ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်ဝန်ကြီးချုပ် တွေ့ဆုံ

သတင်းစာ ရှင်းလင်းပွဲမှာ လောလာဆယ် နှစ်ဘက် သဘောတူထားတဲ့ အစီအစဉ်သုံးခုကို ကြေညာသွား ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, သတင်းစာ ရှင်းလင်းပွဲမှာ လောလာဆယ် နှစ်ဘက် သဘောတူထားတဲ့ အစီအစဉ်သုံးခုကို ကြေညာသွား ပါတယ်
ဖတ်ရန်အချိန်: မိနစ် ၁

ဗြိတိန်ကို အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ဝန်ကြီးချုပ် ရဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်မှာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နဲ့တွေ့ဆုံကာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ လောလာဆယ် နှစ်ဘက် သဘောတူထားတဲ့ အစီအစဉ်သုံးခုကို ကြေညာ ပြောဆိုသွား ပါတယ်။

အဲဒီအချက်တွေကတော့ မြန်မာ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ် တိုးတက်ရေး အကြံဉာဏ်တွေ ပေးဖို့ ဗြိတိသျှ ပါလီမန် အမတ်တွေ မကြာခင် မြန်မာနိုင်ငံကို သွားမယ့် အကြောင်းနဲ့၊ တိုင်းရင်းသား ဒေသတွေမှာ အထူးသဖြင့် ကချင်ဒေသမှာ ဖြစ်နေတဲ့ ပြဿနာတွေ ကို ကူညီ ဖြေရှင်းပေးပြီး ငြိမ်းချမ်းရေး ရဖို့ အတွက် ကနဦး ရန်ပုံငွေ ပေါင်စတာလင် ၃ သန်း မတည်ပေးမယ့်အချက်တွေ ဖြစ်ပါတယ်။

မြောက်ပိုင်း အိုင်ယာလန်မှာ သူတို့ရှိခဲ့တဲ့ အတွေ့အကြုံ မျိုးတွေကိုလည်း မြန်မာနိုင်ငံအတွက် အကြံပေးမယ် လို့ဆိုပါတယ်။

နောက်တချက်ကတော့ မြန်မာပြည်ကို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်တဲ့ အခါ တိုင်းပြည် အကျိုးရှိမယ့် ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်ဖို့ အရေးကိုလည်း၊ ဗြိတိန် အစိုးရ အနေနဲ့ ကြိုးစားပြီးတော့ အကူအညီ ပေးသွားမယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါတွေအားလုံးကို သဘောတူကြောင်း ပြောပါတယ်။

နောက်ပြီး တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး၊ အခြေခံ ရင်းမြစ် ပြဿနာတွေကို ဖြေရှင်းမှသာ ဒီပြဿနာတွေ ပြေလည်မယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ပြောကြား သွားပါတယ်။

သမ္မတ ဦးသိန်စိန်ဟာ ပြုပြင်ပြောင်းလဲမှုကို လုပ်ဖို့ တကယ် ယုံကြည်ရတဲ့သူ ဖြစ်တယ်လို့ ဒေါ်စုကပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, သမ္မတ ဦးသိန်စိန်ဟာ ပြုပြင်ပြောင်းလဲမှုကို လုပ်ဖို့ တကယ် ယုံကြည်ရတဲ့သူ ဖြစ်တယ်လို့ ဒေါ်စုကပြောပါတယ်

မစ္စတာ ကင်မရွန်းက အဖွင့် မိန့်ခွန်းမှာ ဦးသိန်းစိန်ကို ဗြိတိန်ကို လာလည်ဖို့အတွက် ဖိတ်ကြားထား ကြောင်းလည်း ပြောပါတယ်။

ဦးသိန်းစိန်ဟာ အရင်အစိုးရ လက်ထက်မှာလည်း ပါခဲ့ဖူးပြီး သူ့ရဲ့ မှတ်တမ်းတွေဟာလည်း သိပ်မကောင်းတဲ့ လူမျိုးကို အခုအချိန်မှာ ဖိတ်သင့်သလားဆိုတဲ့ သတင်းထောက်တဦးရဲ့ အမေးကိုတော့ မစ္စတာ ကင်မရွန်းက မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အတွက် အားပေးတဲ့ နေရာမှာ ဒီလုပ်ငန်းစဉ်တွေမှာ ပါဝင်တဲ့သူတွေကို ထိတွေ့ဆက်ဆံရမှာ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကလည်း သမ္မတ ဦးသိန်စိန်ဟာ ပြုပြင်ပြောင်းလဲမှုကိုလုပ်ဖို့ တကယ် ယုံကြည်ရတဲ့သူ ဖြစ်တယ်လို့ ပြောကြောင်း မစ္စတာ ကင်မရွန်းက ပြောပါတယ်။ ဒီတော့ နှစ်ဖက်စလုံးနဲ့ ဆက်ဆံရမယ် ဆိုတာကို သူက အလေးအနက် ပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွ လုပ်တဲ့အခါ မြန်မာပြည်မှာ အကျိုးရှိတဲ့ ကိစ္စတွေ ဖြစ်ဖို့၊ တဦးတဖွဲ့ ဒါမှမဟုတ် အစိုးရ ကပဲ အကျိုးရှိ သွားတာမျိုး မဖြစ်စေဖို့၊ တိုင်းပြည်မှာ ရေရှည် အကျိုးရှိတာတွေ ဖြစ်စေဖို့၊ အဲဒါတွေကို ပြောကြားသွားပါတယ်။

ရှေ့မှာ အခက်အခဲတွေ ရှိမယ်ဆိုရင် အကြီးဆုံး စိန်ခေါ်မှုကြီးက ဘာဖြစ်မလဲလို့ ဘီဘီစီ မြန်မာပိုင်း သတင်းထောက်က မေးတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က စိန်ခေါ်မှုတွေကတော့ အများကြီး ဖြစ်ကြောင်းနဲ့ အားလုံးကို ခြုံမိအောင် တခုတည်းကို ပြောရမယ်ဆိုရင်၊ ပြည်သူပြည်သားတွေဟာ အခု သွားနေတဲ့ လမ်းကြောင်းကို ယုံကြည်မှု လျော့လာပြီး၊ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတော့ရင် အဲဒီကိစ္စဟာ စိုးရိမ်စရာ အကောင်းဆုံးပဲလို့ ပြောကြားသွား ပါတယ်။

သတင်းစာရှင်လင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုမင်းထက်ရဲ့ သတင်း ပေးပို့ချက်ကို နားဆင် နိုင်ပါတယ်။