အမေရိကန်- အီရန် ဆွေးနွေးပွဲတကယ်ဖြစ်လာနိုင်လား၊ အီရန်စစ်ပွဲနောက်ဆုံးသိရသမျှ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အမေရိကန်က အီရန်အပေါ် သူ့ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို ရွှေ့ဆိုင်းထားမယ်လို့ ပြောနေပေမယ့် အမေရိကန်နဲ့ အီရန်အရာရှိတွေကြားမှာ မတူညီတဲ့ ပြောဆိုချက်တွေကို ထုတ်ပြန်နေကြပါတယ်။
အီရန်နဲ့ ဆွေးနွေးနေပြီလို့ သမ္မတထရမ့်က ပြောနေပေမဲ့ အီရန်က ကြားခံနိုင်ငံတချို့ကတဆင့် ဆွေးနွေးပွဲ ပြောဆိုချက်ရထားကြောင်းသာပြောပြီး ဆွေးနွေးပွဲအမှန်တကယ်မရှိသေးကြောင်းတုံ့ပြန်ထားပါတယ်။ အမေရိကန်-အီရန်ဆွေးနွေးပွဲ တကယ်ဖြစ်နိုင်ခြေနည်းတယ်ဆိုတဲ့ အကဲခတ်တွေရဲ့ သုံးသပ်မှုတွေလည်းထွက်လာပါတယ်။
နှစ်ဖက်အပြန်အလှန်နောက်ဆုံးပြောဆိုချက်များအကျဥ်းချုပ်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
- စနေနေ့က သမ္မတထရမ့်က ၄၈ နာရီ ဟော်မုဇ်ရေလက်ကြားကိုပြန်ဖွင့်ဖို့ အီရန်ကို ပြောဆိုခဲ့၊ ၄၈ နာရီအတွင်းပြန်မဖွင့်ရင် အမေရိကန်က အီရန်ရဲ့ စွမ်းအင်နဲ့ လျှပ်စစ်အခြေခံ အဆောက်အဦတွေကို ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့။
- တနင်္လာနေ့မှာ ထရမ့်က တီဟီရန်နဲ့ အမေရိကန်ကြားမှာ "အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ လုပ်နေပြီ" လို့ပြောပြီး တိုက်ခိုက်မှုတွေကို နောက်ပြန်ရွှေ့ဆိုင်းထားကြောင်း
ပြောခဲ့။
- အမေရိကန်သမ္မတရဲ့ ဆွေးနွေးနေပြီဆိုတဲ့ ပြောဆိုချက်ကို အီရန် လွှတ်တော်ဥက္ကဋ္ဌက ငြင်းဆိုထား၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်မြင်အရာရှိတစ်ဦးကတော့
"အမေရိကန်ဘက်က ကြားခံများက တဆင့် ပေးပို့လာတဲ့ အချက်များကိုလက်ခံရရှိထားပြီး အဲဒီအချက်တွေကို ပြန်လည်သုံးသပ်နေပါတယ်" လို့ဆိုပါတယ်။
- ဒါပေမဲ့ ဒါက ဆွေးနွေးနေတဲ့အခြေအနေမဟုတ်သေးဘဲ "ဖြစ်လာနိုင်တဲ့ ဆွေးနွေးမှုတွေအတွက် ကြိုတင်အဆင့်တစ်ခု"ဖြစ်တယ်လို့ ဆိုပြီး လက်ရှိမှာ ဆွေးနွေးမှုတွေကို အတည်ပြုထားခြင်းမရှိသေးသလို စတင်လုပ်ဆောင်တာမရှိသေးကြောင်း ပြောဆို။
- အိမ်ဖြူတော်ဘက်ကတော့ အခြေအနေက "အမြဲပြောင်းလဲနေတယ်" လို့ပြောပြီး
"အစည်းအဝေးနဲ့ ပတ်သက်တဲ့ ခန့်မှန်းချက်ပြောဆိုချက်တွေကို အိမ်ဖြူတော်က တရားဝင်မကြေညာမချင်း နောက်ဆုံးအခြေအနေလို့ ယူဆလို့မရကြောင်း'' ပြောဆိုထား။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အမေရိကန်- အီရန် ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ခန့်မှန်းပြောဆိုချက် တွေကို အတည်မယူဖို့ အိမ်ဖြူတော်ပြော

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်သမ္မတထရမ့်က အီရန်နဲ့ ပတ်သက်လို့တိုးတက်မှုရှိတယ်လို့ ထုတ်ပြောအပြီး တိုက်ပွဲနဲ့ပတ်သက်လို့ နှစ်ဖက်ညှိနှိုင်းချက်တွေဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးနဲ့ ခန့်မှန်းပြောဆိုချက်တွေကို အိမ်ဖြူတော်ဘက်က လျှော့ချချင်ပုံပေါ်လာပါတယ်။
တိုက်ပွဲသတင်းတွေ အလျင်အမြန်ဖြစ်ပေါ်နေချိန်မှာ သမ္မတထရမ့်ရဲ့ တွေ့ဆုံဆွေးနွေးမှုမှတ်ချက်တွေကြောင့်ပဲ ပါကစ္စတန်မှာပြုလုပ်မယ့် အမေရိကန်နဲ့ အီရန်အကြားဆွေးနွေးပွဲကို ဒုသမ္မတ ဂျေဒီ ဗန့်က အစိုးရကိုယ်စားလှယ်အဖြစ်တက်ရောက်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။
ဒါပေမဲ့လည်း အခြေအနေက အပြောင်းအလဲရှိနိုင်တယ်လို့ အိမ်ဖြူတော်ဘက်က ထုတ်ပြောလာသလို နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်တွေ တရားဝင်တွေ့ဆုံမှုတွေအတွက် ကြေညာချက်ထုတ်ပြန်ထားတာမရှိဘူးလို့ ဆိုလာပါတယ်။
"ဒါတွေက ထိရှလွယ်တဲ့ သံတမန်ရေးရာ ဆွေးနွေးမှုတွေဖြစ်ပြီး မီဒီယာကတဆင့် ညှိနှိုင်းတာမျိုး လုပ်မှာမဟုတ်ဘူး" လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်က ဘီဘီစီကို သတင်းထုတ်ပြန်ချက်တစ်ခုမှာ ဖြေကြားထားပါတယ်။
"အခြေအနေတွေက ဖြစ်ပျက်မြန်နေလို့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်တဲ့ ထင်ကြေးတွေကို အိမ်ဖြူတော်က တရားဝင်မထုတ်ပြန်မချင်း အတည်မယူသင့်သေးဘူး" လို့ လီဗစ်က ပြောပါတယ်။
ကမ္ဘာ့ရေနံစိမ်းစျေး ပြန်တက်လာ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အရှေ့အလယ်ပိုင်းစစ်ရေးတင်းမာမှုကြောင့် ကမ္ဘာ့ရေနံဈေးကွက် မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၁၀၀ ကျော် အထိစျေးနှုန်းပြန်မြင့်တက်လာပါတယ်။
ဒီကနေ့ မနက်ပိုင်းအာရှဈေးကွက်မှာ ရေနံစိမ်းတစ်စည်စျေးနှုန်းက ၄ ရာခိုင်နှုန်းခန့် မြင့်တက်ပြီး တစ်စည်ကို ၁၀၃ ဒေါ်လာကျော်အထိ ရောက်ရှိခဲ့ပါတယ်။ အမေရိကန်ရေနံစျေးမှာလည်း ၄ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။
ဒီကနေ့ ရေနံစျေးမြင့်တက်မှုဟာ မနေ့က ထိုးဆင်းကျခဲ့တဲ့နောက် တစ်ရက်အတွင်းမှာ စျေးပြန်တက်လာတာဖြစ်ပြီး၊ အမေရိကန်နဲ့ အီရန်ကြားဆွေးနွေးမှုရှိနိုင်တယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်လာတာကြောင့် ရေနံ ဈေးကွက်မှာ မသေချာမှုတွေ ဖြစ်ပေါ်နေပါတယ်။
တနင်္လာနေ့က သမ္မတထရမ့်က အီရန်ပေါ် တိုက်ခိုက်မှုလုပ်မယ့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ပြောကြားခဲ့တဲ့နောက် ရေနံဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အီရန်ဘက်ကတော့ အမေရိကန်နဲ့ ဆက်သွယ်ဆွေးနွေးထားတာ မရှိကြောင်း ပြန်လည်ငြင်းဆိုခဲ့ပြီး ဈေးကွက်ကို သက်ရောက်မှုဖြစ်အောင် ပြောဆိုတာသာဖြစ်တယ်လို့ တုံ့ပြန်ထားတာပါ။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်တဲ့ အမေရိကန်- အစ္စရေးတို့ရဲ့ အီရန်ကို တိုက်ခိုက်မှုနောက်မှာ ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ စျေးနှုန်းမြင့်တက်မှုတွေဖြစ်ပြီး စျေးကွက်မတည်ငြိမ်မှုတွေဖြစ်နေတာပါ။
အာရှ ရေနံရှယ်ယာဈေးကွက်တွေမှာတော့ မနေ့က စျေးနှုန်းကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ဒီနေ့မှာ စျေးအမြင့်မှာ ငြိမ်နေပါတယ်။ ဂျပန်နိုင်ငံရဲ့ နစ်ကီ 255 နဲ့ ဟောင်ကောင်ရဲ့ Hang Seng Index နဲ့ တောင်ကိုရီးယားရဲ့ Kospi ရေနံစျေးကွက်တွေမှာ ရေနံစျေး အနည်းငယ်မြင့်တက်နေပါတယ်။
ဟော်မုဇ် ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်မှုရဲ့ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိအခက်အခဲတွေကြောင့် ကမ္ဘာတဝန်း စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။
အီရန်စစ်ပွဲအဆုံးသတ်ရေးက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့ရေးအတွက် အခရာကျတယ် - အီးယူ ကော်မရှင် ဥက္ကဋ္ဌ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလိုင်ယန်က လက်ရှိဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခအပေါ် အလွန်စိုးရိမ်မိပြီး အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုလိုအပ်ချက်ကို သူ့ရဲ့ သြစတြေးလျ ခရီးစဥ်အတွင်း ပြောလာပါတယ်။
"တွေ့ဆုံဆွေးနွေးရေးကနေ အဖြေရှာဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုကနေပဲ အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို အဆုံးသတ်နိုင်မှာဖြစ်တယ်" လို့ ဖွန်ဒါလိုင်ယန် သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီ နဲ့ ကင်ဘာရာမှာ တွေ့ဆုံချိန်ပြောခဲ့တာပါ။
အီးယူနိုင်ငံတချို့ကလည်း အရှေ့အလယ်ပိုင်း စစ်ရေးအဆုံးသတ်တာနဲ့ ဟောမုဇ်ရေလက်ကြား ကာကွယ်ရေးမစ်ရှင်မှာ ပါဝင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဖွန်ဒါလိုင်ယန် ကပြောပါတယ်။
"ကျွန်မတို့ အားလုံး ရေနံနဲ့သဘာဓာတ်ငွေ့ဈေးနှုန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုကိုခံကြရတယ်" လို့ပြောပြီး ဒီကုန်သွယ်ရေးလမ်း ကြောင်းဟာ ကမ္ဘာ့စွမ်းအင်ရောင်းဝယ်ရေးလမ်းကြောင်းတွေအတွက် အခရာကြတယ်လို့ ဖြည့်စွက်ပြောကြားပါတယ်။
အစ္စရေးအလယ်ပိုင်း တိုက်ခိုက်ခံရမှုဓာတ်ပုံများ
အစ္စရေးနိုင်ငံအလယ်ပိုင်းက ထိခိုက်ပျက်စီးမှုသတင်းတွေရထားတာကြောင့် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေ လွှတ်ထားပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။
မနေ့ညက အစ္စရေးမှာ အီရန်ရဲ့ တာဝေးပစ်ဒုံးတိုက်ခိုက်မှုသတိပေးချက်တွေ ဆက်တိုက် ကြားနေခဲ့တာပါ။
အခုပုံတွေကတော့ အစ္စရေးမြို့တော် တဲလ်အဗီက ပုံတွေဖြစ်ပါတယ်။ တိုက်ခိုက်ခံရတဲ့နေရာတွေကနေ မီးခိုးတွေတက်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။
အဆောက်အဦတစ်ခုဆိုရင် တစိတ်တပိုင်းပျက်စီးသွားခဲ့တာပါ။ အပျက်အစီးဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ အီရန်အရပ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
အမေရိကန်- အစ္စရေးနဲ့ အီရန် ပဋိပက္ခကြောင့် အီရန်နိုင်ငံအတွင်း ပဋိပက္ခကြောင့် အရပ်သားသေဆုံးမှု တိုးလာနေပါတယ်။
ပြီးခဲ့တဲ့ ၃ ပတ်ကျော် ကြာကာလ အတွင်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အီရန်နိုင်ငံမြို့တော် တီဟီရန်အပါအဝင် မြို့အများအပြားမှာ ဆက်တိုက် ဖြစ်ပွားနေပြီး၊ အရပ်သားသေဆုံးမှုနှုန်းကလည်း မြင့်တက်လာနေပါတယ်။
စစ်ပွဲအတွင်း အင်တာနက်ဖြတ်တောက်မှုတွေနဲ့ အီရန်အစိုးရရဲ့ သတင်းအချက်အလက်ထိန်းချုပ်မှုတွေကြောင့် အခြေအနေတွေကို လူအများမသိနိုင်သလို သေဆုံးမှုအများစုကတော့ လူမသိသူမသိဖြစ်နေပါတယ်။
ဒါပေမဲ့ အင်တာနက်ဖြတ်တောက်ခံရမှုတွေနဲ့ တိုက်ပွဲရဲ့ မီးခိုးလုံးကြီးတွေကြားကပဲ သတင်းအစအန လေးတွေထွက်လာပါတယ်။
အီရန်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ပါရာစတက်ရှ် ဒါဟာဂါ ဟာ တီဟီရန်မြို့မှာရှိတဲ့ ဆေးဆိုင်အတွင်း အလုပ်လုပ်နေတုန်း ဆိုင်ဘေးက နည်းပညာကုမ္ပဏီနေရာ တိုက်ခိုက်ခံရပြီး သေဆုံးတယ်လို့ အီရန်လူ့အခွင့်အရေးမှတ်တမ်းစင်တာရဲ့ ဖော်ပြချက်အရသိရပါတယ်။
အွန်လိုင်းမှာတွေ့ရတဲ့ ပါရာစတက်ရှ်အတွက် ဝမ်းနည်းဖွယ်အခမ်းအနားမှာတော့ သူ့ဓာတ်ပုံကို ပန်းတွေ၊ ဖယောင်းတိုင်တွေနဲ့ ဆင်ယင်ထားတာတွေ့ရပါတယ်။
ပါရှာစတက်ရှ်ရဲ့ မောင်ဖြစ်သူ ပူးရာကတော့ သူ့အစ်မဟာ သူ့အလုပ်သူလုပ်နေခဲ့တာလို့ အင်စတာ ဂရမ်မှာ ရေးထားပါတယ်။
နောက်ထပ် အမျိုးသမီးတစ်ဦးကတော့ အွန်လိုင်းရှော့ပိုင်ရှင်၊ အသက် ၂၆ နှစ်အရွယ် Lifestyle ဘလော့ဂါ ဘီရီဗန် မိုလာနီဖြစ်ပါတယ်။
သူက အိမ်လွမ်းလို့ မဆုံးခင်တစ်ရက်ကမှ တီဟီရန်ကို ပြန်လာခဲ့တာပါ။ လေကြောင်းတိုက်ခိုက်မှုကနေ အစအနလွှင့်စင်ပြီး သူ့ခေါင်းကို ထိမှန်ချိန်မှာ မိုလာနီက အိပ်ယာထဲရှိနေခဲ့တာဖြစ်ပါတယ်။
အစ္စရေးရဲ့ အီရန်ထောက်လှမ်းရေးဝန်ကြီး အစ္စမေးလ် ကာထစ်ကို ပစ်မှတ်ထားလေကြောင်း တိုက်ခိုက်မှုအတွင်း မိုလာနီနဲ့ အိမ်နီးချင်းအများအပြားဟာသေဆုံးခဲ့တယ်လို့ သူငယ်ချင်းဖြစ်သူ ရာဇီယာ ဂျန်ဘတ်ဇ်က ပြောပါတယ်။
အီရန်လခြမ်းနီအဖွဲ့ရဲ့ ညဘက်ရိုက်ကူးထားတဲ့ရုပ်သံအရ ကယ်ဆယ်ရေးသမားတွေက ပိတ်မိနေတဲ့ ဘီရီဗန်ရဲ့ မိခင်ကို အုတ်ကျိုးတွေကိုဖယ်ပြီး ကယ်ဆယ်နေတုန်းမှာ "ကျွန်မသမီးလေးအသက်ရှိသေးလား" လို့ သူ့အမေက မေးနေခဲ့ပါတယ်။
အမေရိကန်-အီရန်ဆွေးနွေးပွဲ တကယ်ဖြစ်လာမှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတထရမ့်က အီရန်နဲ့ "အသေးစိတ်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ" ရှိတယ်လို့ ပြောနေပေမဲ့ တကယ်တမ်းတွေ့ဆုံဆွေးနွေးမှုတွေ အစပြုလာဖို့တော့ ဖြစ်နိုင်ခြေနည်းနေပါသေးတယ်။
အီရန်အနေနဲ့ကလည်း အမေရိကန်ကို အတော်လေးသံသယရှိနေပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီနဲ့ ဇွန်လတုန်းက တွေ့ဆုံဆွေးနွေးမှုတွေဟာလည်း အမေရိကန်ကျော ထောက်နောက်ခံပေးတဲ့ အစ္စရေးရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် ပျက်ပြားခဲ့ရတာတွေချည်းပဲ ဖြစ်နေတာပါ။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီနဲ့ အမေရိကန်အထူးသံ စတိဗ် ဝစ်ကော့ဖ်တို့ အကြား ဖုန်းခေါ်ဆိုမှုတွေအကြောင်း သတင်းတွေထွက်နေတာ ရှိပါတယ်။
ဒါကလည်း မြေစမ်းခရမ်းပျိုးအဆင့်လောက်ပဲလို့ ပြောဆိုချက်တွေလည်း ရှိနေတာပါ။ ပါကစ္စတန်၊ တူရကီနဲ့ အီဂျစ်အပါအဝင် နိုင်ငံအများအပြားကတော့ အီရန်စစ်ပွဲရဲ့ တင်းမာမှုကို လျှော့ချပေးနိုင်ဖို့ ကြိုးစားလာကြပါတယ်။
ဒီသုံးနိုင်ငံခေါင်းဆောင်တွေက ထရမ့်နဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးကောင်းမွန်ကြသလို ပဋိပက္ခအတွင်းမှာ အာရပ်ခေါင်းဆောင်တွေနဲ့လည်း ထိတွေ့နေတာပါ။
ဒီထဲမှာ အီရန်ရဲ့ ယုံကြည်ကိုးစားမှုအရှိဆုံး ကြားဝင်ဖျန်ဖြေရေးနိုင်ငံဖြစ်တဲ့ အိုမန်နိုင်ငံလည်း ပါဝင်ပါတယ်။
လတ်တလောမှာ ဘယ်အရာမှကြိုတင်ခန့်မှန်းလို့မရသေးတဲ့ အခြေအနေရောက်နေတယ်ဆိုပေမဲ့ အီရန်အရာရှိ မိုဟာမက် ဘတ်ဂူ ဂါလီဘတ်ဖ်နဲ့ အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်တို့ တွေ့ဆိုတဲ့ သတင်းကတော့ စိတ်ကူးယဥ်ဆန်လွန်းတယ်လို့ သုံးသပ်သူတွေက ကောက်ချက်ချထားကြပါတယ်။
ထရမ့်က ပါဝါရှိပြီး သူ့ဆန္ဒအတိုင်းလိုက်လုပ်မယ့် လက်တွေ့သမား တစ်နည်းပြောရရင် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုဖြုတ်ချခံရပြီး သမ္မတသစ်ဖြစ်လာတဲ့ ဒယ်လ်စီရိုဒရီဂို လိုမျိုး အီရန်ဗားရှင်းကို ရှာနေဆဲဖြစ်ပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း ကြီးမားတဲ့တန်ကြေးတစ်ခုကို ရယူပြီးမှ စစ်ပွဲအဆုံးသတ်ရေး ဆုံးဖြတ်ထားကြတဲ့ အီရန်အရာရှိ ဂါလီဘတ်ဖ်လို သဘောထားတင်းမာသူတွေနဲ့ဖွဲ့စည်းထားတဲ့ အီရန်ရဲ့ အဆင့်ဆင့်သော ဘာသာရေးခေါင်းဆောင်တွေနဲ့ တပ်မှူးတွေကြားမှာတော့ ဒီအခြေအနေက ဖြစ်လာနိုင်ဖို့ ခက်ခဲပါတယ်။








