှုနဲ့ ဆီဝယ်ရခက်ခဲမှုတွေကြောင့် ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ တနင်္ဿာရီတိုင်းထဲက စပါးနဲ့ တခြားသီးနှံစိုက်တဲ့ စိုက်ပျိုး‌ရေးလုပ်ငန်း‌တွေ အခက်ကြုံနေ
  • မတ် ၂၀ ရက်တုန်းက လေကြောင်းတိုက်ခိုက်ခံရလို့ လူဆယ်ချီသေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေ
  • ယောဒေသ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ချင်း ပစ်ခတ်မှုတွေဖြစ်လို့ ဗိုလ်ကြီးနဲ့ တပ်ကြပ်တို့ သေဆုံး
  • ပခုက္ကူ-ရေစကြိုလမ်းပိုင်းပေါ်က စစ်တပ်ပူးပေါင်းဂိတ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတယ်လို့ အညာဧရာဝတီတော်လှန်ရေးအင်အားစုက ရုပ်သံဖိုင်နဲ့ထုတ်ပြန်
  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်- အစ္စရေး စစ်ရေးတင်းမာမှုရပ်‌‌ရေး ဆွေးနွေးမှုလုပ်နေတယ်ဆိုတဲ့ ပြောဆိုချက်အပေါ် အီရန်က ငြင်းဆို
  • မိုးကုတ်မြို့နယ်ထဲ စစ်တပ်စစ်ကြောင်းတွေရောက်လာလို့ တော်လှန်ရေးတပ်တွေ မိုးကုတ်ဒေသထဲကနေ ဆုတ်ခွာရ၊ မိုးမိတ်-တွင်းငယ်လမ်းပိုင်းကိုလည်း စစ်တပ်ပြန်ထိန်းချုပ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ် ၂၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. အမေရိကန်- အီရန် ဆွေးနွေးပွဲတကယ်ဖြစ်လာနိုင်လား၊

    အမေရိကန်- အီရန်အလံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်- အီရန်အလံ

    အမေရိကန်က အီရန်အပေါ် သူ့ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို ရွှေ့ဆိုင်းထားမယ်လို့ ပြောနေပေမယ့် အမေရိကန်နဲ့ အီရန်အရာရှိတွေကြားမှာ မတူညီတဲ့ ပြောဆိုချက်တွေကို ထုတ်ပြန်နေကြပါတယ်။

    အီရန်နဲ့ ဆွေးနွေးနေပြီလို့ သမ္မတထရမ့်က ပြောနေပေမဲ့ အီရန်က ကြားခံနိုင်ငံတချို့ကတဆင့် ဆွေးနွေးပွဲ ပြောဆိုချက်ရထားကြောင်းသာပြောပြီး ဆွေးနွေးပွဲအမှန်တကယ်မရှိသေးကြောင်းတုံ့ပြန်ထားပါတယ်။ အမေရိကန်-အီရန်ဆွေးနွေးပွဲ တကယ်ဖြစ်နိုင်ခြေနည်းတယ်ဆိုတဲ့ အကဲခတ်တွေရဲ့ သုံးသပ်မှုတွေလည်းထွက်လာပါတယ်။

    အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ ဒီကနေ့ ‌နောက်ဆုံးရသတင်း‌တွေကို ဒီဆောင်းပါးလင်ခ့် မှာဖတ်ရှုနိုင်ပါတယ်။

  3. စက်သုံးဆီအကျပ်အတည်းကြောင့် သီးနှံစိုက်တောင်သူနဲ့ နွေစပါးရိတ်လယ်တွေ အခက်ကြုံလာ

    လယ်ယာလုပ်ငန်းခွင်တစ်ခု (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေကြောင့် ထက်ဝက်ကျော် ခုန်တက်လာတဲ့ စက်သုံးဆီဈေးတွေနဲ့ ဆီဝယ်ရခက်ခဲမှုတွေကြောင့် ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ တနင်္ဿာရီတိုင်းထဲက စပါးနဲ့ တခြားသီးနှံစိုက်တဲ့ စိုက်ပျိုး‌ရေးလုပ်ငန်း‌တွေ ရပ်ထားရလုဖြစ်လာတယ်လို့ ဘီဘီစီကိုပြောကြပါတယ်။

    ဧရာဝတီတိုင်းထဲက စပါးစိုက်တောင်သူတချို့ကတော့ စက်သုံးဆီအခက်အခဲကြောင့် နွေစပါးရိတ်သိမ်းတဲ့စက်တွေ မလည်ပတ်နိုင်တော့ဘဲ ရိတ်သိမ်းလက်စ စပါးခင်းတွေ ရပ်ထားရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    အလားတူ ငရုတ်သီးစိုက်တောင်သူတစ်ဦးကလည်း စိုက်ခင်းမှာ စက်သုံးဆီသုံးပြီး မော်တာနဲ့ရေတင်ရတာကြောင့် လက်ရှိအခြေအနေအရ ရေအလုံအလောက်မပေးနိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

    “ငရုတ်သီးတွေက ရေပေးရမယ့်အချိန်မှာ ရေပေးမှ ထွက်မှာ၊ ပြီးရင် တစ်ပတ်တစ်ခါ ခူးရတာမျိုး၊ ရေက စက်သုံးဆီနဲ့ ရေစက်မောင်းပေးရတာ။ ဆီမရှိရင်ရေမပေးနိုင်ဘူးဖြစ်နေတယ်” လို့ သူကဆက်ပြောပါတယ်။

    ဧရာဝတီတိုင်းထဲက မြို့ကြီးတချို့ရဲ့ စက်သုံးဆီဆိုင်တွေမှာလည်း ဆီတန်းစီဝယ်ယူသူများပြားနေပြီး အများစုကတော့ လယ်စိုက်တောင်သူတွေလို့ ပုသိမ်နဲ့ ဟင်္သာတမြို့နယ်တွေမှာနေထိုင်တဲ့ ‌ဒေသခံတချို့က ပြောပါတယ်။

    မကွေးက ပဲစိုက်တောင်သူတစ်ဦးကလည်း ထွန်စက်ကြီးတွေက အိမ်စီးကားလို စုံ၊ မ ရက်အလိုက် တစ်ရက်ထည့် တစ်ရက်နားလို့ မရဘဲ နေ့အလိုက် ထွန်ယက်စိုက်ပျိုးရတာကြောင့် စက်သုံးဆီအခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

    အလားတူ ထားဝယ်မြို့နယ်ထဲက လယ်သမားတချို့ကလည်း သင်္ကြန်အပြီး လယ်စစိုက်ရမှာဖြစ်လို့ စက်သုံးဆီဝယ်ယူရတဲ့ အခက်အခဲတွေကြောင့် လုပ်ငန်းလည်ပတ်မှုတွေ ထိခိုက်မယ့်ကိန်းစိုက်နေပြီလို့ ပြောပါတယ်။

    “ထားဝယ် ၄ မြို့နယ်လုံး လယ်စိုက်ကြတယ်။ ပုံမှန်ဆို စက်သုံးဆီတွေကို ကြိုပြီး ဆီစုရတာ။ အခုတော့ မစုနိုင်ဘူး” လို့ ထားဝယ်မြို့ကတောင်သူတစ်ဦး က ပြောပါတယ်။

    စပါးခင်းတစ်ခုမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ‌ဘောလုံးဘုရင်/ စပါးစိုက်တောင်သူများ

    တစ်ဖက်မှာလည်း စက်သုံးဆီ ဝယ်ရခက်လာတဲ့ အခြေအနေတွေဟာ ထားဝယ်မြို့က ရေလုပ်ငန်းတွေကိုလည်း သက်ရောက်မှုရှိလာပါတယ်။

    “ဆီဈေးကြီး ငါးလုပ်ငန်းလဲ အခြေနေမကောင်းလို့ လုပ်ငန်းရပ်လိုက်ရတာတွေရှိတယ်။ ဈေးကွက်ပါ မရှိတော့ဘူး။ အရင်က ထားဝယ်-ထီးခီးလမ်းက ပို့ရတယ်။ အခုမရလို့ ဒေသတွင်း ရောင်းဖို့ကလဲ ဈေးကွက်မရှိဘူး။ ဆီဈေးကပါ တက်နေလို့ အသေးစားတွေ မလုပ်နိုင်ကြတော့ဘူး”လို့ ရေလုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါတယ်။

    မကွေး၊ ပွင့်ဖြူမြို့က နှမ်းစိုက်တောင်သူတစ်ဦးကတော့ နှမ်းစိုက်ဖို့ ရေသွင်းကာလဖြစ်ပေမယ့် မတ်လ ၅ ရက်ကတည်းက စက်သုံးဆီဝယ်မရတော့ဘူးလို့ ဆိုပါတယ်။

    “စက်သုံးဆီဝယ်ရခက် အရင်ကလို ပုံးနဲ့ မရောင်းပေးတော့ဘူး။ ရေစုပ်စက်၊ ကုလားပဲ ချွေစက်တွေဆို အခု ရပ်ထားရတယ်”လို့ သူက ဖြည့်ပြောပါတယ်။

    လက်ရှိမှာ ဆည်မြောင်းက ရေစပြီး လွှတ်ပေးနေပေမယ့် မုန်းအနောက်ဘက်ခြမ်း ရေသွင်းရမယ့် နှမ်းစိုက်ဧကက သုံးသောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။

    “ရေကလည်း တစ်လထဲပေးမှာ။ တချို့မြေတွေဆို ရေစုပ်စက်နဲ့မှ ရေသွင်းလို့ရတာတွေရှိလို့ အဆင်မပြေဖြစ်နေကြတယ်” လို့ သူက ပြောပါတယ်။

  4. ကသာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

    မတ် ၂၀ ရက် မနက်ပိုင်းက လေကြောင်းဗုံးကြဲခံရတဲ့ မဟာလေးထပ်ဘုန်းကြီးကျောင်း

    ဓာတ်ပုံ ရင်းမြစ်, Nay P Latt

    ဓာတ်ပုံ ပုံစာ, မတ် ၂၀ ရက် မနက်ပိုင်းက လေကြောင်းဗုံးကြဲခံရတဲ့ မဟာလေးထပ်ဘုန်းကြီးကျောင်း

    ပြီးခဲ့တဲ့ ရက်ပိုင်းကလေကြောင်းတိုက်ခိုက်ခံရလို့ လူဆယ်ချီသေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ဒီနေ့ မတ် ၂၄ ရက်အထိ ဖြစ်နေတဲ့ တိုက်ပွဲက မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာသလို စစ်တပ်ကလည်း တိုက်ပွဲဖြစ်တဲ့နေရာတွေကို လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    “စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတာ” လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    စစ်တပ်က ဗန်းမောက်မြို့ကို ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းကစပြီး ကသာမြို့နယ်ကိုပါ ရဖို့ ထိုးစစ်ဖော်နေတာလို့ သူကပြောပါတယ်။ ဗန်းမောက်မြို့ကို စစ်တပ်က ဖေဖော်ဝါရီ ဒုတိယအပတ်မှာ ပြန်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

    မြို့ထဲက တချို့နေရာတွေမှာလည်း စစ်တပ်ရော တော်လှန်ရေးပူး‌ပေါင်းတပ်တွေရော နှစ်ဖက်စစ်ဆိုင်ထားကြပြီး ထိတွေ့မှုတွေဖြစ်နေတယ်လို့ သိရပါတယ်။

    “နှစ်ဖက်လုံးက သူ့နေရာနဲ့သူ အသီးသီးထိန်းထားကြတယ်။ မြို့ကို ဘယ်သူကမှ အပြီးသတ်မရသေးဘူး” လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

    ကသာမြို့ရဲ့ အနောက်မြောက်ဘက်ခြမ်းမှာ စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ ဗန်းမောက်မြို့ရှိပြီး ဗန်းမောက်နဲ့ ကသာကြားထဲမှာတော့ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) လက်အောက်ခံတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) တို့ တပ်ဖွဲ့စုံထိန်းချုပ်ထားတဲ့ အင်းတော်မြို့ရှိပါတယ်။

    “အင်းတော်ကို စစ်တပ်က နှစ်ဖက်ညှပ်ထိုးလာမှာကို ဟန့်တားဖို့ ကသာမြို့နယ် စစ်တပ် လက်ထဲမရောက်ဖို့ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်က ထောက်ပြပါတယ်။

    မတ်လ တတိယအပတ်ထဲမှာပဲ တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့နယ်ထဲကို မတ်လ ၂၀ ရက်က စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ မဟာလေးထပ်ဘုန်းကြီးကျောင်းပေါ်နဲ့ သဖန်းကိုင်းရွာတို့မှာ ဗုံးကျကွဲပြီး သံဃာနဲ့ စစ်ဘေးရှောင်တွေအပါအဝင် လူဆယ်ချီသေဆုံးမှုတွေ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကပြောထားပါတယ်။

    စစ်ကော်မရှင်တပ်ကတော့ ကသာမြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

  5. ပခုက္ကူက စစ်တပ်ပူးပေါင်းဂိတ်ကို တိုက်ခိုက်မှု စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး - AARF

    ဂိတ်ပစ်ခတ်ခံရပြီးနောက် ဂိတ်မှာထိုင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဘန်ကာတွေထဲကနေ စောင့်ကြည့်နေတယ်လို့ ဒေသခံပြော

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, ဂိတ်ပစ်ခတ်ခံရပြီးနောက် ဂိတ်မှာထိုင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဘန်ကာတွေထဲကနေ စောင့်ကြည့်နေတယ်လို့ ဒေသခံပြော

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပခုက္ကူ-ရေစကြိုလမ်းပိုင်းပေါ်က စစ်ကော်မရှင်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)တို့ ပေါင်းထိုင်ပြီး တပ်စွဲထားတဲ့ ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ မတ် ၂၃ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အညာဧရာဝတီတော်လှန်ရေးအင်အားစု(AARF)က ရုပ်သံဖိုင်နဲ့ သတင်းထုတ်ပါတယ်။

    “လက်နက်ငယ် ၇ လက်လောက်နဲ့ ပြောက်ကျားပစ်ခတ်ခဲ့တာပါ။ စစ်ကော်မရှင်တပ်ရဲ့ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတယ်။ ပျူစောထီး တစ်‌ဦး ထိခိုက်ဒဏ်ရာရတယ်”လို့ ဒေသခံတချို့က မျက်မြင်တွေ့ချက် သတင်ပေးပို့မှုကို ကိုးကားပြီး AARF ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်စံဘက ဒီနေ့ နေ့လယ်ပိုင်းမှာ‌ ပြောပါတယ်။

    ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ သေဆုံးတဲ့သတင်းကိုကြားရပြီး အရေအတွက်အတိအကျကိုတော့ မသိရှိဘူးလို့ဆိုပါတယ်။

    အဲဒီဂိတ်မှာ စစ်တပ်ရဲ့ အဖွဲ့ ၃ ဖွဲ့ပေါင်း အင်အား ၃၀ ဝန်းကျင်လောက်ရှိပြီး မနေ့ မတ် ၂၃ ရက် မနက် ၈ နာရီဝန်းကျင်လောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တာလို့ သူကဆိုပါတယ်။

    ပြောက်ကျားပစ်ခတ်မှုကြောင့် နှစ်ဖက်တပ်တွေကြား ထိတွေ့မှုရှိခဲ့ပြီး မနက် ၉ နာရီဝန်းကျင်မှာပဲ ပခုက္ကူလေယာဉ်ကွင်းမှာတပ်စွဲထားတဲ့ စစ်တပ်က စစ်ကား ၃ စီးနဲ့ စစ်ကူတွေ ရောက်လာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ရဲဘော် စံဘက ဆိုပါတယ်။

    အဲဒီစစ်တပ်ဂိတ်စခန်းမှာ ဘန်ကာတချို့လည်း ရှိပြီး ပစ်ခတ်မှုဖြစ်ပြီးနောက်ရက် ဒီနေ့မှာတော့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဘန်ကာတွေထဲမှာ ခိုအောင်းနေပြီး ဒီနေ့မှာတော့ဂိတ်မှာ ငွေကြေးကောက်ခံတာမျိုး မရှိဘူးလို့ မြေပြင်အခြေအနေသိသူ တစ် တစ်ဦးကပြောပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း အဲဒီဂိတ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် ဂိတ်မှာ ငွေကြေးကောက်ခံတာမျိုး အချိန်ကာလ တစ်ပတ်လောက် ရပ်တန့်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

    “မြို့အဝင်ဂိတ်ဆိုတော့ ပစ်ခတ်ခံရလည်း စစ်တပ်က ပိတ်မှာမဟုတ်ဘူး” လို့ သူက ဆက်ပြောပါတယ်။

    AARF ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်စံဘကတော့ ဇန်နဝါရီလတုန်းက ပစ်ခတ်မှုအပြီး စစ်ကော်မရှင်တပ်ဘက်က ဂိတ်မှာ စောင့်ကြပ်ငွေကြေးကောက်ခံတဲ့ တပ်ဖွဲ့ဝင်အများစုကို တပ်ဖွဲ့ဝင်အသစ်တွေနဲ့ ပြောင်းရွှေ့နေရာချတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    စစ်တပ်ရဲ့ ဂိတ်စခန်းကို အညာဧရာဝတီတော်လှန်ရေးအင်အားစု (AARF) နှင့် Golden Eagle PDF မဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ပစ်ခတ်ခဲ့တာလို့ AARF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    စစ်ကော်မရှင်ကတော့ ပခုက္ကူ စက်မှုဇုန်ထဲက စစ်တပ်ဂိတ်စခန်း ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

  6. မကွေး၊ ယောမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ချင်း ပစ်ခတ်လို့ ဗိုလ်ကြီးအဆင့်အပါ ၂ ဦး သေဆုံး

    သေဆုံးသွားတဲ့ ဗိုလ်ကြီးကောင်းကောင်း(ယာ)နဲ့ တပ်ကြပ် စိုင်းဇော်ဝင်း(ဝဲ)

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သေဆုံးသွားတဲ့ ဗိုလ်ကြီးကောင်းကောင်း(ယာ)နဲ့ တပ်ကြပ် စိုင်းဇော်ဝင်း(ဝဲ)

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ညောင်လယ်ကျေးရွာမှာ ယောကာကွယ်ရေးတပ် နှစ်တပ်ကြား ပစ်ခတ်မှုဖြစ်လို့ ဗိုလ်ကြီးနဲ့ တပ်ကြပ်အဆင့်ရှိသူ ၂ ဦးသေဆုံးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပြောပါတယ်။

    ယောကာကွယ်ရေးတပ်(YDF)က ပစ်ခတ်ခဲ့တာလို့ YDF ခွဲထွက်အဖွဲ့ ဘက်က ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုကြောင့် YDF ခွဲထွက်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ် စိုင်းဇော်ဝင်း တို့ သေနတ်ကျည်ထိမှန်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ထုတ်ပြန်ချက် မှာ ‌ဖော်ပြပါတယ်။

    “ဗိုလ်ကြီးကောင်းကောင်းကတော့ သွေးထွက်လွန်ပြီးဆုံးတာ၊ တပ်ကြပ်ကတော့ ဗိုလ်ကြီးကို ပစ်ကွင်းကနေ လာဆွဲထုတ်တဲ့အချိန် ခေါင်းကို သေနတ်ကျည်မှန်ပြီးဆုံးတာ” လို့ သေဆုံးသွားတဲ့ ဗိုလ်ကြီးကောင်း‌ကောင်းရဲ့ YDF ခွဲထွက်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ဖြစ်စဉ်အရ ညောင်လယ်ကျေးရွာတွင် သားဖြစ်သူရဲ့ ရှင်ပြုပွဲအလှူလုပ်ရန် ရောက်ရှိနေတဲ့ ဗိုလ်ကြီးကောင်းကောင်းကို တစ်ဖက် YDF အဖွဲ့ရဲ့ ထောက်လှမ်းရေးအဖွဲ့ဝင် ၂ ဦးက အလှူပွဲနေရာကနေ အပြင်ဘက်တစ်နေရာကို ခေါ်ထုတ်သွားပြီးမှ ပစ်ခတ်မှုတွေဖြစ်ပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

    YDF ခွဲထွက်အဖွဲ့ရဲ့ ထုတ်ပြန်ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ယောကာကွယ်ရေးတပ်(YDF) ဘက်ကို ဆက်သွယ်‌မေးမြန်းထား‌ပေမဲ့ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

    ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တဲ့ ယောကာကွယ်ရေးတပ်(YDF) အဖွဲ့ကတော့ သူတို့ရဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို မတ် ၂၂ ရက်မှာ ဗိုလ်ကြီးကောင်းကောင်းဦးဆောင်တဲ့အဖွဲ့က ညောင်လယ်‌ကျေးရွာ စတားလင့်ဆိုင်ကို ပြန်ပေးဆွဲခေါ်ဆောင်သွားတာကြောင့် ကယ်ဆယ်ရေးလုပ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ မတ် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    ပစ်ခတ်မှုဖြစ်ပွားတဲ့ တပ်ဖွဲ့ နှစ်ဖွဲ့ဟာ ဒေသအခြေစိုက် တပ်ဖွဲ့တွေဖြစ်ကြပြီး အရင်ကတော့ YDF တစ်ဖွဲ့တည်းအဖြစ် စုဖွဲ့ခဲ့ကြတာဖြစ်ပါတယ်။ YDF စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ကြီးကောင်းကောင်း အပါအဝင် တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်တချို့က YDF ကနေ ၂၀၂၅ နှစ် မေလမှာ ခွဲထွက်ခဲ့ပြီး “YDF စစ်ဒေသရုံး” အမည်နဲ့ ဆက်ရှိခဲ့တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ တပ်ဖွဲ့ ၂ ဖွဲ့ကြား ပွတ်တိုက်မှုရှိခဲ့ပြီး သေဆုံးသွားတဲ့ ဗိုလ်ကြီးကောင်းကောင်းဦးဆောင်တဲ့ YDF ခွဲထွက်အဖွဲ့ကနေ တစ်ဖက် YDF အဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းတာတွေရှိခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ အဲဒီ ၈ ဦးကို YDF ခွဲထွက်အဖွဲ့ကနေ ပြန်လွှတ်ပေးခဲ့ပေမယ့် လွှဲဖို့ ကျန်ရှိနေတဲ့ လက်နက်ခဲယမ်းတွေနဲ့ပတ်သက်လို့နှစ်ဖက်တပ် ဆွေးနွေးနေချိန်မှာ အခုလိုပစ်ခတ်မှုတွေဖြစ်တာလို့ YDF ခွဲထွက်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦး ပြောပါတယ်။

    ဒီတပ်ဖွဲ့ ၂ ဖွဲ့ကြား အငြင်းပွားမှုတွေ ပြေလည်ရေးအတွက် NUG ရဲ့ မကွေးတိုင်းစစ်ဌာန တိုင်းမှူးအပါအဝင် နွေဦးတော်လှန်ရေးတပ်ပေါင်းစုထဲက ထိပ်ပိုင်းခေါင်းဆောင်တချို့ကလည်း ဝင်ရောက်ညှိနှိုင်းပေးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

  7. လူတွေ ဘာ့ကြောင့် ငိုကြတာလဲ၊ လူ့မျက်ရည်ရဲ့ နောက်ကွယ်က သိပ္ပံအကြောင်းတရား

    ငိုနေတဲ့အမူအရာကို သရုပ်ဖော်ပုံ

    ဓာတ်ပုံ ရင်းမြစ်, Bogdan Malizkiy via Getty Images

    ဝမ်းနည်း၊ စိတ်ရှုပ်ထွေး၊ ဒေါသထွက် ဒါမှမဟုတ် ပျော်တဲ့အခါမျိုးမှာ လူတွေ ငိုတတ်ကြပါတယ်။

    ဒါပေမဲ့ သက်ရှိမျိုးစိတ်တွေထဲမှာ လူသားတွေကသာ ခံစားချက်နဲ့ မျက်ရည်ကျတယ် ဆိုတာကို သိကြပါလား။

    တိရစ္ဆာန်အတော်များများက စိတ်ဒုက္ခရောက်တာကို ပြတဲ့အနေနဲ့ ကလေးငယ်တွေလို အကျယ်ကြီး အော်ဟစ်တတ်ကြပေမဲ့ ရှုပ်ထွေးတဲ့ စိတ်ခံစားမှုကို တုံ့ပြန် မျက်ရည်ကျရလောက်အောင် ဦးနှောက်လမ်းကြောင်းတွေတော့ ရှိကြပုံ မပေါ်ပါဘူး။

    မျက်ရည်က ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို သိပ္ပံပညာရှင်တွေ သိနားလည်ကြပေမဲ့ ဘာ့ကြောင့် ငိုသလဲ၊ ခံစားချက်မျက်ရည်တွေက ဘာ့ကြောင့်ကျတာလဲ ဆိုတာကိုတော့ အပြည့်အဝ မသိကြသေးဘဲ ရှိနေပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  8. လမ်းပေါ်က ကားတန်းရှည်နဲ့ ထက်ဝက်ကျော်စျေးခုန်တက်တဲ့မြန်မာ့စက်သုံးဆီဂယက်

    စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီဖြည့်ပေးနေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Nur Photo/Getty Images

    မြန်မာမှာ ဆီပြတ်လပ်စရာမရှိပေမဲ့ ကမ္ဘာ့ဈေးနှုန်းနဲ့အညီဖြစ်လာမယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ထုတ်ပြောအပြီး တစ်လမပြည့်ခင်မှာပဲ ရန်ကုန်စက်သုံးဆီဈေးက ၅၅ ရာခိုင်နှုန်းတက်သွားပါပြီ။

    ဆီဈေးနဲ့ တပြိုင်တည်းတက်လာတာကတော့ ဓာတ်ဆီ၊ ဒီဇယ်အသုံးပြုရတဲ့ယာဥ်တွေနဲ့ သယ်ယူ ပို့ ဆောင်ရတဲ့ကုန်စည်ဈေးနှုန်းတွေ ဖြစ်ပါတယ်။

    "ကုန်ဈေးနှုန်းတက်သလားတော့ မမေးနဲ့ မုန့်ဟင်းခါးထုပ်တဲ့ကြွပ်ကြွပ်အိပ်ဈေးပါ နှစ်ဆဖြစ်သွားပြီ" လို့ ဆီဈေးကြောင့် ကုန်ဈေးနှုန်းအပေါ်ရိုက်ခတ်လာတဲ့အခြေအနေကို ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်မှာ မုန့်ဟင်းခါးဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။

    စက်သုံးဆီဈေးကလည်း မတ်လ ၂၃ ရက် ဈေးဖွင့်ချိန်မှာ ဆက်တက်နိုင်တယ်လို့ စက်သုံးဆီဈေးကွက်လေ့လာသူတစ်ဦးက ခန့်မှန်းပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  9. အမေရိကန်ပြောတဲ့ ဆွေးနွေးမှုကို အီရန်ငြင်းဆို

    မတ် ၂၀ ရက်က တွေ့ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မတ် ၂၀ ရက်က တွေ့ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်- အစ္စရေးနဲ့ အီရန်တို့ကြား အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုတွေကို အပြည့်အဝရပ်တန့်ရေးအတွက် ဆွေးနွေးမှုတွေလုပ်နေတယ်လို့ ပြောထားပါတယ်။

    ဒီအခြေအနေကြောင့် အီရန်ရဲ့ လျှပ်စစ်စွမ်းအားစက်ရုံတွေနဲ့ စွမ်းအင်အခြေခံအဆောက်အဦတွေကို တိုက်ခိုက်မယ်ဆိုတဲ့ အစီအစဉ်တွေကို ၅ ရက်တာ ယာယီ ရပ်ဆိုင်းထားမယ်လို့လည်း ထရမ့်က ကြေညာထားပါတယ်။ ဒီသတင်းကြောင့်လည်း ကမ္ဘာ့ ရေနံနှင့် ဓာတ်ငွေ့စျေးနှုန်းတွေချက်ချင်းကျဆင်းသွားခဲ့ပါတယ်။

    ဒါပေမဲ့ အီရန် လွှတ်တော်ဥက္ကဋ္ဌက အမေရိကန်နဲ့ အီရန် ကြားဆွေးနွေးမှုမရှိဘူးလို့ ငြင်းဆိုပြီး“fake news” ကို အသုံးပြုကာ ရေနံစျေးကွက်ကို လှည့်စားနေတာလို့ ပြောကြားထားပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ဦးကတော့ အမေရိကန်ဘက်က ကြားခံတွေက တဆင့် ပေးပို့တဲ့ အချက်အလက်တွေကို လက်ခံရရှိထားတယ်လို့ ပြောပြီး “အမေရိကန်ဘက်က ကြားခံတွေက တဆင့် ပေးပို့တဲ့ အချက်တွေကို လက်ခံရရှိထားပြီး အဲဒါတွေကို ပြန်လည်သုံးသပ်နေပါတယ်” လို့ ပြောပါတယ်။

    CBS News ရဲ့ အချက်အလက်အရ “ဖြစ်လာနိုင်တဲ့ဆွေးနွေးမှုတွေအတွက် ကြိုတင်အဆင့်တစ်ခု” အဖြစ် လုပ်ဆောင်တာဖြစ်ပြီးလက်ရှိအချိန်မှာ ဆွေးနွေးမှုတွေ အတည်ပြုထားတာမရှိသေးသလို စတင်လုပ်ဆောင်တာလည်းမရှိသေးကြောင်းပြောပါတယ်။ ထရမ့်ကလည်း အီရန်အနေနဲ့ “ငြိမ်းချမ်းရေးအတွက် နောက်ဆုံး အခွင့်အရေး တစ်ကြိမ်သာ ကျန်ရှိတော့တယ်'' လို့ သတိပေးထားပါတယ်။

    ဝါရှင်တန်အခြေစိုက် သတင်းထောက်တစ်ဦးကတော့ ဒီစစ်ပွဲဟာ အလွန်မြန်ဆန်စွာ ပြောင်းလဲနေပြီး ခန့်မှန်းရန်ခက်တဲ့ အခြေအနေတွေဖြစ်လာနေကြောင်း သုံးသပ်ပါတယ်။

    တချိန်တည်းမှာပဲ အီရန်ရဲ့ မြို့တော် တီဟီရန်၊ လက်ဘနွန်ရဲ့ မြို့တော် ဘေရွတ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေပြီး လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့လကုန်ပိုင်းက စတင်ခဲ့တဲ့ ပဋိပက္ခအတွင်း လူပေါင်း ၁,၀၃၉ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

  10. မိုးကုတ်တစ်မြို့လုံးနီးပါးကို စစ်တပ်ထိန်းချုပ်လာလို့ တော်လှန်ရေးတပ်တွေဆုတ်ခွာ

    မိုးကုတ်မြို့နဲ့ အတူတွေ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Soe Thuya Zaw

    ဓာတ်ပုံ ပုံစာ, မိုးကုတ်မြို့နဲ့ အတူတွေ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ရဲ့ အနောက်ဘက်ခြမ်းမှာ အထိုင်ချထားတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မတ် ၂၂ ရက်ကစပြီး မိုးကုတ်ဒေသထဲကနေ ဆုတ်ခွာနေရတယ်လို့ မိုးကုတ်- မိုးမိတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ စစ်‌ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

    တအာင်းတပ်(TNLA) နဲ့ အပစ်ရပ်သဘောတူညီမှုယူပြီးနောက် ၂၀၂၅ နိုဝင်ဘာ နှောင်းပိုင်းမှာ မိုးကုတ်မြို့ကို စစ်တပ်ပြန်ရခဲ့ပေမယ့် မြို့ပေါ်‌ နေရာတွေကိုသာထိန်းချုပ်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်တွေက မြို့ရဲ့ အပြင်ဘက်တွေမှာနေရာယူထားခဲ့တာဖြစ်ပါတယ်။

    “တပ်တွေ အကုန်ဆုတ်ထားတယ်။ မိုးမိတ်က ဘော်ဒေရွာအထိ စစ်ကြောင်းတွေရောက်လာလို့ မိုးကုတ်အနောက်ခြမ်းတစ်ခုလုံး စစ်တပ်အတွက် လမ်းပွင့်သွားပြီ” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဘော်ဒေရွာဟာ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကြား အနောက်ဘက်ခြမ်း ၂ မိုင်ခွဲဝန်းကျင်မှာရှိပါတယ်။

    မိုးမိတ်ကနေ ဆင်းလာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်း ၂ ကြောင်းထက်မနည်းဟာ မိုးကုတ်နဲ့ ၂ မိုင်ခွဲဝန်းကျင်အကွာထိ ရောက်လာတာကြောင့် ဆုတ်ခွာလိုက်ရတာလို့ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

    စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း မိုးကုတ်မြို့နဲ့ မီတာ ၄,၀၀၀ (၂ မိုင်ခွဲဝန်းကျင်)အကွာက ဘော်မားရွာမှာ မနေ့ မတ် ၂၃ ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဘော်မားကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရေးသားဖော်ပြနေကြပါတယ်။

    လက်ရှိ မိုးကုတ်ဒေသထဲဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေက မန္တလေးတိုင်း သပိတ်ကျင်း၊ တွင်းငယ်-မိုးမိတ်လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ဖြစ်ပြီး လက်ရှိမှာတော့ အဲဒီလမ်းတကြောက တော်လှန်ရေးတပ်တွေအကုန် ဆုတ်ခွာသွားတာကြောင့် စစ်တပ်က အဲဒီလမ်းပိုင်းကို ပြန်ရသွားပြီလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    တစ်ဖက် မိုးမိတ်ဒေသထဲမှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြ‌စ်ပေမယ့် တော်လှန်ရေးတပ်တချို့ ဆက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

    စစ်တပ်က မိုးကုတ်နဲ့ မိုးမိတ်မြို့ ၂ မြို့ကို တအာင်းတပ်(TNLA) နဲ့ အပစ်ရပ်သဘောတူညီမှုယူပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပြန်ရခဲ့တာဖြစ်ပါတယ်။

    ဒါပေမဲ့ စစ်တပ်က မြို့ပေါ်နေရာတွေကိုသာ ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ပြင်နေရာအများစုမှာ တော်လှန်ရေးတပ်တွေက အထိုင်ချတပ်စွဲထားခဲ့တာဖြစ်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ မိုးကုတ်နဲ့ မိုးမိတ်တစ်ခွင်လုံး စစ်တပ်လက်ထဲမပါဖို့ နိုဝင်ဘာလမှာပဲ မိုးကုတ်-မိုးမိတ်စစ်ဆင်ရေးဦးစီးအဖွဲ့ကို ဖွဲ့စည်းပြီး NUG လက်အောက်ခံအပါအဝင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဆက်ဖော်နေခဲ့တာဖြစ်ပါတယ်။

    မိုးကုတ်မြို့ထဲ စစ်တပ်ပြန်ဝင်လာတဲ့ နိုဝင်ဘာကစလို့ မြို့ပြင်နေရာတွေမှာ NUG ရဲ့ အမှတ် ၅၁၃ PDF တပ်ရင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နဲ့ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ မိုးကုတ်ဗျူဟာနဲ့ စစ်ကိုင်းPDF တို့ အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက မြို့နယ်တစ်ခုလုံးလက်မလွှတ်ရအောင် ခုခံခဲ့ကြတာဖြစ်ပါတယ်။

    လက်ရှိ မိုးကုတ်ဒေသထဲကနေ တော်လှန်‌ရေးတပ်တွေအကုန် ဆုတ်ခွာရတဲ့အခြေအနေနဲ့ပတ်သက်လို့ NUG/ MOD ကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

  11. မင်္ဂလာပါ။ မတ် ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။

Trending Now