ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မင်္ဂလာ ဗမာစကား မဟုတ်။
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, အလင်္ကာပုလဲပန်း အစီအစဉ်
ဗမာစာ၊ ဗမာ စကားနဲ့ ပတ်သက်ပြီး နိုင်ငံခြားသားတွေက စိတ်ဝင်တစားနဲ့ မေးကြပြောကြတဲ့အခါ သူတို့ ပထမဆုံး မေးတတ်ကြတာလေးတခုက မင်းတို့ဗမာမှာ လူလူချင်းတွေ့တဲ့ အခါ ဘာစကားနဲ့ နှုတ် ဆက်သလဲ ဆိုတာပဲဖြစ်ပါတယ်။
ဒီမေးခွန်းက လွယ်မလိုလိုနဲ့ ခက်ပါတယ်။ သူတို့နိုင်ငံခြားဘာသာစကားတော်တော်များများမှာက ပုံသေ နှုတ်ဆက်စကား ရှိကြတာများပါတယ်။ ဟယ်လို တို့ ဟောင်းအာယူတို့ ဘွန်းရှောတို့ စသဖြင့်ပေါ့။
ဒီတော့ ဗမာစကားမှာလည်း အလားတူ ပုံသေနှုတ်ဆက်တဲ့စကားတခွန်းတော့ ရှိမှာပဲလို့ သူတို့ ယူဆကြပါတယ်။ ယူဆပြီး မေးတဲ့အခါ ကျွန်တော်တို့ ဗမာများမှာ နည်းနည်း အဖြေရ ကျပ်ပါတယ်။
တခါတရံတော့လည်း သိပ်မစဉ်းစားတော့ဘဲ လွယ်လွယ် ဖြေတတ်ကြတဲ့ စကားတခွန်းရှိပါတယ်။ မင်းတို့ဗမာ မှာ ဘယ်လို နှုတ်ဆက်ကြသလဲဆိုရင် မင်္ဂလာပါလို့ နှုတ်ဆက်တယ်လို့ ဖြေတတ်ကြပါတယ်။
အမေရိကန် သမ္မတ အိုဘားမား ဗမာပြည် အလည်လာတော့ မြန်မာနိုင်ငံ မင်္ဂလာပါလို့ နှုတ်ဆက်သွား ပါတယ်။ အိုဘားမား ဗမာပြည်လာ မယ်ဆိုတော့ ဗမာနိုင်ငံသားတွေသဘောကျအောင် ဗမာလို နှုတ်ဆက်မယ်လို့ သူတွေးပါလိမ့်မယ်။ ဒါလည်း နိုင်ငံခေါင်းဆောင်တွေ လုပ်နေကြပါ။ အဲဒီလို နှုတ်ဆက်ဖို့တွေးတဲ့အခါ ဗမာလို ဘယ်လိုနှုတ်ဆက်သလဲ လို့ မေးမြန်းစုံစမ်းတော့ ဗမာတယောက်ယောက်က ဒီမင်္ဂလာကို သင်ပေး လိုက်တာဖြစ်မှာပါ။
ဒါပေမဲ့ ဒီမင်္ဂလာ ဟာ ဗမာစကားမဟုတ် ၊ ပါဠိစကားဖြစ်ပါတယ်။ ပါဠိဆိုတာ နိုင်ငံခြားဘာသာစကား တခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဗမာနဲ့ အရင်းနှီးအကျွမ်းဝင်ဆုံး နိုင်ငံခြား ဘာသာစကားလို့တော့ ဆိုရပါလိမ့်မယ်။
ဒီမင်္ဂလာဆိုတဲ့ ပါဠိစကားကို ဗမာက မွေးစားထားတာဟာ သိပ်တောင်မကြာသေးဘူးလို့ ထင်ရပါတယ်။ ဒါ့အပြင် မော်တော်ကား၊ တီဗီ၊ ရေဒီယိုတို့လို လူအများက ဖာသိဖာသာ မွေးစားပြောဆိုကြတဲ့ စကားမျိုးတောင် မဟုတ်ဘဲ တကူးတကကို ရည်ရွယ်ချက်ရှိရှိ တီထွင် မွေးစားထားတဲ့ စကားလုံးဖြစ်ပုံရပါတယ်။ ဘာ့ကြောင့် တကူးတက အစီအစဉ်ရှိရှိ ရည်ရွယ်ချက်ရှိရှိ ဖန်တီး မွေးစားထားတယ်လို့ ယူဆရသလဲဆိုတော့ အများပြည်သူ သာမန် လူထုကြားမှာ ဒီမင်္ဂလာပါ ဆိုတဲ့စကားဟာ ဒီနေ့အထိ ရေပန်းစား တွင်ကျယ်လာတဲ့ အဆင့် မရောက်လာသေးလို့ပါ။ လူထုစကား ဖြစ်မလာသေးလို့ပါ။
ဒီတော့ မေးစရာရှိပါတယ်။ ကျောင်းတွေမှာ နေ့တိုင်းပဲ မင်္ဂလာပါဆရာမ၊ မင်္ဂလာပါဆရာကြီး ပြောနေ တာပဲ မဟုတ်လားဆိုတာမျိုးပေါ့။ ဒါကလည်း တကယ်တော့ တမင် နှုတ်တိုက်သင်ပေးထား၊ ဖန်တီးပေးထားတဲ့ နှုတ်ဆက် နည်းပဲ ဖြစ်ပါတယ်။ လူထု ဘာသာစကား၊ နေ့စဉ်သုံးဘာသာ စကားမဟုတ်ပါဘူး။
ဘယ်အရပ်သားများ လမ်းပေါ်မှာ လူချင်းတွေ့တဲ့ အခါ ဟေ့သူငယ်ချင်း မင်္ဂလာပါလို့ နှုတ်ဆက်ပါသလဲ။ မိဘတွေ အလုပ်က ပြန်လာတဲ့အခါ ဘယ်သားသမီးကများ ဖေဖေ၊ မေမေ မင်္ဂလာပါလို့ နှုတ်ဆက်ပါသလဲ။ ဘယ်သူမှ နှုတ်မဆက်ပါဘူး။ ဒါဟာ ဗမာစကားမဟုတ်လို့ ဗမာ့လျှာမှာ မစွဲ၊ ဗမာ့ပါးစပ်နဲ့ မမြဲသေးတဲ့ သ ဘော ဖြစ်ပါတယ်။
ဗမာရဲ့ နှုတ်ဆက်ပုံ နှုတ်ဆက်နည်းက ပုံသေ နှုတ်ဆက်နည်း မဟုတ်ပါဘူး။ ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး သင့်တော်သလို နှုတ်ဆက်ပြောဆိုတဲ့ နည်းဖြစ်ပါတယ်။ ဗမာနှုတ်ဆက်နည်းတွေ ကို မပြောခင် စောစောက မင်္ဂလာ အကြောင်းကို အရင်ဆွေးနွေးကြရအောင်ပါ။
ဆရာဦးထွန်းတင့်ကို ကျွန်တော် မေးကြည့်တော့ သူက အခုလို ပြောပါတယ်။
"မင်္ဂလာဆိုတာက တကယ်တော့ ကျက်သရေနဲ့ နည်းနည်းတူပါလိမ့်မယ်။ ဒါပေမဲ့ ကျက်သရေကလည်း ဗမာစကားတော့ မဟုတ်ဘူးပေါ့ဗျာ။ ထားပါတော့။ မြန်မာစကား စစ်စစ်နဲ့ ပြောရရင်တော့ ကောင်းမြတ်ခြင်း လို့ ပြောမလား မသိဘူး။ ပါဠိမှာတော့ မင်္ဂလာဆိုတာကို သူတို့ အနက်ဖွင့်တာက မကောင်းမှုတွေကို ပယ်ဖျက် နိုင်တဲ့ သဘောတရားပေါ့လေ။ မင်္ဂံ လုနာတီတိ မင်္ဂလံ ပေါ့။ မင်္ဂံ မကောင်းမှု ဒုစရိုက်ကို လုနာတိ ဖြတ်တတ်၏ က္ကုတိတသ္မာ ထို့ကြောင့် မင်္ဂလံ မင်္ဂလာ မည်၏လို့ ဖွင့်ကြတာပေါ့ဗျာ။ အဲဒီတော့ မကောင်းမှု တွေကို ပယ်ဖျက်နိုင်တဲ့ သဘောတရားဟာ မင်္ဂလာပေါ့ဗျာ"
တကယ်တော့ ကျွန်တော်တို့ ဗမာတွေ တယောက်နဲ့ တယောက်နှုတ်ဆက်တဲ့ အခါ ပတ်ဝန်းကျင် အခြေအနေနဲ့ လိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ဆီလျော်အောင် နှုတ်ဆက်လေ့ရှိပါတယ်။ အဲဒီ နှုတ်ဆက် စကားတွေထဲမှာမှ နေရာတော်တော်များများနဲ့ ကိုက်ညီပြီး အသုံးအများဆုံး နှုတ်ဆက် နည်းကတော့ နေကောင်းလား ဆိုတဲ့စကားဖြစ်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းချင်း မိတ်ဆွေချင်းချင်း လမ်းပေါ်မှာ တွေ့တဲ့အခါ တနေရာရာမှာ ဆုံတဲ့အခါ သုံးတတ်ကြတဲ့ နေကောင်းလား ဆိုတဲ့ စကား ဟာ နှုတ်ဆက်တဲ့ စကားပါပဲ။ နေရာတော်တော်များများနဲ့လည်း ဆီလျော်ပါတယ်။
နောက်ထပ် အသုံးများကြတဲ့ နှုတ်ဆက်နည်း တခုကတော့ ထမင်းစားပြီးပြီလား ဆိုတဲ့စကားပါ။ ဒါလည်း တော်တော်များများ သုံးတတ်ကြပါတယ်။ ဒါပေမဲ့ အချိန်အခါကို ကြည့်ပြီး ဆီလျော်မှု ရှိမှ သုံးတတ်ပါတယ်။ ည လယ်သန်းခေါင်မှာ သူငယ်ချင်းဆီ တယ်လီဖုန်းဆက်တဲ့အခါမှာတော့ ဘယ်သူမှ ဟယ်လို မင်းထမင်းစားပြီးပြီလားလို့ မေးမှာ မဟုတ်ပါဘူး။ လမ်းမှာ နေ့လယ်နေ့ခင်း သို့မဟုတ် ညနေ ခြောက်နာရီနောက်ပိုင်းလို အချိန်မျိုးဆုံရင်တော့ မေးတတ်ကြပါတယ်။
သာမန်အားဖြင့် ဒီစကားဟာ နှုတ်ဆက်စကားဖြစ်ပါတယ်။ ထမင်းစားပြီးပြီလားလို့မေးတာဟာ သိချင်လို့ မေးတာ မဟုတ်ပါဘူး။ နှုတ်ဆက်တာပါ။ တဘက်က ပြန်ဖြေတဲ့သူကလည်း စားပြီးပြီလို့ ဖြေချင် ဖြေပါလိမ့်မယ်။ မစားရသေးဘူး လို့လည်း ဖြေချင်ဖြေပါလိမ့်မယ်။ ဒါကိုလည်း သိပ်အတည်ကြီး ယူလို့ မရပါဘူး။ ဒီစကား မှန်ချင်မှ မှန်ပါမယ်။ သူကလည်း ပြန်လည် နှုတ်ဆက်တဲ့ သဘောနဲ့ ဖြေတာသာ ဖြစ်ပါ တယ်။
အလားတူ တခြား စကားတချို့ ရှိပါတယ်။ ဘယ်ကလာသလဲတို့ ၊ ဘယ်သွားမလို့လဲတို့ဆိုတဲ့ စကားတွေပါ။ တကယ်သိချင်လို့ မေးတာ မဟုတ်ပါဘူး။ နှုတ်ဆက်တာပါ။ နိုင်ငံခြားသားတယောက်ကို ဒီလို မေးခွန်းမျိုး သွားမေးရင်တော့ တော်တော် စပ်စုတဲ့ကောင်ပဲလို့ အောက်မေ့ပါလိမ့်မယ်။ ဗမာလူမျိုး အချင်းချင်း ဆိုရင်တော့ နားလည်ကြပါတယ်။ ဒါတကယ်သိချင်လို့ မေးတာမဟုတ်ဘူး၊ စပ်စုတာ မဟုတ်ဘူး ဆိုတာကိုပါ။ ဖြေတဲ့လူကလည်း တခါ တလေ တိတိကျကျ ဖြေချင်မှ ဖြေပါတယ်။ ဘယ်ကလာလဲဆိုရင် အော် ဒီနားကပဲလို့ ဖြေချင်ဖြေပါတယ်။ ဒီနားကပဲ ဆိုပေမယ့် တကယ်ဒီနားက ဟုတ်ချင်မှ ဟုတ်မှပါ။
ဒီ့ထက်ပိုရင်းနှီးတဲ့ အခါ ရင့်သီးတဲ့ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းမျိုးနဲ့ နှုတ်ဆက် တတ်တာမျိုးလည်း ရှိပါတယ်။ သူငယ်ချင်း ရွယ်တူတန်းတူ သိပ်ရင်းနှီးတဲ့လူတွေ တွေ့တဲ့ အခါ ဟာ ဟေ့ကောင်ကြီး မင်း မသေသေးဘဲကိုး ဆိုတာ ဒါလည်း နှုတ်ဆက်တာပါပဲ။ ဆဲပြီး နှုတ်ဆက်တာတောင် ရှိပါသေးတယ်။ ဟေ့ ခွေးမသား မတွေ့တာတောင် ကြာပါပေါ့လား ဆိုတာမျိုးပါ။ သိပ်ရင်းနှီးတဲ့လူချင်းမှာ ဒီလို ဝမ်းသာအားရ နှုတ် ဆက်တာမျိုးကို ရိုင်းပင်ရိုင်းသော်ငြားလည်း ရိုင်းတယ်လို့ ယူလေ့မရှိ၊ စိတ်ဆိုးလေ့မရှိကြပါဘူး။
မင်္ဂလာဟာ ဗမာစကား မဟုတ်ပေမယ့် ဗမာ့ ယဉ်ကျေးမှုထဲမှာတော့ တော်တော် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေပါတယ်။
အဆိုတော်ကြီး ဒေါ်ကြည်ကြည်ဌေးရဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ သီချင်းမှာ ဆိုရင် မင်္ဂလာ အကြောင်းကို ဖွဲ့ဆိုထားပါတယ်။ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ အကြောင်းဆိုရင်လည်း ဗုဒ္ဓဘာသာဝင်အားလုံးလိုလို သိကျွမ်း နားလည် ကြပါတယ်။
ဒါတွင်ပဲလား ဆိုတော့ ဒီလောက်တွင် မကပါဘူး။ တမိသားနဲ့ တမိသား ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ခင်စုံမက်လို့ ပေါင်းဖက်ကြ တာကိုလည်း မင်္ဂလာလို့ ခေါ်ကြပါတယ်။ မင်္ဂလာဆောင်တယ်လို့ ပြောကြပါတယ်။ မင်္ဂလာကို ဆောင်ယူတယ်ပေါ့လေ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနဲ့ အညီ ပြုလုပ်တဲ့ ရှင်ပြုတဲ့ နားသတဲ့ အလုပ်ကိုလည်း မင်္ဂလာလို့ ခေါ်ပြန်ပါတယ်။ သားသမီးမွေးဖွားတဲ့ အခါ ပုခက်တင် မင်္ဂလာ၊ ကင်ပွန်းတပ် မင်္ဂလာ စသဖြင့် မင်္ဂလာတွေ အမျိုးမျိုး ရှိကြပါတယ်။ ကောင်းတဲ့အလုပ် ကျက်သရေရှိတဲ့ အလုပ်မှန်သမျှမှာ မင်္ဂလာလို့ ခေါ်ကြပါတယ်ဗျာ။ ကျွန်တော်တို့ လူမျိုးဟာ တော်တော် မင်္ဂလာယူတတ်တဲ့ လူမျိုးပါ။
ဒါပေမဲ့ စောစောက ပြောတဲ့ ကျက်သရေ …..၊ မင်္ဂလာနဲ့ အဓိပ္ပာယ်ချင်း ကူးလူးဆက်နွယ်နေတဲ့ ကျက်သရေ…….၊ ကျက်သရေမင်္ဂလာ ဆိုပြီး တွဲဖက်သုံးလေ့လည်း ရှိတဲ့ ကျက်သရေ၊ အဲဒီ ကျက်သရေ ကလည်း ဗမာစကား မဟုတ်ပြန်ပါဘူးတဲ့ ။ ဒီတော့ကျက်သရေ ဘယ်ကလာသလဲ။ ဆရာဦးထွန်းတင့်က ခုလို ပြောပြပါတယ်။
"ကျက်သရေက မြန်မာစကား မဟုတ်ဘူးဆိုတာ ဒီလိုဗျ။ ကျက်ကတော့ မွန်စကားပဲ။ သရေက ပါဠိစကား ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီကျက်သရေ ဆိုတဲ့စကားကို မွန်က အရင်ယူလိုက်တဲ့ သဘောရှိတယ်ဗျ။ မွန်ဆီကနေမှ ဗမာက ရတဲ့ သဘောရှိတယ်။ မွန်အဆင့်ဆင့် ပြောင်းလာတဲ့ အတိုင်းဆိုရင်တော့ ရှေးတုန်းက မွန်အရေး အရဆိုရင် ကျေက် နဲ့ ရေးသဗျ။ ဒါရှေးမွန်ပါ။ အလယ်ခေတ်လောက် ရောက်တဲ့ အခါ ကျတော့ ကျေက် မဟုတ်တော့ပဲ ကျာက် ဆိုပြီး ရေးပုံ ပြောင်းလဲရေးတယ်။ ဒီစကားလုံးကိုပဲ မွန်မှာ ရေးထုံးပြောင်းသွားတာပါ။ ဒါကို မွန်က အသံထွက်တော့ ကျိုက်လို့ အသံထွက်ပါတယ်။ ကျိုက်ထီးရိုးဘုရား က ကျိုက်ပေါ့ဗျာ။ ဗမာက ဒါကို ဖတ်တဲ့ အခါကျတော့ မွန်အသံထွက်သလို ကျိုက်လို့ မထွက်ဘူး။ ဒါကို ကျာက်လို့ အသံထွက်ရမယ်လို့ပဲ ဗမာက ထင်တယ်။ ဒါ့ကြောင့် ကျက်သရေ မှာ မွန်ရေးတဲ့ ကျာက် ကို ဗမာက ကျက်လို့အသံထွက်ပြီး ဗမာလို ရေးတဲ့အခါကျတော့ ကျက်လို့ပဲ ရေးလိုက်ကြတယ်။ သရေကတော့ ပါဠိစကား သီရိကို ယူလိုက်တာပါပဲ။ ပါဠိလို သိရီပေါ့လေ။ ဒါလေးကို တွဲရေးတာလည်း ရှိပါတယ်။ ဩီ လို့ ရေးပါတယ်။ သရီလို့ အသံထွက်ပါတယ်။ သက္ကဋမှာကျတော့ ဂငယ်ထဲကို အဆံလေးထည့်ပြီး ရေးတဲ့ ဂရှ ဆိုတာနဲ့ ဂြီ ဆိုတာမျိုးရေးပါတယ်။ ရှရီလို့ အသံထွက်ပါတယ်။ ရာဇကုမာရ် ကျောက်စာရဲ့ အစဟာ ဒီစကားနဲ့ စထားပါတယ်။ ကျက်သရေရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ"
ဘီဘီစီ ပရိသတ်များ ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြပါစေခင်ဗျာ။