ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းရဲ့နောက်ကွယ်

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီကို ပြည်သူ့လွှတ်တော်အစည်းအဝေးနောက်ခံဖြင့် သရုပ်ဖော်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, စစ်တက္ကသိုလ်အပတ်စဥ် ၁၇ ဆင်းဖြစ်သူ ဦးခင်ရီ
ဖတ်ရန်အချိန်: မိနစ် ၉

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ရဲချုပ်ဟောင်းဖြစ်တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်ခင်ရီ ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းက စစ်တပ်ကလုပ်ပေးတဲ့ဒီမိုကရေစီအပြောင်းအလဲဟာ စစ်ဗိုလ်ချုပ်တွေလက်ထဲက မလွတ်သေးကြောင်း အကောင်းဆုံး သက်သေပဲ ဖြစ်ပါတယ်။

တန်ခိုးထွားလှတဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထိန်းသိမ်းခဲ့တဲ့ကာလတွေတုန်းက ရဲချုပ်လုပ်ခဲ့သူ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟာ ရှည်လျားတဲ့နိုင်ငံရေးခရီးကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ အငြင်းပွားဖွယ်ရာတွေလည်း အပြည့်နဲ့ပါ။

စွမ်းအားရှင်တွေနဲ့ပတ်သက်တယ်လို့ တံဆိပ်ကပ်ခံရသူ၊ ၂၀၂၁ အာဏာသိမ်းဖို့ တပ်ကို တိုက်တွန်းတဲ့ စကားမျိုးပြောခဲ့သူ ဦးခင်ရီဟာ နိုင်ငံမှာအာဏာအရှိဆုံး ငါးယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါပြီ။

ဦးခင်ရီရဲ့ အနိမ့်အမြင့်အတက်အကျ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ

ဓာတ်ပုံ ရင်းမြစ်, Phyo Hein Kyaw/BBC

ဓာတ်ပုံ ပုံစာ, ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ

ရွေးကောက်ပွဲမှာမဲဆွယ်စည်းရုံးတဲ့အခါ ဦးခင်ရီက သူ့မှာစစ်သားဘဝက သေနတ်မှန်ခဲ့တဲ့ဒဏ်ရာတွေရှိပြီး ခန္ဓာကိုယ်ထဲမှာ ကျည်ဆံတောင်ကျန်သေးကြောင်း ထည့်ပြောတတ်ပါတယ်။

စစ်တက္ကသိုလ်အပတ်စဥ် ၁၇ ဆင်းဖြစ်သူ ဦးခင်ရီဟာ အပတ်စဥ် ၁၉ ဆင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် စီနီယာကျသူဖြစ်ပါတယ်။

စစ်တက္ကသိုလ်အပတ်စဥ် ၁၇ ဆင်းတွေထဲမှာ တပ်ထဲမှာထင်ရှားသူတွေပါဝင်ပြီး ဖမ်းဆီးခံထားရတဲ့ စိုက်ပျိုးရေးဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်းဦးမြတ်ဟိန်း၊ မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဟောင်း ဦးအုန်းမြင့် တို့လည်း အပတ်စဥ် ၁၇ ဆင်းတွေဖြစ်ကြပါတယ်။

တပ်မှာ ဗိုလ်မှူးချုပ်အထိပဲ တာဝန်ယူခဲ့ပေမဲ့ ရဲချုပ်အဖြစ်နဲ့ အရေးကြီးတာဝန်တွေယူခဲ့တဲ့ ဦးခင်ရီကို သတင်းစာရှင်းလင်းပွဲတွေကနေ လူသိများပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဦးသိန်းစိန်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးတာဝန်ယူခဲ့တဲ့ ဦးခင်ရီဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဖွဲ့တဲ့ အစိုးရအဖွဲ့မှာလည်း လဝက ဝန်ကြီးပြန်ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၅ မှာ မြောင်းမြ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဆိပ်ကြီးခနောင်တို တို့မှာဝင်ပြိုင်ခဲ့ပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်လောင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလတွေက ဦးခင်ရီအတွက် လွှတ်တော်ဥက္ကဋ္ဌဖြစ်လာစေမယ့် လမ်းစတွေလို့ပြောရင် မမှားပါဘူး။

ရွေးကောက်ပွဲက မဲမသမာမှုရှိတယ်လို့ ဦးဆောင်ပြောသူတွေထဲမှာ ဦးခင်ရီလည်းပါဝင်ပြီး "ကျွန်တော်တို့ဘယ်သူ့ကိုအားကိုးရမှာလဲ" ဆိုတဲ့ သူ့စကားက တပ်ကိုအာဏာသိမ်းဖို့စေ့ဆော်မှုအဖြစ် နာမည်ကြီးပါတယ်။

ရွေးကောက်ပွဲမတိုင်မီမှာ ကြံ့ခိုင်ရေးကဦးဆောင်ပြီး နိုင်ငံရေးပါတီတွေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သွားတွေ့ခဲ့ကြပါတယ်။

အဲဒီထဲက ပါတီခေါင်းဆောင်တချို့ အာဏာသိမ်းစစ်ကောင်စီမှာနေရာရကြသလို ဦးခင်ရီလည်း လဝကဝန်ကြီးနေရာ ပြန်ရခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဝန်ကြီးနေရာက အနားပေးခံခဲ့ရပေမဲ့ ကြံ့ခိုင်ရေးပါတီမှာဥက္ကဋ္ဌ ဖြစ်လာပါတယ်။

NLD မပါတဲ့ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲမှာ ပါတီအနိုင်ရအောင် ဦးဆောင်နိုင်ခဲ့ပြီးတဲ့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခြင်းရဲ့နောက်ကွယ်

ဥက္ကဋ္ဌဦးခင်ရီနဲ့ ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အုန်း ကျမ်းသစ္စာကျိန်

ဓာတ်ပုံ ရင်းမြစ်, Phyo Hein Kyaw/BBC

ဓာတ်ပုံ ပုံစာ, ဥက္ကဋ္ဌဦးခင်ရီနဲ့ ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အုန်း ကျမ်းသစ္စာကျိန်

အာဏာရပါတီ ခေါင်းဆောင် ဦးခင်ရီ သမ္မတမဖြစ်လာခြင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လာမယ်ဆိုတဲ့ အမြင်တွေကို ပိုမိုခိုင်မာစေခဲ့ပါတယ်။

ဦးခင်ရီဟာ စစ်ရုံးအခြေစိုက်တဲ့ ဇေယျာသီရိမြို့နယ်ကနေ ဝင်အရွေးခံအနိုင်ရခဲ့တာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြိုတင်ညှိနှိုင်းမှုတွေရှိခဲ့တယ်ဆိုတဲ့အယူအဆတွေကို ပိုအားကောင်းစေပါတယ်။

ရွေးကောက်ပွဲအနိုင်ရပြီးတဲ့နောက် ဦးခင်ရီဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အကြိမ်ကြိမ်တွေ့ခဲ့ပြီး အာဏာခွဲဝေရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ စစ်ရုံးနဲ့ ပါတီသတင်းရင်းမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့အတွက် ဦးခင်ရီဟာ တစ်ဘက်မှာလည်း သမ္မတဖြစ်ခွင့်ကို ဆုံးရှုံးသွားတာဖြစ်ပါတယ်။

"ဦးမင်းအောင်လှိုင်အနေနဲ့ ဦးခင်ရီနဲ့ သမ္မတရာထူးပြိုင်အရွေးခံရင် မဲပေးရမဲ့အမတ်တွေက ပါတီခေါင်းဆောင်ကိုသမ္မတရွေးရမလား၊ တပ်ခေါင်းဆောင်ကိုသမ္မတရွေးရမလားဆိုပြီးရှုပ်ထွေးမှုတွေရှိလာနိုင်တယ်" လို့ ဒီနေ့လွှတ်တော်တက်ခဲ့တဲ့ အမတ်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုန်းကိုခန့်လိုက်တာကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အစိုးရအဖွဲ့ထဲက လူတစ်ဦးကပဲ လွှတ်တော်ထဲမှာအရေးကြီးရာထူးတစ်ခု ထပ်ရသွားတာဖြစ်ပါတယ်။

ပါတီထဲမှာ နှစ်ပေါင်းများစွာမြှုပ်နှံထားကြသူတွေအတွက်လည်း အရေးကြီးရာထူးတွေရဖို့ ဆုံးရှုံးမှုတွေရှိတယ်လို့ ထောက်ပြသူတွေလည်းရှိပါတယ်။

"အမျိုးသားလွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ ပါတီထဲက ဘယ်လောက်ပါမလဲကြည့်ရဦးမယ်" လို့ အမတ်တစ်ဦးကပြောပါတယ်။

ဦးခင်ရီနဲ့ ပြောစမှတ်များ

ဦးခင်ရီရဲ့ မဲဆွယ်ပွဲမှာတွေ့ရတဲ့ သမီးငယ်ဖြစ်သူ ဒေါ်မေဖူးပွင့်စိုး၊ ကြံ့ခိုင်ရေးပါတီတီရှပ် အစိမ်းရောင်ကိုဝတ်ဆင်ထားပြီး စာအုပ်တစ်အုပ်ကိုပိုက်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, ဦးခင်ရီရဲ့ မဲဆွယ်ပွဲမှာတွေ့ရတဲ့ သမီးငယ်ဖြစ်သူ ဒေါ်မေဖူးပွင့်စိုး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့ ရဲချုပ်ဟောင်းဟာ တချိန်က လမ်းပေါ်ဆန္ဒပြပွဲတွေကို စီစဥ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီအကြောင်းကို ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက သူ့ရဲ့ ဒီမိုကရေစီဒုတိယအစိုးရသစ်နဲ့ မြန်မာနိုင်ငံစာအုပ် (ဒုတိယတွဲ) မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အကန့်အသတ်နဲ့ထုတ်တဲ့ အဲဒီစာအုပ်ထဲ ဦးခင်ရီဟာ ရန်ကုန်က စစ်တပ်ထောက်ခံဆန္ဒပွဲတွေကို ၂၀၂၁ အာဏာ မသိမ်းခင် ၁၁ ပွဲနဲ့ အာဏာသိမ်းအပြီး ၁၁ ပွဲ စုစုပေါင်း ၂၂ ပွဲ စီစဉ်ခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီအချက်က သူနဲ့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကြား ယုံကြည်အားကိုးမှုကို ရလာစေတဲ့ အကြောင်းများစွာထဲက တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ဦးခင်ရီဟာ စစ်ကောင်စီလဝကဝန်ကြီးဘဝမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ မြနန်းဘုံသာလမ်း၊ ခြံနံပါတ် ၃၃ မှာနေရာချထားခံရတာကလည်း ထူးခြားပါတယ်။

ဦးခင်ရီရဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဘ၀မှာ သားသမီးတွေရဲ့ အကျိုးစီးပွားဆက်နွှယ်မှုကလည်း ပါတီထဲက ပြန်ဝေဖန်တဲ့အထိဖြစ်ခဲ့ပါတယ်။

သီရိခေထရာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထက်ရန်နိုင်စိုး

ဓာတ်ပုံ ရင်းမြစ်, သီရိခေထရာဖောင်ဒေးရှင်း

ဓာတ်ပုံ ပုံစာ, သီရိခေထရာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထက်ရန်နိုင်စိုး

၂၀၂၅ ခုနှစ် မတ်လ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ နေပြည်တော်ကကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ပြန်လည်ပြုပြင်ရေးမှာ သားဖြစ်သူဦးထက်ရန်နိုင်စိုးရဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့လို့ ပြောစရာဖြစ်ခဲ့တယ်လို့ ပါတီဝင်နှစ်ဦးကပြောပါတယ်။

"ပြင်ဆင်စရိတ် ကျပ် နှစ်ဘီလျံကျော်ကို ချပေးခဲ့တာ" လို့ ပါတီဝင်တစ်ဦးကပြောပါတယ်။

ဦးခင်ရီမှာ သားသမီးသုံးဦးရှိပြီး သားတစ်ဦး၊သမီးနှစ်ဦးဖြစ်ပါတယ်။

အထူးသဖြင့် သမီးငယ်ဖြစ်သူ ဒေါ်မေဖူးပွင့်စိုးကတော့ ဦးခင်ရီရဲ့ မဲဆွယ်ပွဲတွေမှာပါ တက်တက်ကြွကြွ ပါဝင်ကူညီခဲ့သူဖြစ်ပါတယ်။

ဒီနေ့လွှတ်တော်ရဲ့ ဧည့်သည်တော်စာရင်းမှာ ဦးခင်ရီရဲ့ သားသမီးတွေကို တွေ့ရပါတယ်။

ဦးခင်ရီအတွက်နောက်ထပ်စိန်ခေါ်မှုတစ်ခုက သူ့ရဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

အသက် ၇၀ ကျော်အရွယ် ဦးခင်ရီဟာ ပါတီအစည်းအဝေးနဲ့ အခမ်းအနားတချို့မှာ မကြာခဏအိပ်ငိုက်တတ်တယ်လို့ ပါတီဝင်တချို့ကပြောပါတယ်။

နာရီပေါင်းများစွာရှည်ကြာတဲ့ လွှတ်တော်အစည်းအဝေးတွေကို အာရုံစိုက်နားထောင်ပြီး အဆုံးအဖြတ်ပေးနိုင်ဖို့အတွက် အခက်တွေ့လိမ့်မယ်လို့ ပါတီဝင်တချို့ကပြောပါတယ်။

ဦးခင်ရီဟာ စကားပြောတဲ့နေရာမှာတော့ တက်ကြွဖျတ်လတ်သလောက် နားထောင်တဲ့နေရာမှာတော့ အခက်အခဲရှိတယ်လို့ ပါတီဝင်တွေကပြောပါတယ်။

အစိုးရအဖွဲ့ကိုထိန်းကျောင်းနိုင်တဲ့ လွှတ်တော်ဖြစ်မလား

ပြည်သူ့လွှတ်တော်မှာတွေ့ရတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Phyo Hein Kyaw/BBC

ဓာတ်ပုံ ပုံစာ, ပြည်သူ့လွှတ်တော်မှာတွေ့ရတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဦးခင်ရီက လေးဦးမြောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ပါတယ်။

ပထမဆုံးဥက္ကဋ္ဌက ၂၀၁၀ ရွေးကောက်ပွဲကပေါ်လာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးကနေ လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့ သူရဦးရွှမန်းဟာ အစိုးရအဖွဲ့ကို အထိန်းကျောင်းနိုင်ဆုံးလို့ ပြောလို့ရပြီး သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့နဲ့ အကွဲအပြဲဖြစ်တဲ့အထိကို ဥက္ကဋ္ဌလုပ်ပိုင်ခွင့်ကို အသုံးချနိုင်ခဲ့သူဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ လွှတ်တော်ကစွပ်စွဲပြစ်တင်မှုလုပ်လာမှာကို စိုးရိမ်ခဲ့တဲ့အကြောင်း သူ့ဝန်ကြီးဟောင်းတွေရေးတဲ့ စာအုပ်တွေမှာတွေ့ရပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေတက်လာတဲ့ NLD လွှတ်တော်ဥက္ကဋ္ဌကတော့ လက်ရှိထောင်သွင်းအကျဥ်းချခံထားရတဲ့ သမ္မတဦးဝင်းမြင့်ဖြစ်ပါတယ်။

NLD လွှတ်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ထိန်းကျောင်းတာထက် အားပေးထောက်ခံတဲ့ နေရာမှာပဲနေခဲ့တယ်လို့ ပြောလို့ရနိုင်ပါတယ်။

NLD လွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့ ကြံ့ခိုင်ရေးပါတီက အဓိကအတိုက်အခံဖြစ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ဦးဝင်းမြင့်သမ္မတလုပ်တော့ ကြံ့ခိုင်ရေးပါတီဝင်ဟောင်းဦးတီခွန်မြတ်က လွှတ်တော်ဥက္ကဋ္ဌ အံ့အားသင့်ဖွယ် ဖြစ်လာပါတယ်။

ဦးတီခွန်မြတ်ဟာ လွှတ်တော်ရဲ့စွပ်စွဲပြစ်တင်ခြင်းခံရတဲ့ ပထမဆုံးဥက္ကဋ္ဌဖြစ်ခဲ့ပေမဲ့ NLD ရဲ့ အကာအကွယ်ရလို့ မပြုတ်ခဲ့တဲ့အပြင် အာဏာသိမ်းကာလ ငါးနှစ်လုံးမှာ ရာထူးမြဲခဲ့သူဖြစ်ပါတယ်။

ဦးခင်ရီဦးဆောင်တဲ့လွှတ်တော်ကလည်း ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ ပြောဖို့စောသေးပေမဲ့ သူ ဥက္ကဋ္ဌ လုပ်ရမှာကကြံ့ခိုင်ရေးအမတ်တွေနဲ့ တပ်အမတ်တွေ အပြတ်အသတ် လွှမ်းမိုးထားတဲ့လွှတ်တော်ဖြစ်ပါတယ်။

လွှတ်တော်ထဲမှာကြံ့ခိုင်ရေးအမတ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေနဲ့ တပ်ကိုယ်စားလှယ်တွေလွှမ်းမိုးထာတာတော့ ၂၀၁၁ ကအတိုင်းပါပဲ။ ဒါပေမဲ့ တခြားအတိုက်အခံပါတီတွေကတော့ မရှိတော့သလောက်ကို အားနည်းသွားပြီလို့ နိုင်ငံရေအကဲခတ်တစ်ဦးကပြောပါတယ်။

လွှတ်တော်မစခင်ရက်ပိုင်းအလိုမှာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥပဒေတွေဆက်တိုက်ပြဋ္ဌာန်းနေတာကို အကဲခတ်တွေကထောက်ပြကြပါတယ်။

"ဥပဒေကိုစိတ်ဝင်စားတဲ့ ဦးမင်းအောင်လှိုင်က ဥပဒေပြုရေးကို တနည်းတဖုံနဲ့ ဆက်ပါနေဦးမယ်လို့မြင်တယ်" လို့ အကဲခတ်တစ်ဦးက ပြောပါတယ်။