ဗြိတိန်-မြန်မာ ပညာရေး ။ မန္တလေးခေတ်မှ နွေဦးခေတ်ထိ ဘိလပ်ပြန်များနဲ့ မြန်မာလူ့အဖွဲ့အစည်း

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ဖတ်ရန်အချိန်: မိနစ် ၂၁
မြန်မာနိုင်ငံ လွတ်လပ်ရေး ရတာ နှစ် ၈၀ နီးပါး ကြာခဲ့ပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ တရားရေး စနစ်တွေအပြင် ပညာရေး၊ ကျန်းမာရေးဘက်မှာပါ ဗြိတိသျှပုံစံကို အသုံးပြုရဆဲ ဖြစ်ပါတယ်။ အထက်မြန်မာပြည် ဘုရင်စနစ်အောက်မှာ ရှိစဉ် ၁၉ ရာစု အလယ်ကတည်းက ဗြိတိန်ကို ပညာတော်သင် စေလွှတ်ခဲ့ရတဲ့ မြန်မာ့ပညာရေးဟာ ၂၁ ရာစု နွေဦးခေတ်မှာလည်း ဗြိတိန်ပညာရေးကို တန်ဖိုးထားနေရဆဲ ဖြစ်ပါတယ်။
တခါ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာစာကို အဓိကဘာသာအဖြစ် စာသင်ကျောင်းတွေမှာ သင်ဖို့ ဦးနုလက်ထက်ကစလို့ ကြိုးပမ်းခဲ့ရာမှာ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာတော့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်အဆင့်ထိ မြန်မာဘာသာနဲ့ သင်တဲ့အဆင့်ရောက်ရှိခဲ့ပြီး နိုင်ငံ တံခါးပိတ်စနစ်နဲ့ ဘာသာပြန်ဆိုမှု အားနည်းမှုတွေကြောင့် ၁၉၈၀ ပြည့်လွန်နှစ်တွေကျမှ အင်္ဂလိပ်ဘာသာနဲ့ ပြန်သင်တာတွေ ဖြစ်လာခဲ့ပါတယ်။ ဆေးပညာ၊ စက်မှု၊ စာရင်းအင်းနဲ့ အိုင်တီနည်းပညာလို သက်မွေးဝမ်းကျောင်းပညာတွေမှာလည်း အင်္ဂလိပ်ဘာသာနဲ့ သင်ကြားမှု၊ ဗြိတိသျှ စာမေးပွဲစနစ်တွေက မြန်မာပြည်မှာ ခုထိ သြဇာညောင်းဆဲ ဖြစ်ပါတယ်။ အမေရိကန်ပညာရေးလွှမ်းမိုးမှုရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မတူဘဲ မြန်မာပညာရေးဟာ တောင်အာရှ၊ မလေးရှား၊ စင်္ကာပူနဲ့ ဟောင်ကောင်စတဲ့ ဗြိတိသျှကိုလိုနီဟောင်းတွေလိုပဲ ဗြိတိသျှပညာရေးကို ကိုလိုနီလွန်အသွင်ဆောင်ထားတာ ဖြစ်ပါတယ်။
ဓနသဟာယအပြင်က မြန်မာနဲ့ ဗြိတိန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၈၂၆ ကနေ ၁၉၄၈ အတွင်း နိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသတွေကနေ အောက်ပိုင်း၊ အထက်ပိုင်းနဲ့ တောင်တန်းဒေသတွေအထိ ဗြိတိသျှကိုလိုနီအဖြစ် ကျရောက်ခဲ့တဲ့ မြန်မာပြည်ဟာ ဗြိတိသျှ အိန္ဒိယအင်ပါယာဝင် ပြည်နယ်တခုအဖြစ် ၁၉၃၇ ထိ အုပ်ချုပ်ခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာမျိုးချစ်လူငယ်တွေက ဂျပန်အကူအညီနဲ့ စစ်တပ်ထောင်ပြီး ဗြိတိန်ကို တွန်းလှန်ခဲ့ပေမယ့် စစ်အပြီးမှာတော့ စေ့စပ်တဲ့နည်းနဲ့ လွတ်လပ်ရေးယူပြီး ဗြိတိသျှဓနသဟာယအပြင်ဘက်မှာ မြန်မာပြည် ရပ်တည်ခဲ့ပါတယ်။
အစဉ်အလာအားဖြင့် ဗြိတိန်နဲ့ နီးစပ်တဲ့ ကရင်စစ်အရာရှိကြီးတွေနဲ့ မြေရှင်နိုင်ငံရေးခေါင်းဆောင်တွေ၊ ရှမ်းစော်ဘွားတွေဟာ ၁၉၄၈ ကနေ ၁၉၆၂ အတွင်း မြန်မာပြည် အာဏာအဝန်းအဝိုင်းကနေ ကွယ်ပျောက်သွားပြီးနောက် လက်ဝဲအမျိုးသားရေးဆန်တဲ့ မြန်မာစစ်ဗိုလ်တွေက နိုင်ငံကို ဆယ်စုနှစ်တွေနဲ့ချီ ကြီးစိုးခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံရေးရာသီကလည်း စစ်အေးခေတ် ရောက်နေပြီ ဖြစ်လို့ အမေရိကန်ရဲ့ အနောက်အုပ်စုမှာ ပါဝင်တဲ့ ဗြိတိန်နဲ့ တရုတ်နဲ့ အိမ်နီးချင်းဖြစ်ပြီး ဘက်မလိုက်မူကို ကိုင်စွဲတဲ့ မြန်မာကြားမှာ နိုင်ငံရေးချင်းလည်း မနီးစပ်လှပါဘူး။ ဒီလို ကွာဟမှုတွေ ရှိပေမယ့် မြန်မာလွတ်လပ်ရေးခေါင်းဆောင်အဆက်ဆက်နဲ့ ဗြိတိန်ဆက်ဆံရေးဟာ ဦးနုကနေ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်ထိ တရင်းတနှီးရှိခဲ့ကြပြီး မြန်မာပြည် ပညာရေး၊ ကျန်းမာရေးဘက်မှာ ကိုလံဘိုစီမံကိန်းနဲ့ ဗြိတိန်က ကူညီခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘိလပ်ပြန်နဲ့ အင်္ဂလိပ်စာ အဓိကပညာရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၂၇ နဲ့ ၁၉၆၁ ခုနှစ်ထုတ် ထင်ပေါ်ကျော်ကြား မြန်မာများ ( Who's Who in Burma )စာအုပ်တွေမှာ ဗြိတိန်မှာ ပညာသင်ခဲ့တဲ့ ဝတ်လုံတော်ရ၊ ဆရာဝန်၊ ပါမောက္ခ ၊ အရာရှိကြီးတွေ အများအပြား ပါဝင်ပြီး ကိုလိုနီခေတ်မှာ နန်းရင်းဝန် ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့သူလေးဦးအနက် ဂဠုန်ဦးစောကလွဲပြီး ကျန်တဲ့ သုံးဦးလုံးဟာ ဗြိတိန်မှာ ဝတ်လုံပညာသင်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် သမ္မတအဖြစ် ထမ်းဆောင်ခဲ့သူ သုံးဦးမှာလည်း ဗြိတိသျှတပ်မှာ ထမ်းဆောင်ခဲ့တဲ့ ရှမ်းစော်ဘွားကြီးတဦးနဲ့ ဗြိတိန်မှာ ဝတ်လုံပညာသင်ပြီး ဗြိတိသျှခေတ် ဟိုက်ကုတ်တရားဝန်ကြီးတဦး ပါဝင်ပါတယ်။ တခါ လွတ်လပ်ပြီး မြန်မာပြည်မှာ ပထမဆုံး စစ်ဦးစီးချုပ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းဟာလည်း အိန္ဒိယစစ်အကယ်ဒမီမှာ အိန္ဒိယနဲ့ ပါကစ္စတန်စစ်ဦးစီးချုပ်လောင်းတွေနဲ့အတူ ပညာသင်ခဲ့တဲ့ ဗြိတိသျှစစ်အရာရှိကြီး ဖြစ်ပါတယ်။
တခါ လန်ဒန်မှာ ၁၉၁၀ တဝိုက်က ရှိခဲ့တဲ့ မြန်မာပြည်အသင်းမှာ အမျိုးသားပညာရေးကောင်စီအတွင်းရေးမှူးဖြစ်လာမယ့် ဦးမောင်မောင်အုန်းခိုင်နဲ့ ဖဆပလခေတ် သမ္မတ ဒေါက်တာဘဦး အပါအဝင် ကျောင်းသား ၈၀ နီးပါး ပါဝင်ကြောင်း အသင်းဂျာနယ်မှာ ပါရှိပါတယ်။ အသင်းမှာ အင်္ဂလိပ် အရာရှိကြီးတွေနဲ့အတူ မြန်မာအသင်းသားတွေအနေနဲ့ ဝတ်လုံ ဦးမေအောင်၊ ဖေပုရှိန် ဦးပု၊ မစ္စတာ ကင်ပင်းနက် စတဲ့ ဗြိတိသျှခေတ် နိုင်ငံရေးမှာ သြဇာညောင်းခဲ့သူတွေ ပါဝင်ပါတယ်။
ဒီလို ဗြိတိန်မှာ ဗြိတိသျှပညာရေးကို ရခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေကို ဘိလပ်ပြန်ဆိုပြီး ဟိန္ဒူစတန်နီက ဆင်းသက်လာတဲ့ စကားနဲ့ ကိုလိုနီနဲ့ နှောင်းပိုင်းခေတ်တွေမှာ ခေါ်ဆိုခဲ့ကြပါတယ်။ ဦးလတ်ရဲ့ ၁၉၁၄ ခု ထုတ် ရွှေပြည်စိုးဝတ္ထုမှာ ဘိလပ်ပြန် ဝတ်လုံတော်ရ မောင်သောင်းဘေ ဆိုပြီး အနောက်တိုင်းဆန်တဲ့ ပညာတတ်ရှေ့နေဇာတ်ကောင်ကို ထည့်သွင်းရေးဖွဲ့ခဲ့မှုကြောင့် ဘိလပ်ပြန် လူတန်းစားကို မြန်မာမဆန်တဲ့ ဗြိတိသျှအထင်ကြီးသူတွေအဖြစ် မြန်မာအမျိုးသားရေးဝါဒီတွေက ရှုမြင်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါနဲ့ မရှေးမနှောင်းကာလမှာပဲ သခင်ကိုယ်တော်မှိုင်း မဖြစ်သေးတဲ့ ဦးလွန်းက မစ္စတာမောင်မှိုင်း အမည်ခံပြီး စာကဗျာတွေ ရေးဖွဲ့ခဲ့ပါတယ်။ ၂၀ ရာစုဆန်းက ဝန်စာရေးဦးကြီးရေးတဲ့ ဝတ္ထုထဲက ချဉ်ပေါင်ရွက်သည်မောင်မှိုင်းဆိုတဲ့ လူပွေလူရှုပ်ဇာတ်ကောင်နာမည်မှာ မစ္စတာထည့်ပြီး ကလောင်အမည်ယူမှုကြောင့် ခေတ်ပညာတတ်လူတန်းစားကြားမှာ ဦးအစား မစ္စတာထည့်ပြီး မှည့်ခေါ်မှုတွေ ပျောက်ကွယ်သွားကြောင်း သိန်းဖေမြင့်နဲ့ လူထုဒေါ်အမာ စတဲ့ ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိဆရာတွေက ရေးကြပါတယ်။
ဗြိတိန်ကို ပညာသင်သွားဖို့ စရိတ်စကနဲ့ ပညာအခြေခံလိုအပ်ချက်က ကြီးတဲ့အတွက် အဲဒီခေတ်က လက်တဆုပ်စာ ဖြစ်တဲ့ ဘိလပ်ပြန်လူတန်းစားဟာ ဗြိတိသျှအာဏာပိုင်တွေနဲ့ ဒေသခံ မြန်မာလူထုကြားမှာ ကြားခံလူတန်းစားလို နေရာရလာခဲ့ပါတယ်။ ဒီလိုနေရာရ တွင်ကျယ်လာမှုကို မနှစ်လိုတဲ့ ခေတ်ဟောင်း မျိုးချစ်ကလောင်သမားတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ထိုးနှက်မှု၊ ဘိလပ်ပြန်တွေရဲ့ လူအများနဲ့ မနီးစပ်ဘဲ ခပ်ကင်းကင်းနေမှုတွေကြောင့် ဗြိတိသျှပညာရေး ကောင်းကောင်းရသူတွေကို ဗြိတိသျှအလိုတော်ရိလူတန်းစားအဖြစ် ကိုလိုနီနှောင်းပိုင်းကာလတွေမှာ သခင်တွေက သတ်မှတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တကယ်က ဘိလပ်ပြန်တွေနဲ့ မြန်မာရိုးရာအစဉ်အလာသမားတွေကြား သဟဇာတမဖြစ်ကြတာဟာ ဖန်ချက်ပညာ၊ သံချက်ပညာ၊ စစ်ပညာနဲ့ လက်နက်ပညာတွေအတွက် မင်းတုန်းမင်းခေတ်မှာ အနောက်နိုင်ငံတွေကို ပညာတော်သင် လွှတ်တဲ့ခေတ်ကတည်းက ရှိခဲ့ကြောင်း သခင်ကိုယ်တော်မှိုင်းကပဲ မှာတော်ပုံ ဝတ္ထုမှာ ရေးခဲ့ဖူးပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်မှာ ပညာသင်ခဲ့တဲ့ ဒီမန္တလေးခေတ်မျိုးဆက်တွေကြောင့်ပဲ ရာစုနှစ် ရှစ်စုမက ကြာမြင့်ခဲ့တဲ့ မြန်မာပဒေသရာဇ်အုပ်ချုပ်ရေးကို ပြုပြင်ဖို့ ကြိုးစားတာတွေ သီပေါမင်းလက်ထက်မှာ ဖြစ်လာခဲ့သလို ဗြိတိသျှလက်အောက် မြန်မာပြည်မှာ ခေတ်ပညာတတ်လာကြတဲ့ ဒီပဒေသရာဇ်အနွယ်တွေနဲ့ ခေတ်ပေါ် လူချမ်းသာမြန်မာတွေကြောင့်ပဲ မြန်မာအမျိုးသားရေးဝါဒနဲ့ ခေတ်သစ်နိုင်ငံရေး အစပျိုးခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ပထမဆုံး ဆရာဝန်၊ အင်ဂျင်နီယာ၊ ဝတ်လုံတော်ရ၊ ဗိသုကာ ၊ စာရင်းကိုင် စတဲ့ ပညာရှင်အများအပြားဟာလည်း ဗြိတိန်နဲ့ အနောက်နိုင်ငံတွေမှာ ၁၉ ရာစုနဲ့ ၂၀ ရာစုဦးပိုင်းမှာ ပညာဆည်းပူးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီ ဘိလပ်ပြန် မြန်မာဝတ်လုံနဲ့ အရာရှိတစုဟာ ဗြိတိသျှအရာရှိတွေ၊ ပါမောက္ခတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ သုတေသနအသင်း (၁၉၁၀)၊ မြန်မာပြည် ပညာပြန့်ပွားရေးအသင်း (၁၉၂၈) စတဲ့ အသင်းအဖွဲ့ တွေကို ထူထောင်ပြီး သုတေသနအသင်း ဂျာနယ်၊ ဂန္ထလောကမဂ္ဂဇင်းနဲ့ တခြားစာစဉ်တွေကို ထုတ်ဝေခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ်နဲ့ ဗြိတိန်သွား ပညာတော်သင်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိန်နဲ့ အိန္ဒိယကို ပညာသင်သွားရတဲ့ စရိတ်ကို လျှော့ချပြီး ပြည်တွင်းမှာ လူအများ ကောလိပ်ပညာကို ဆည်းပူးနိုင်ဖို့ ၁၈၇၈ က စပြီး ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်သလို ဂျပ်ဆင်ခေါ် ယုသန်ကောလိပ်လည်း ပေါ်ထွန်းလာပါတယ်။ ဒီကောလိပ်နှစ်ခုကို ပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်အဖြစ် ၁၉၂၀ မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဗြိတိန်က အောက်စဖို့ဒ်နဲ့ ကိန်းဘရစ်တက္ကသိုလ်တွေကို နမူနာယူပြီး ကျောင်းအိပ်ကျောင်းစားပုံစံနဲ့ ဖွင့်တဲ့ ရန်ကုန်တက္ကသိုလ် အစမှာ သပိတ်မှောက်မှုနဲ့ ကြုံရပေမယ့် ဆယ်နှစ်ကျော်အတွင်း ကျောင်းသားဦးရေနဲ့ ဘွဲ့ရဦးရေ တိုးပွားလာပါတယ်။
ဒီတက္ကသိုလ်ကျောင်းထွက်တွေထဲက အဆင့်မြင့်အမှတ်ကောင်းကောင်းနဲ့ အောင်မြင်သူတွေကို အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းအဖြစ် စာမေးပွဲသွင်းပြီး ရွေးချယ် ခန့်အပ်တာတွေ ရှိလာသလို မြန်မာပြည်ကနေ ဗြိတိန်ကို အစိုးရပညာတော်သင် စေလွှတ်တာတွေလည်း ရှိလာပါတယ်။ ၁၉၂၇ က ဘိလပ်သွား ပညာတော်သင်တွေထဲမှာ အုပ်ချုပ်ရေးပညာသင်ဖို့ သိပ္ပံမောင်ဝခေါ် ဦးစိန်တင်နဲ့ အိမ်စောင့်အစိုးရ ပြည်ထဲရေးဝန်ကြီး ဦးခင်မောင်ဖြူ၊ ရန်ကုန်ပညာရေးမဟာဌာနမှူး ဦးဘ၊ ပန်းချီဦးဘဇော်၊ ရန်ကုန်ဆေးပညာမဟာဌာနမှူး ကာနယ်မင်းစိန်၊ ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ် ဦးရုံးမို စတဲ့ ပညာရှင်လောင်းလျာတွေ ပါဝင်ကြောင်း သိပ္ပံမောင်ဝရဲ့ အောက်စဖို့ဒ်တက္ကသိုလ် စာအုပ်မှာ ပါရှိပါတယ်။ သိပ္ပံမောင်ဝတို့ခေတ် အောက်စဖို့ဒ်တက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ မြန်မာကျောင်းသား ၂၄ ယောက် ရှိကြောင်း မောင်ဝ စာအုပ်မှာ ပါရှိပြီး မင်းတုန်းမင်းခေတ်က မန္တလေးသူဌေးသား ဝတ်လုံဦးကျော်ကနေ ဦးဖေမောင်တင်၊ လွတ်လပ်ပြီးခေတ် အတွင်းဝန်ချုပ် ဦးရွှေမြနဲ့ သစ်တောမင်းကြီးချုပ် ဦးသိန်း ဖြစ်လာမယ့်သူတွေ ပါပါတယ်။

ရန်ကုန်တက္ကသိုလ်ထွက်တွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးဗဆွေ၊ သခင်ဗဟိန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း စတဲ့ လွတ်လပ်ရေး ခေါင်းဆောင်တွေပါပြီး ၁၉၈၈ ထိ မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ အစိုးရဝန်ကြီးတွေထဲမှာ စစ်ကြီးမဖြစ်ခင်နဲ့ စစ်ပြီးစ ရန်ကုန်တက္ကသိုလ်ထွက် နိုင်ငံရေးသမား၊ စစ်အရာရှိနဲ့ ပညာရှင်တွေ ပါဝင်ပါတယ်။ တခါ လမ်းစဉ်ပါတီခေတ် သမ္မတလေးယောက်အနက် ဦးစိန်လွင်ကလွဲပြီး ကျန်တဲ့သုံးယောက်လုံးက ရန်ကုန်တက္ကသိုလ်ထွက်တွေ ဖြစ်ကြပါတယ်။
တက္ကသိုလ်ဆရာတွေထဲမှာ လူသိအများဆုံးက မြန်မာထဲက ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်တဲ့ ပါဠိပါမောက္ခ ဦးဖေမောင်တင်နဲ့ စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး ပါမောက္ခချုပ် ဒေါက်တာထင်အောင် တို့ဖြစ်ကြပြီး ယုဒသန်ကောလိပ် ကျောင်းအုပ်နဲ့ ဒဿနိကဗေဒပါမောက္ခ ဒေါက်တာလှဖူးလည်း ပါပါတယ်။ စစ်ပြီးခေတ် မြန်မာပြည်တက္ကသိုလ်တွေမှာ ပါမောက္ခလုပ်ခဲ့သူတွေဟာလည်း ဗြိတိသျှခေတ် ရန်ကုန်တက္ကသိုလ်ကျောင်းထွက်တွေ ဖြစ်ကြပြီး မြန်မာဘာသာ ပါမောက္ခ ဦးဝန် ခေါ် မင်းသုဝဏ်၊ အင်္ဂလိပ်စာ ပါမောက္ခ ဦးမျိုးမင်း၊ ပထဝီဝင်ပါမောက္ခ ဒေါက်တာသင်းကြည်၊ သမိုင်းပါမောက္ခ ဒေါက်တာကျော်သက် စတဲ့ ဗြိတိန်နဲ့ အမေရိကန်မှာ ဘွဲ့လွန်ပညာတွေ ဆည်းပူးခဲ့ကြတဲ့ ပညာရှင်တွေ ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၃၉ နဲ့ ၁၉၄၀ ကြား ဗြိတိန်မှာ မြန်မာအစိုးရပညာတော်သင်အဖြစ် စေလွှတ်ထားတဲ့ ကျောင်းသူကျောင်းသား ၄၀ နီးပါးရှိပြီး ပုံနှိပ်ပညာ၊ ဗုဒ္ဓဘာသာ၊ စာရင်းအင်း၊ ကာယပညာရေး စတဲ့ ဘာသာစုံကို သင်ကြားကြကြောင်း လန်ဒန်ပညာရေးဌာနရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ ဒီထဲမှာ မေမီခိုင် (မီမီခိုင်)၊ မမကြည်၊ မသောင်းရှင်၊ အဲလစ်ဇဘက်ပု၊ နော်လူဝိစ်ဇန် ဆိုတဲ့ ကျောင်းသူ ငါးဦးပါပါတယ်။ ဒေါက်တာလှမြင့်၊ ဒေါက်တာသာလှ၊ ဒေါက်တာ မောင်မောင်ခ ဆိုတဲ့ စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ် ဖြစ်လာသူ သုံးယောက်၊ လန်ဒန်တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဒေါက်တာလှဘေ၊ ရန်ကုန်တက္ကသိုလ် ဇီဝဗေဒ ပါမောက္ခ ဒေါက်တာလှကျော်၊ မိုးလေဝသ ညွှန်ကြားရေးဝန် ဒေါက်တာဘိုးအေးတို့ ခြောက်ယောက်က ဒီပညာတော်သင်အုပ်စုက ဖြစ်ပြီး မန္တလေးတက္ကသိုလ်ကို ထူထောင်ခဲ့တဲ့ ဒုတိယအဓိပတိ ဦးကိုလေးလည်း စိုက်ပျိုးရေးဓာတုဗေဒပညာတော်သင်အဖြစ် ဒီအုပ်စုမှာ ပါဝင်ပါတယ်။ လွတ်လပ်ပြီးခေတ် မြန်မာအစိုးရ ဝန်ကြီး သံအမတ်ကြီးနဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ အကြံပေးတာဝန်တွေ ယူခဲ့တဲ့ ဦးအုန်းဟာလည်း ဒီပညာသင်အုပ်စုမှာ ပါသလို စာရေးဆရာ ဇော်ဂျီနဲ့ ညိုမြတို့ဟာလည်း ဒီပညာသင်အုပ်စုကပဲ ဖြစ်ပါတယ်။
ရေနံဓာတုပညာရှင် ဒေါက်တာဘသီဟာ ဒုတိယကမ္ဘာစစ်ဖြစ်စ မြန်မာပြည်အပြန် လမ်းမှာ စစ်အကျဉ်းသားအဖြစ် နာဇီအသိမ်းပိုက်ခံရတဲ့ ပြင်သစ်မှာ ထိန်းသိမ်းခံခဲ့ရပေမယ့် ကျန်တဲ့ ပညာတော်သင်တွေကတော့ အိန္ဒိယနဲ့ မြန်မာပြည်ကို ပြန်သူ၊ စစ်ထဲဝင်ပြီး ဗြိတိသျှဘက်က တိုက်ပေးသူတွေ ပါပါတယ်။ တချို့လည်း စစ်ကြီးအတွင်း ဗြိတိန်မှာ ဖြစ်သလို နေထိုင်ရင်း ပါရဂူဘွဲ့တွေရအောင် ဆည်းပူးခဲ့ကြပါတယ်။
လွတ်လပ်ရေးခေတ် ပညာတော်သင်များနဲ့ တံခါးပိတ်မြန်မာပြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးရချိန် မြန်မာပြည်မှာ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ပေမယ့် ပညာရေးနဲ့ နိုင်ငံကို ခေတ်မီအောင် လုပ်ဖို့ ပညာတော်သင်တွေကို ဗြိတိန်နဲ့ အမေရိကန်ကို အများအပြား စေလွှတ်ပါတယ်။ တနှစ်ကို ၆၅ ယောက်နဲ့ အနှစ် ၂၀ နီးပါး စေလွှတ်ခဲ့ကြောင်း သံအမတ်ကြီး ဦးသက်ထွန်းက မြန်မာပညာတော်သင် ဆောင်းပါးမှာ ရေးပါတယ် ။ ဒီ မြန်မာအစိုးရ ပညာတော်သင်တွေအပြင် အနောက်နိုင်ငံအစိုးရတွေရဲ့ ပညာသင်ဆုတွေနဲ့ ဆိုဗီယက်နဲ့ အရှေ့ဥရောပနိုင်ငံတွေရဲ့ ပညာတော်သင်ဆုတွေကလည်း စစ်အေးခေတ်လို့ ခေါ်တဲ့ ဝါဒပြိုင်ခေတ်ကြီးမှာ ပေါ်ထွန်းလာပါတယ်။ ဒီပညာသင်ဆုတွေနဲ့ မြန်မာပြည်ထဲက လူရာချီပြီး ပြည်ပမှာ ပညာသင်သွားကြသလို တောတွင်းကွန်မြူနစ်တွေလည်း ဆိုဗီယက်၊ အရှေ့ဂျာမနီ၊ ချက်နဲ့ တရုတ်မှာ ပညာသင်တာတွေ ရှိခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ပြန်သွားကြတဲ့ ဗြိတိသျှနဲ့ အိန္ဒိယအရာရှိတွေ၊ ပညာရှင်တွေရဲ့ နေရာမှာ မြန်မာပြည်သားတွေနဲ့ အစားထိုးဖို့အတွက် ဘာသာရပ်ပေါင်းစုံမှာ ပညာသင် စေလွှတ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်က မြန်မာပြည်မှာ နိုင်ငံခြားပြန် မြန်မာ ပါရဂူ လက်တဆုပ်သာ ရှိခဲ့ရာက ဖဆပလနဲ့ လမ်းစဉ်ပါတီခေတ်တွေမှာတော့ ဝိဇ္ဇာသိပ္ပံ ဘာသာရပ်တွေမှာသာမက ဆေး၊ စက်မှု၊ ပညာရေး၊ စီးပွားရေး ၊ စိုက်ပျိုးရေး စတဲ့ ဘာသာရပ်တွေမှာပါ မြန်မာပါရဂူ အမျိုးသား အမျိုးသမီးတွေ ပေါ်ထွန်းလာခဲ့ပါတယ်။
မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးလှိုင်၊ ရန်ကုန် ပညာရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ ကေမြရီနဲ့ ဘူမိဗေဒပါမောက္ခနဲ့ သတ္တုတွင်း ဝန်ကြီး ဒေါက်တာညီညီ စသူတို့ဟာ စစ်ပြီးခေတ် ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတွေမှာ ပညာဆည်းပူးခဲ့တဲ့ နာမည်ကျော် မြန်မာပညာရှင်တွေ ဖြစ်ကြပါတယ်။ ဒီလို ပညာရှင်အများအပြားကို ဗြိတိန်၊ အမေရိကန်အပြင် သြစတြေးလျ၊ ကနေဒါ ၊ ပြင်သစ်၊ နယ်သာလန် စတဲ့ နိုင်ငံစုံကို စေလွှတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဗြိတိသျှလက်အောက်မှာ ကုန်ကြမ်းပို့ ကိုလိုနီတခုအနေနဲ့ ရပ်တည်ခဲ့ရတဲ့ မြန်မာပြည်ရဲ့ ကျန်းမာရေး၊ ပညာရေး၊ ကုန်ထုတ်စီးပွားရေး လုပ်ငန်းတွေကို လွတ်လပ်ပြီးခေတ်မှာ တိုးချဲ့ အဆင့်မြှင့်နိုင်ဖို့အတွက် လိုအပ်တဲ့ ပညာရှင်ရင်းမြစ်တွေရဖို့ မြန်မာလူငယ်တွေကို ပြည်ပ စေလွှတ်ခဲ့ရတာပါ။ ဒီလို စေလွှတ်ရင်း ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ထင်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဒေါက်တာလှရွှေ အမေရိကန်မှာ ခွဲစိတ်ကုပညာသင်ဖို့အသွား လမ်းမှာ ရေယာဉ်ပျံပျက်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။ တခါ ဗြိတိန်က ပြန်လာပြီးမှ ပြန်ထွက်သွားတဲ့ သမိုင်းပါရဂူ ဒေါက်တာမသောင်းလို ပညာရှင်တွေ ရှိခဲ့ပေမယ့် သူ့အစ်မ အဏုဇီဝဗေဒပါမောက္ခ ဒေါ်ဖေ့လို ဗြိတိန်နဲ့ အမေရိကန်မှာ ပညာသင်ခဲ့ပြီး မြန်မာပြည် တက္ကသိုလ်တွေမှာပဲ စွဲစွဲမြဲမြဲ လုပ်ခဲ့တဲ့ ပညာရှင်တွေလည်း ရှိပါတယ်။
ဒီလို နိုင်ငံခြားပြန် ပညာရှင်တွေ စုံလင်လာတဲ့အတွက် လွတ်လပ်ပြီးခေတ်မှာ မန္တလေးတက္ကသိုလ် ပေါ်ထွန်းလာသလို ဆေးသိပ္ပံနှစ်ခုကို မန္တလေးနဲ့ ရန်ကုန်မှာ တိုးချဲ့ ဖွင့်လာနိုင်ပါတယ်။ တခါ ဗမာ့စက်မှုတက္ကသိုလ်ဆိုပြီး ဦးနုခေတ်မှာ ဆိုဗီယက်အကူအညီနဲ့ ဆောက်တဲ့ ကျောင်းသစ်ကြီးမှာလည်း ရန်ကုန်စက်မှုတက္ကသိုလ်ပေါ်ထွန်းလာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာတော့ ရန်ကုန် စီးပွားရေးနဲ့ ပညာရေးတက္ကသိုလ်တွေ ပေါ်လာသလို ရေဆင်း စိုက်ပျိုးရေး၊ သစ်တောနဲ့ တိမွေးကုတက္ကသိုလ်သစ်တွေကို ထူထောင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရီးယားစစ်ပွဲအတွင်း မြန်မာ့ဆန် စျေးကောင်းရပြီး နိုင်ငံခြားငွေ ရှိလာမှုအပြင် အနောက်နိုင်ငံတွေက ပေးတဲ့ ပညာသင်ဆုတွေကြောင့်လည်း ဒီလို စေလွှတ်နိုင်တာပါ။ ၁၉၅၀ ကျော်နဲ့ ၁၉၆၀ ပြည့်လွန်နှစ်ဦးပိုင်းတွေမှာ စေလွှတ်ခဲ့တဲ့ ပညာရှင်တွေရဲ့ အားနဲ့ပဲ ၁၉၆၂ နောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်းခေတ် တံခါးပိတ်မြန်မာပြည်ရဲ့ တက္ကသိုလ်ကောလိပ်တွေနဲ့ ရုံးဌာနတွေကို စီမံလမ်းညွှန်ခဲ့ရပါတယ်။ ၁၉၆၂ နောက်ပိုင်း ပြည်ပပညာသင်လွှတ်တာ နည်းသွားပေမယ့် ဆိုဗီယက်၊ အရှေ့ဥရောပနိုင်ငံတွေကို စေလွှတ်မှု ပိုများလာသလို ဆေးပညာဘက်မှာလည်း ဗြိတိန်ကို စေလွှတ်မှု ဆက်ရှိနေခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ ပြန်လည် ထူထောင်လာတဲ့ ဂျပန်နဲ့ ဂျာမနီကိုလည်း မြန်မာကျောင်းသားတွေ သွားရောက်ကြပြီး ဝန်ကြီးချုပ် ဦးနုသားနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မယားပါသမက်လောင်းတို့ ဂျပန်ပြန်တွေ ဖြစ်ခဲ့ကြပါတယ်။
ဆိုရှယ်လစ်ခေတ် မြန်မာပညာသင်တွေဟာ ပြည်ပမှာ ရရှိတဲ့ မစို့မပို့ ပညာသင်ဆုကို ချွေတာ သုံးစွဲပြီး ပြည်တော်ပြန်မှာ ကား၊ ရေခဲသေတ္တာ စတဲ့ အဲဒီခေတ်က ရှားပါးတဲ့ နိုင်ငံခြားပစ္စည်းတွေ ပြန်ပါလာအောင် အားထုတ်ကြရကြောင်း မြန်မာ့အသံ ဦးကျော်ဦးရဲ့ ပညာတော်သင်ဘဝ နေ့စဉ်မှတ်တမ်း မှာ ပါရှိပါတယ်။ ဒေါက်တာမောင်မောင်ညိုရဲ့ အင်္ဂလန်၊ အမေရိကန်နှင့် မြန်မာပြည်သား စာအုပ်မှာတော့ လန်ဒန်မှာ ပညာသင်ရင်း အင်ဒိုနီးရှားကျောင်းသားတဦးနဲ့ ချစ်ကြိုက်ပြီး ကိုယ်ဝန်ရခဲ့တဲ့ မြန်မာကျောင်းသူတဦးကို ကိုယ်ဝန်ဖျက်ချဖို့ သံရုံးက ညွှန်ကြားခဲ့ကြောင်း ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခါ ကိုလိုနီခေတ်ကနေ ဖဆပလခေတ်၊ လမ်းစဉ်ပါတီခေတ်တွေကို ဖြတ်သန်းလာခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအသင်းဟာလည်း သမ္မတဦးနေဝင်းကို နာယကတင်ထားပေမယ့် ၁၉၈၀ မှာ ဖျက်သိမ်းခံရပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာပညာရှင်တွေ ဦးစီးလုပ်ကိုင်လာခဲ့တဲ့ အသင်းကို ကိုလိုနီဆန်တယ်ဆိုပြီး ဖျက်သိမ်းခဲ့ပေမယ့် ၁၉၈၀ ကျော်မှာပဲ မြန်မာစာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာသင်ကြားမှု ပိုတိုးမြှင့်လာတာကိုလည်း တွေ့ရပါတယ်။
၁၉၈၈ အရေးအခင်းဖြစ်ချိန်မှာတော့ မြန်မာတက္ကသိုလ်ပညာရေးဟာ စီးပွားရေး တိုးတက်မှုချင်း အဆများစွာ ကွာတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနောက်မှာ ပြတ်ကျန်နေခဲ့သလို နိုင်ငံရေး ဖိနှိပ်မှုနဲ့ ဆင်းရဲမွဲတေမှုကြောင့် မကျေမနပ် ဖြစ်နေကြတဲ့ ကျောင်းသားလူငယ်တွေရဲ့ အုံကြွပေါက်ကွဲမှုနဲ့ လမ်းစဉ်ပါတီအစိုးရ ရင်ဆိုင်ရပြီး ဆိုရှယ်လစ်ခေတ် နိဂုံးချုပ်ခဲ့ပါတယ်။
၈၈ အလွန် မြန်မာလူငယ်နဲ့ နိုင်ငံခြား ပညာရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၈၈ မှာ န၀တစစ်အစိုးရသစ် တက်လာပြီးနောက် ကျောင်းနှစ်ရှည်ပိတ်မှုနဲ့ အဖမ်းအဆီးတွေ ကြမ်းခဲ့ပြီး ပညာရေး လွတ်လပ်မှုလည်း ဆိတ်သုဉ်းခဲ့ပြန်ပါတယ်။ ကျောင်းသားတွေ ထူထောင်တဲ့ ကျောင်းသားတပ် ပေါ်လာသလို ၈၈ နဲ့ ၉၆ မျိုးဆက် ကျောင်းသားလှုပ်ရှားသူတွေ မြန်မာ့နိုင်ငံရေးမှာ ပေါ်ထွန်းလာပါတယ်။ ဦးနေဝင်းခေတ်နဲ့မတူဘဲ စီးပွားရေးတံခါးဖွင့်ပြီး ပုဂ္ဂလိကလုပ်ငန်းတွေကို အားပေးခဲ့ပေမယ့် စစ်တပ်နဲ့ ဆက်စပ်သူတွေ ကြီးစိုးတဲ့ ခရိုနီပုံစံအားကောင်းလာခဲ့ပါတယ်။
၁၉၈၈ အရေးအခင်းမှာ လူအသေအပျောက်များတဲ့ ဖြိုခွဲမှုတွေနဲ့ နောက်ဆက်တွဲ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် စစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဗြိတိန်မှာ ပညာသင်ပြီး နှစ်ရှည်နေထိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအတိုက်အခံဖြစ်နေပြီး နေအိမ်အကျယ်ချုပ် နှစ်ရှည်ကျနေတဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာကျောင်းသားတွေအတွက် ဗြိတိန်နဲ့ အနောက်နိုင်ငံတွေက ပေးတဲ့ ပညာသင်ဆုတွေလည်း အဆက်ပြတ်တောက်ခဲ့ပြီး ပြည်တွင်းမှာ ပေးတဲ့ ပါရဂူသင်တန်းတွေနဲ့ တရုတ်၊ ရုရှား၊ ဂျပန်နဲ့ ထိုင်း စတဲ့ နိုင်ငံတွေကို ပညာသင်လွှတ်တာတွေ ပိုများလာပါတယ်။
နိုင်ငံကူးလက်မှတ်ရဖို့ ပိုလွယ်လာတဲ့အတွက် လူငယ်တွေ ပြည်ပ ထွက်ခွာမှုကလည်း ဦးနေဝင်းခေတ်မှာထက် ပိုများလာပါတယ်။ ဗြိတိန်၊ အမေရိကန် ၊ ဂျပန်နဲ့ စင်္ကာပူ စတဲ့ နိုင်ငံတွေမှာ အိုင်တီနည်းပညာ ၊ ဆေးလက်တွေ့ ပညာ၊ စက်မှု ၊ စာရင်းကိုင်စတဲ့ ဘွဲ့လွန်ပညာတွေကို မိသားစု ထောက်ပံ့မှု၊ အချိန်ပိုင်း အလုပ်လုပ်ပြီး သင်ယူမှုတွေ ရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နဝတ-နအဖခေတ်နောက်ပိုင်း နာဂစ်အခြေခံဥပဒေ မပေါ်ထွက်မီ ၂၀၀၆ ခုနှစ်က စပြီး အမေရိကန်အစိုးရ ပညာသင်ဆုတွေ မြန်မာပြည်မှာ ပြန်ပေးလာသလို ၂၀၁၁ လွှတ်တော်သစ် ပေါ်လာပြီး နောက်ပိုင်းမှာလည်း ဗြိတိသျှ အစိုးရ ပညာသင်ဆုတွေကို အများအပြား ပြန်ပေးလာပါတယ်။ နိုင်ငံရေး၊ စီးပွားရေးတံခါးတွေ ဖွင့်လာတဲ့ တစိတ်တပိုင်း ဒီမိုကရေစီနိုင်ငံက မြန်မာကျောင်းသားတွေအတွက် သြစတြေးလျ၊ နယူးဇီလန်နဲ့ ဂျပန်၊ အာဆီယံ စတဲ့ အာရှတွင်း နိုင်ငံတွေက ပေးတဲ့ ပညာသင်ဆုတွေလည်း အများအပြား ပေါ်ထွန်းလာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီးနောက်ပိုင်း ပညာသင်ဆု အခွင့်အရေးတွေ ပိုများလာသလို ပြည်တွင်းမှာ လာပြီး သင်ကြားပို့ချကြတဲ့ ပြည်ပက နိုင်ငံခြားသားနဲ့ မြန်မာ ပညာရှင်တွေ ပိုမိုရောက်ရှိလာပါတယ်။
ပြည်တွင်းစစ်နဲ့ ခိုလှုံခွင့်ယူ လူငယ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း စီဒီအမ် လှုပ်ရှားမှုကြောင့် ပြည်တွင်း တက္ကသိုလ်တွေပိတ်ကုန်ပြီး ကျောင်းသားအများအပြား နယ်စပ်တွေမှာ စစ်ပညာသင်ဖို့ ထွက်သွားကြပါတယ်။ စစ်မှုထမ်း ဆင့်ခေါ်မှာကို စိုးရိမ်မှုကြောင့်လည်း ဒီဘက်နှစ်ပိုင်းတွေမှာ ကျောင်းသားတွေ ပြည်ပ ထွက်ခွာမှု ပိုများလာပြီး ပြည်ပမှာ ခိုလှုံခွင့် ယူကြတဲ့ မြန်မာလူငယ်တွေလည်း ပိုများလာပါတယ်။
၂၀၂၅ နဲ့ ၂၀၂၆ မှာတော့ အမေရိကန်နဲ့ ဗြိတိန်မှာ မြန်မာပြည်က ခိုလှုံခွင့် ယူသူတွေနဲ့ ကျောင်းသားတွေရဲ့ ပြည်ဝင်ခွင့်နဲ့ နေထိုင်ခွင့်တွေ တင်းကျပ် ပိတ်ပင်လာပါတယ်။ အမေရိကန်ရဲ့ နိုင်ငံတကာ ကျောင်းသားတွေအပေါ် ပြည်ဝင်ခွင့် ကန့်သတ်မှုတွေနဲ့အတူ မြန်မာအပါအဝင် နိုင်ငံ ၇၅ နိုင်ငံက နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ရပ်ဆိုင်းတာတွေကြောင့်လည်း မြန်မာလူငယ်တွေအတွက် ပြည်ပ ပညာရေး မျှော်လင့်ချက်က မှိန်ဖျော့လာပါတယ်။ လတ်တလော ဗြိတိန်က ကျောင်းသား ပြည်ဝင်ခွင့် ထုတ်ပေးမှု ရပ်ဆိုင်းတဲ့ လေးနိုင်ငံထဲ မြန်မာပါသွားပြီးနောက်မှာတော့ တချိန်က ကိုလိုနီဟောင်းနိုင်ငံနဲ့ အင်ပါယာနိုင်ငံဟောင်းကြား အနှစ် ၂၀၀ နီးပါး ရှည်ကြာခဲ့တဲ့ ပညာရေး ဆက်ဆံမှုကို ပိုင်းဖြတ်လိုက်သလို ရှိလာပါတယ်။
မြန်မာပြည် နိုင်ငံရေး ပြန်တည်ငြိမ်လာပြီး စစ်ရှိန်လျော့ကျသွားရင်တော့ ဗြိတိန်-မြန်မာ ပညာရေး ရွှေလမ်းငွေလမ်း ပြန်ပွင့်လာမယ်လို့ ခန့်မှန်းနိုင်ပေမယ့်လည်း ဒီအချိန်ရောက်ဖို့ ဘယ်လောက်ကြာမြင့်မယ်ဆိုတာကို တွက်ဆရ ခက်ပါတယ်။ အဲဒီအချိန်ရောက်ရင်တော့ နိုင်ငံထူထောင်ရေးနဲ့ ခေတ်မီတိုးတက်ရေးတွေမှာ ဘိလပ်ပြန်၊ အမေရိကန်ပြန်၊ ဂျပန်ပြန် စတဲ့ နိုင်ငံခြားပြန် ပညာရှင်တွေရဲ့ ကဏ္ဍက ပြန်လည် ကြီးမားလာမှာ ဖြစ်ပါတယ်။
"လက်ရှိနိုင်ငံရေးအခြေအနေကို မခံနိုင်လို့ နိုင်ငံခြားထွက်သွားကြတဲ့လူငယ်တွေဟာ အခုရောက်နေတဲ့ တိုင်းပြည်အသီးသီးကို လေ့လာကြည့်ရှု၊ မြန်မာပြည်မှာ လိုအပ်နေတာတွေကို ကောင်းကောင်းမှတ်သား သင်ကြား လာစေချင်တယ်။ နောက်ပီးတော့ တချိန်ချိန်မှာ အမြန်ပြန်လာပြီး မိခင်နိုင်ငံကြီးပြန်လည်ထူထောင်ရေးမှာ အားစိုက်ဆောင်ရွက်ကြစေချင်တယ်။"
မောင်ထင် ၁၉၉၃၊ ဩဂုတ်












