လူတွေ ဘာ့ကြောင့် ငိုကြတာလဲ၊ လူ့မျက်ရည်ရဲ့ နောက်ကွယ်က သိပ္ပံအကြောင်းတရား

ဓာတ်ပုံ ရင်းမြစ်, Bogdan Malizkiy via Getty Images
ဝမ်းနည်း၊ စိတ်ရှုပ်ထွေး၊ ဒေါသထွက် ဒါမှမဟုတ် ပျော်တဲ့အခါမျိုးမှာ လူတွေ ငိုတတ်ကြပါတယ်။
ဒါပေမဲ့ သက်ရှိမျိုးစိတ်တွေထဲမှာ လူသားတွေကသာ ခံစားချက်နဲ့ မျက်ရည်ကျတယ် ဆိုတာကို သိကြပါလား။
တိရစ္ဆာန်အတော်များများက စိတ်ဒုက္ခရောက်တာကို ပြတဲ့အနေနဲ့ ကလေးငယ်တွေလို အကျယ်ကြီး အော်ဟစ်တတ်ကြပေမဲ့ ရှုပ်ထွေးတဲ့ စိတ်ခံစားမှုကို တုံ့ပြန် မျက်ရည်ကျရလောက်အောင် ဦးနှောက်လမ်းကြောင်းတွေတော့ ရှိကြပုံ မပေါ်ပါဘူး။
မျက်ရည်က ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို သိပ္ပံပညာရှင်တွေ သိနားလည်ကြပေမဲ့ ဘာ့ကြောင့် ငိုသလဲ၊ ခံစားချက်မျက်ရည်တွေက ဘာ့ကြောင့်ကျတာလဲ ဆိုတာကိုတော့ အပြည့်အဝ မသိကြသေးဘဲ ရှိနေပါတယ်။
မျက်ရည်ဆိုတာ ဘာလဲ
"မျက်ရည်ဟာ သလိပ်၊ အီလက်ထရိုလိုက်စ်၊ ရေ၊ ပရိုတိန်း နဲ့ အဆီ စတဲ့ ဓာတ်ပစ္စည်း ငါးမျိုးနဲ့ ပေါင်းစပ်ထားတာ" လို့ ဆွစ်ဇာလန်နိုင်ငံ လူသားဇီဝဗေဒ အင်စတီကျုက ဘွဲ့လွန်ဆရာဝန် ဒေါက်တာ မာရီး ဘန်နီယေ ဟေလောင်ယေး က ရှင်းပြပါတယ်။
ဒီဓာတ်ပစ္စည်း ငါးမျိုးစလုံးမှာ မတူကွဲပြားတဲ့ ဂုဏ်သတ္တိတွေ ရှိတယ်လို့ သူက ဘီဘီစီ ကမ္ဘာတလွှားအသံလွှင့်ဌာနရဲ့ CrowdScience အစီအစဉ်မှာ ပြောပြပါတယ်။ ဥပမာ ပရိုတိန်း ဆိုရင် ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားပိုးတွေကို သတ်ပေးနိုင်ပြီး အီလက်ထရိုလိုက်စ်ကတော့ ခန္ဓာကိုယ် လှုပ်ရှားလည်ပတ်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, janiecbros via Getty Images
မျက်ရည် အမျိုးအစား သုံးမျိုးရှိပါတယ်။
"အခြေခံရှိနေတဲ့ မျက်ရည် ဆိုတာက မျက်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အမြဲရှိနေပြီး မျက်ရည်ကို အမြဲ စိုစွတ်နေအောင် လုပ်ပေးထားပါတယ်" လို့ သူက ပြောပါတယ်။
တုံ့ပြန်မျက်ရည် ကတော့ အင်းဆက်ပိုး ဒါမှမဟုတ် ဖုန် လိုမျိုး ယားယံစေတဲ့အရာတစ်ခုခု မျက်စိထဲ ဝင်တဲ့အခါ ထွက်တတ်တဲ့ မျက်ရည် ဖြစ်ပါတယ်။
ဒီလို ယားယံမှုကို မျက်ရည်လွှာမှာ ရှိတဲ့ နာဗ်ကြောဆဲလ်တွေက အာရုံခံစားနိုင်ပါတယ်။ မျက်စိရဲ့ အပြင်လွှာမှာရှိတဲ့ ခုံးပုံသဏ္ဍာန် ကြည်လင်တဲ့မျက်ကြည်လွှာဟာ ပိုးမွှားနဲ့ အညစ်အကြေးတွေကို အကာအကွယ်ပေးတဲ့ အတားအဆီး တစ်ခုအနေနဲ့ လုပ်ဆောင်ပေးပါတယ်။
မျက်ကြည်လွှာဟာ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ နာဗ်ကြောဆဲလ်တွေရဲ့ အသိပ်သည်းဆုံး အင်္ဂါ ဖြစ်ပြီး အပူချိန်၊ ယန္တရားပိုင်းဆိုင်ရာ ဖိစီးမှုနဲ့ ခြောက်သွေ့မှုတွေကို ခံစားသိနိုင်တယ်လို့ ဒေါက်တာ ဘန်နီယေ ဟေလောင်ယေး က ပြောပါတယ်။
နာ့ဗ်ကြောဆဲလ်တွေက ပေးလိုက်တဲ့ သတင်းစကားကို မျက်ရည်ထိန်းချုပ်တဲ့ lacrimal nucleus ဆိုတဲ့ ဦးနှောက်ပိုင်းက နေရာတစ်ခုဆီ ပို့ပေးပြီး အဲဒီကနေမှ မျက်ရည် ပိုထုတ်ပေးဖို့ မျက်ရည်ဂလင်းတွေဆီ သတင်းပို့ပေးပါတယ်။
ခံစားမှုမျက်ရည်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တတိယအမျိုးအစား ဖြစ်တဲ့ ခံစားမှု မျက်ရည်ကတော့ ပိုနက်နဲရှုပ်ထွေးတဲ့ အရာတွေရှိရာ နေရာမှာ ရှိပါတယ်။ စိတ်ခံစားမှုတွေ ခံစားလုပ်ဆောင်တဲ့ ဦးနှောက်ထဲက အပိုင်းတွေဟာ ခုနပြောတဲ့ lacrimal nucleus ဆိုတဲ့ ဦးနှောက်ပိုင်းက နေရာဆီကိုလည်း အဆက်အသွယ် လုပ်ပါတယ်။
ဒါပေမဲ့ ရိုးစင်းစွာ တုံ့ပြန်ကာကွယ်တာထက် ပိုနက်နဲရှုပ်ထွေးတဲ့ လမ်းကြောင်းကနေ ဖြတ်သွားပါတယ်။ တစ်ခါတလေမှာ ငိုကြွေးတာဟာ စိတ်ခံစားမှု တစ်မျိုးတည်းထက်စာရင် လွန်ကဲတဲ့ စိတ်ခံစားမှုကို ထင်ဟပ်ပြနေတယ်လို့ နယ်သာလန်နိုင်ငံ တေလ်ဘာ့ဂ် တက္ကသိုလ်က စိတ်ပညာဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခ အက်ဒ် ဗင်ဂါဟို့စ် က ဆိုပါတယ်။
"စိတ်ခံစားမှုဟာ ရိုးရိုးပုံစံတစ်ခုအနေနဲ့ ဖြစ်လေ့ဖြစ်ထ နည်းပါးပါတယ်။ မတူကွဲပြားတဲ့ ခံစားမှု မျိုးစုံ ပေါင်းစပ် ဒါမှမဟုတ် မြန်မြန်ဆန်ဆန် ပေါင်းစပ်ရာကနေ ပေါ်ပေါက်လာတာ ဖြစ်တယ်"လို့ သူကပြောပါတယ်။
စိတ်ခံစားချက်နဲ့ ငိုကြွေးရတဲ့ အကြောင်းရင်းဟာ အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတတ်တယ်လို့လည်း သူက ရှင်းပြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုက ကလေးတွေ ငိုကြွေးဖို့ အရေးပါတဲ့ လှုံ့ဆော်မှုတစ်ခု ဖြစ်ပေမဲ့ အရွယ်ရောက်သူတွေနဲ့ အသက်ကြီးသူတွေအတွက်ကတော့ သိပ်အရေးမပါလှဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Gpointstudio via Getty Images
အသက်ကြီးလာတာနဲ့အမျှ ငိုတာက စာနာသနားမှုနဲ့ ပိုပို ဆက်နွှယ်လာပါတယ်။ ကိုယ်တိုင်ကြုံရတဲ့ ဒုက္ခကြောင့် ငိုကြတာ မဟုတ်ဘဲ တခြားသူတွေ ကြုံတွေ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေအပေါ် စာနာသနားပြီး ငိုကြတာလည်း ရှိပါတယ်။
အနုပညာ ဒါမှမဟုတ် သဘာဝတရားရဲ့ အလှအပကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အပြုသဘော စိတ်ခံစားမှုတွေကြောင့်လည်း မျက်ရည် ကျတတ်တယ်လို့ ပါမောက္ခ ဗင်ဂါဟို့စ် က ပြောပါတယ်။
ငိုလိုက်လို့ ဘာဖြစ်လာမှာလဲ
လူအတော်များများက သူတို့ငိုအပြီး စိတ်သက်သာရာ ရသွားသလို ခံစားမိတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီရိုက်ခတ်မှုက သိပ္ပံနည်းအရ တကယ်ဟုတ်မဟုတ် ဆိုတာနဲ့ ပတ်သက်လို့တော့ အချေအတင် အငြင်းပွားနေကြပါတယ်။
အမေရိကန်နိုင်ငံ ပစ်စ်ဘာ့ဂ် တက္ကသိုလ်က တွဲဖက် ပါမောက္ခ စိတ်ပညာရှင် လော်ရန်း ဘေလ်ဆမာ ကငိုလိုက်တဲ့အတွက် နေသာထိုင်သာ ရှိသွားသလား ဆိုတာကို သိဖို့အတွက် နှလုံးခုန်နှုန်း ဆင်ဆာစက်တွေ သုံးပြီး လေ့လာနေပါတယ်။
နှလုံးခုန်နှုန်း စည်းချက်ကို နှလုံး လျှပ်စစ်ဓာတ်မှန်ရိုက်စက်နဲ့ မှတ်တမ်းယူပါတယ်။ အဲဒီကနေ နာဗ်ကြောစနစ် ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကို ထဲထဲဝင်ဝင် သိခွင့်ရနိုင်ပါတယ်။
သူ့ရဲ့ အစောပိုင်း ရလဒ်တွေအရ လူတွေ စမငိုခင်အချိန်လေးမှာ သူတို့ရဲ့အာရုံကြောစနစ်ထဲမှာ "ခံချမလား၊ ပြေးမလား" ဆိုတဲ့ တုံ့ပြန်မှုကို ဖြစ်စေပြီး တုံ့ပြန်လှုပ်ရှားမှုက အထွတ်အထိပ်အထိ ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
"အဲဒီနောက် စငိုပြီးပြီးချင်းအချိန်မှာ စိတ်သက်သာအောင် လုပ်ပေးတဲ့ နာဗ်ကြောခွဲထဲမှာ စိတ်တည်ငြိမ်အေးချမ်းအောင် လုပ်ပေးမှု မြင့်တက်လာတာ တွေ့ရတယ်"လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ငိုကြွေးလိုက်ခြင်းအားဖြင့် အမြဲ စိတ်သက်သာရာ ရလေ့မရှိဘူးလို့ ပါမောက္ခ ဗင်ဂါဟို့စ် က ပြောပါတယ်။ အထူးသဖြင့် စိတ်ဖိစီးတဲ့အခါမျိုး၊ ခြေကုန်လက်ပန်းကျ ပင်ပန်းနွမ်းနွယ်နေတဲ့ အချိန်မျိုးမှာ စိတ်သက်သာရာ မရတတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ကိုယ့်ကို ဘာ့ကြောင့် ငိုစေတာလဲ ဆိုတဲ့ အကြောင်းရင်းပေါ်မှာလည်း မူတည်နေပါတယ်။
"အဓိကအားဖြင့် ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးတွေအတွက် ငိုတယ်ဆိုရင် စိတ်ခံစားချက် အခြေအနေပြန်ကောင်းလာတတ်ပါတယ်။ ဒါပေမဲ့ မထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးတွေအတွက် ဆိုရင်တော့ ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Xavier Lorenzo via Getty Images
ကိုယ့်အနားမှာ ရှိနေသူတွေပေါ်မူတည်ပြီးတော့လည်း ကွဲပြားခြားနားမှု ဖြစ်စေနိုင်ပါတယ်။
"တကယ်လို့ အဲဒီလူတွေက စာနာနားလည်မှုနဲ့ တုံ့ပြန်မယ်၊ နှစ်သိမ့်အားပေးမယ်ဆိုရင် စိတ်သက်သာရာ ရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ကို လှောင်ပြောင်ကဲ့ရဲ့ တာမျိုး ဒါမှမဟုတ် ဒေါသထွက်ပြတာမျိုးဆိုရင်တော့ စိတ်သက်သာရာ ရမှာ မဟုတ်ပါဘူး"လို့ သူက ရှင်းပြပါတယ်။
လူမှုရေးဆိုင်ရာ အချက်ပြမှုလက္ခဏာ
တကယ်တမ်းမှာတော့ ငိုကြွေးတာက ကိုယ့်အပေါ် တခြားသူတွေ ဘယ်လို ပြုမူသလဲ ဆိုတာအပေါ်မှာလည်း မူတည်နိုင်တယ်ဆိုတဲ့ အထောက်အထား တချို့ တွေ့ရပါတယ်။
အစ္စရေးနိုင်ငံမှာလုပ်ခဲ့တဲ့ ဓာတ်ခွဲခန်းအခြေခံတဲ့ လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေရဲ့ ခံစားချက် မျက်ရည်ကို ထိတွေ့ရှူရှိုက်မိတဲ့ အမျိုးသားတွေက ဆားရည် ထိတွေ့ရှူရှိုက်မိတဲ့ အမျိုးသားတွေထက် ရန်လိုမှုနည်းတာကို စမ်းသပ် တွေ့ရှိရပါတယ်။
အကူအညီ လိုတယ်ဆိုတာကို ပြဖို့နဲ့ တခြားသူတွေဆီက ထောက်ခံအားပေးမှု လိုလိုလားလား ပိုပေးလာစေဖို့ လူမှုရေးဆိုင်ရာ အချက်ပြမှုလက္ခဏာ တစ်ခုအနေနဲ့ မျက်ရည်က လုပ်ဆောင်တယ် ဆိုတာကို လေ့လာသူတွေက လက်ခံထားကြပါတယ်။
ခံစားချက်မျက်ရည်တွေကြောင့် ယုံကြည်မှု ပိုရလာစေပုံ ရပြီး အရင့်အရင် ဘိုးဘေးဘီဘင်မျိုးဆက် ခေတ်ကတည်းကိုက အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် ထောက်ပံ့ပေးဖို့ ဒီခံစားချက် မျက်ရည်တွေက အထောက်အကူပြုခဲ့ပုံရတယ်လို့ လေ့လာချက်တချို့က ဆိုပါတယ်။
ရင်ခွင်ပိုက်ကလေးတွေရဲ့ ငိုကြွေးမှုကို ကြည့်ရင်တော့ ကလေးတွေရဲ့ ငိုကြွေးမှုဟာ အရွယ်ရောက်သူတွေရဲ့ ဦးနှောက် ကွန်ရက် တစ်ခုကို နှိုးဆွပေးနိုင်ပြီး တုံ့ပြန် ပြုစုစောင့်ရှောက်လာအောင် လုပ်ပေးတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။
မိဘတွေကို အားထားရတဲ့ ကလေးဘဝ အချိန်ကာလက ကြာရှည်လှတဲ့အတွက် လူ့မျက်ရည်က တဖြည်းဖြည်း ပြောင်းလဲကောင်း ပြောင်းလဲသွားပုံရတယ်လို့ ပါမောက္ခ ဗင်ဂါဟို့စ် က ယုံကြည်ထားပါတယ်။
"အယူအဆတစ်ခုကတော့ ကလေးငယ်တွေရဲ့ မျက်ရည်ဟာ အရွယ်ရောက်သူတွေရဲ့ ရန်လိုမှုကို လျော့ကျသွားစေနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အသံထွက် အော်ဟစ်ငိုကြွေးတာက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှပြီး ရန်လိုမှုကို ဖြစ်စေပါတယ်" လို့ သူက ပြောပါတယ်။
ဒါ့ကြောင့် ငိုကြွေးတာက ရင်ခွင်ပိုက်ကလေးငယ်တွေအတွက် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ လုပ်တဲ့ သဘောဖြစ်ပြီး ဒါက အတော့်ကို စိတ်ဝင်စားစရာကောင်းပါတယ် လို့ ပါမောက္ခ ဗင်ဂါဟို့စ် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Djavan Rodriguez via Getty Images
တချို့က ဘာ့ကြောင့် ပိုအငိုသန်တာလဲ
ပျမ်းမျှအားဖြင့် အမျိုးသားတွေက တစ်လကို တစ်ကြိမ်လောက် ငိုလေ့ရှိပြီး အမျိုးသမီးတွေကတော့ တစ်လကို လေးကြိမ်ကနေ ငါးကြိမ်အထိ ငိုလေ့ရှိတယ်လို့ စိတ်ပညာရှင် လော်ရန်း ဘေလ်ဆမာ ကပြောပါတယ်။
ဒါက သိမြင် အတတ်သင်တဲ့ အမူအကျင့် ဖြစ်နိုင်ပေမဲ့ ယဉ်ကျေးမှုထုံးစံ အမျိုးမျိုးအရ ကွာခြားမှုရှိတယ်လို့ ဆိုပါတယ်။
"ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာ စိတ်ခံစားမှုပိုင်းအရ တုံ့ပြန်တာ ဒါမှမဟုတ် ထုတ်ဖော်ပြတာမျိုး ပိုလုပ်လေ့ရှိပါတယ်။ ငိုတာက အဲဒီကွဲပြားမှုရဲ့ ထင်ရှားမှုတစ်ခုသာ ဖြစ်တယ်လို့ ကျွန်မထင်ပါတယ်" လို့ သူက ပြောပါတယ်။
"အာရုံကြောဆိုင်ရာ ကွဲပြားမှု၊ ဟော်မုန်းကွဲပြားမှု၊ ပင်ကိုယ်စရိုက် ကွဲပြားမှုတွေလည်း ရှိနိုင်ပါတယ်" လို့ သူကဆိုပါတယ်။
အမျိုးသမီးတွေ လစဉ် ဓမ္မတာလာချိန် ဟော်မုန်းအပြောင်းအလဲက ငိုကြွေးတာအပေါ် ဘယ်လောက် ရိုက်ခတ်မှု ရှိသလဲ ဆိုတာနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အထောက်အထား လောလောဆယ် မတွေ့ရသေးဘူးလို့ သူကဆိုပါတယ်။
ဒါပေမဲ့ ကိုယ်ဝန်ဆောင်မှု၊ အသက်အရွယ်ကြီးရင့်လာမှုမျိုးတွေနဲ့အတူ အမျိုးသား၊အမျိုးသမီးအကြား လိင်ကွဲပြားမှုကြောင့် ဟော်မုန်းကလည်း အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်နိုင်တယ်လို့ သူကယူဆပါတယ်။
ပင်ကိုယ်စရိုက် လက္ခဏာတွေရဲ့ ရိုက်ခတ်မှုကိုလည်း သူက လေ့လာခဲ့ရာမှာ ငိုကြွေးမှုဟာ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာရောဂါရှိမှု ဒါမှမဟုတ် အပေါင်းအသင်းခုံမင်မှုနဲ့ ဆက်နွှယ်နေပုံရတယ်လို့ တွေ့ရှိခဲ့ပါတယ်။
"စိတ်ပိုင်းဆိုင်ရာ ရောဂါရှိတယ်ဆိုတာဟာ စိတ်ဓာတ်ကျမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဆိုင်တာကြောင့် ဒီလိုဆက်နွှယ်မှု ရှိတာ ဖြစ်နိုင်တယ်"လို့ သူက ပြောပါတယ်။
"စာနာသနားစိတ် များတဲ့သူတွေဟာ ပိုငိုတတ်ပုံရတာကို ကျွန်မတို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါဟာ တခြားသူ ဒုက္ခဆင်းရဲ ကြုံနေရတာကို မြင်ရတဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ ငိုကြွေးကြပုံ ရပါတယ်"
အဆုံးသတ် ပြောရရင်တော့ ငိုကြွေးတာဟာ လူမှုရေး ဆက်နွှယ်မှုနဲ့ သက်ဆိုင်နေပုံ ရပါတယ်။
ငိုကြွေးတာက ပဟေဠိ တစ်ခုဖြစ်အောင် လုပ်ပေးပုံ ရပါတယ် လို့ ပါမောက္ခ ဗင်ဂါဟို့စ်က ပြောပါတယ်။
"တစ်ယောက်ယောက် ငိုနေတာတွေ့ရင် "ဒါက သိပ်ကို အရေးကြီးလို့ ငိုတာပဲ" လို့ ထင်လာစေတတ်ပါတယ်။"
ဘီဘီစီ ကမ္ဘာတလွှားအသံလွှင့်ဌာနရဲ့ CrowdScience အစီအစဉ်ကို အခြေခံ ရေးသားထားတာ ဖြစ်ပါတယ်။











