မတ်လ ၁၆ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ဖြစ်လာတဲ့ သတင်းအပါအဝင် မတ်လ ၁၆ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
မတ်လ ၁၆ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရတာ နှစ် ၈၀ နီးပါး ကြာခဲ့ပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ တရားရေး စနစ်တွေအပြင် ပညာရေး၊ ကျန်းမာရေးဘက်မှာပါ ဗြိတိသျှပုံစံကို အသုံးပြုရဆဲ ဖြစ်ပါတယ်။ အထက်မြန်မာပြည် ဘုရင်စနစ်အောက်မှာ ရှိစဉ် ၁၉ ရာစု အလယ်ကတည်းက ဗြိတိန်ကို ပညာတော်သင် စေလွှတ်ခဲ့ရတဲ့ မြန်မာ့ပညာရေးဟာ ၂၁ ရာစု နွေဦးခေတ်မှာလည်း ဗြိတိန်ပညာရေးကို တန်ဖိုးထားနေရဆဲ ဖြစ်ပါတယ်။
တခါ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာစာကို အဓိကဘာသာအဖြစ် စာသင်ကျောင်းတွေမှာ သင်ဖို့ ဦးနုလက်ထက်ကစလို့ ကြိုးပမ်းခဲ့ရာမှာ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာတော့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်အဆင့်ထိ မြန်မာဘာသာနဲ့ သင်တဲ့အဆင့်ရောက်ရှိခဲ့ပြီး နိုင်ငံ တံခါးပိတ်စနစ်နဲ့ ဘာသာပြန်ဆိုမှု အားနည်းမှုတွေကြောင့် ၁၉၈၀ ပြည့်လွန်နှစ်တွေကျမှ အင်္ဂလိပ်ဘာသာနဲ့ ပြန်သင်တာတွေ ဖြစ်လာခဲ့ပါတယ်။
ဆေးပညာ၊ စက်မှု၊ စာရင်းအင်းနဲ့ အိုင်တီနည်းပညာလို သက်မွေးဝမ်းကျောင်းပညာတွေမှာလည်း အင်္ဂလိပ်ဘာသာနဲ့ သင်ကြားမှု၊ ဗြိတိသျှ စာမေးပွဲစနစ်တွေက မြန်မာပြည်မှာ ခုထိ သြဇာညောင်းဆဲ ဖြစ်ပါတယ်။ အမေရိကန်ပညာရေးလွှမ်းမိုးမှုရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မတူဘဲ မြန်မာပညာရေးဟာ တောင်အာရှ၊ မလေးရှား၊ စင်္ကာပူနဲ့ ဟောင်ကောင်စတဲ့ ဗြိတိသျှကိုလိုနီဟောင်းတွေလိုပဲ ဗြိတိသျှပညာရေးကို ကိုလိုနီလွန်အသွင်ဆောင်ထားတာ ဖြစ်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အီရတ်မှာ ဆီဖြည့်လေယာဉ် ပျက်ကျမှုအတွင်း သေဆုံးခဲ့တဲ့ စစ်သည်ခြောက်ဦးရဲ့ အမည်တွေကို အမေရိကန်စစ်တပ်က ထုတ်ပြန်လိုက်ပါပြီ။
KC-135 လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လေတပ်သားတွေကတော့ အယ်လာဘားမားက အသက် ၃၃ နှစ်အရွယ် ဂျွန် ကလင်နာ၊ ဝါရှင်တန်က အသက် ၃၁ နှစ်အရွယ် အရီယာနာ ဆာဗီနိုနဲ့ ကန်တပ်ကီက အသက် ၃၄ နှစ်အရွယ် အက်ရှ်လေ ပရူယစ်တို့ဖြစ်ကြပါတယ်။
သူတို့သုံးယောက်က လေတပ် စစ်သည်တွေဖြစ်ကြပါတယ်။
ဒါအပြင် အင်ဒီယားနားက အသက် ၃၈ နှစ်အရွယ် ဆက် ကိုဗယ်၊ အိုဟိုင်းယိုးက အသက် ၃၀ နှစ်အရွယ် ကာတစ် အန့်နဲ့ အိုဟိုင်းယိုးက အသက် ၂၈ နှစ်အရွယ် တိုင်လာ ဆင်မွန် တို့လည်းပါဝင်ကြပါတယ်။
သူတို့ သုံးယောက်ကတော့ အမျိုးသားအစောင့်တပ်ကဖြစ်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ရဲချုပ်ဟောင်းဖြစ်တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်ခင်ရီ ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းက စစ်တပ်ကလုပ်ပေးတဲ့ဒီမိုကရေစီအပြောင်းအလဲဟာ စစ်ဗိုလ်ချုပ်တွေလက်ထဲက မလွတ်သေးကြောင်း အကောင်းဆုံး သက်သေပဲ ဖြစ်ပါတယ်။
တန်ခိုးထွားလှတဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထိန်းသိမ်းခဲ့တဲ့ကာလတွေတုန်းက ရဲချုပ်လုပ်ခဲ့သူ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟာ ရှည်လျားတဲ့နိုင်ငံရေးခရီးကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ အငြင်းပွားဖွယ်ရာတွေလည်း အပြည့်နဲ့ပါ။
စွမ်းအားရှင်တွေနဲ့ပတ်သက်တယ်လို့ တံဆိပ်ကပ်ခံရသူ၊ ၂၀၂၁ အာဏာသိမ်းဖို့ တပ်ကို တိုက်တွန်းတဲ့ စကားမျိုးပြောခဲ့သူ ဦးခင်ရီဟာ နိုင်ငံမှာအာဏာအရှိဆုံး ငါးယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါပြီ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟော်မုဇ်ရေလက်ကြားစိုးမိုးရေးကို မကူညီရင် နေတိုးအဖွဲ့ရဲ့ အနာဂတ်အလားအလာ အရမ်းဆိုးရွား နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။
အမေရိကန်-အစ္စရေး နဲ့ အီရန် စစ်ပွဲကြောင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားတာပါ။
ဒီရေလက်ကြားဟာ ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံကို သယ်ယူပို့ဆောင်လမ်းကြောင်းဖြစ်လို့ ကမ္ဘာ့ရေနံဈေးအပေါ် သက်ရောက်မှုကြီးပါတယ်။
နောက်ပြီး ဒီရေလက်ကြားစိုးမိုးရေးအတွက် တရုတ်က အကူအညီပေးဖို့ မျှော်လင့်ထားပြီး မကူညီရင် တရုတ် သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံမယ့် ထိပ်သီးအစည်းအဝေးနှောင့်နှေးသွားနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဟော်မုဇ်ရေလက်ကြားမှာ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေ လုပ်ဖို့ တရုတ်အပါအဝင် နိုင်ငံ ၇ နိုင်ငံနဲ့ စကားပြောပြီးကြောင်း သူ့ရဲ့ ဝါရှင်တန်အပြန်ခရီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လီကျန်းကတော့ “ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံး စစ်ရေးလှုပ်ရှားမှုတွေ ချက်ချင်းရပ်စဲဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ပဋိပက္ခလျှော့ချရေးကိုပဲ ဦးစားပေးပါတယ်” လို့ ပြောထားပါတယ်။
ဥရောပနိုင်ငံတွေကတော့ ဟော်မုဇ်ရေလက်ကြားပြန်ပွင့်နိုင်ရေးကို ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။
အီရန်စစ်ပွဲ ဟာ အခုဆို သုံးပတ်နီးပါးရှိလာပါပြီ။ အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ အီရန်အနေနဲ့ အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ထားတာလည်း သုံးပတ်နီးပါးရှိလာပါပြီ။ ဒီရေလက်ကြားပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံစျေးဟာ ဒေါ်လာ ၁၁၀ ကျော်ထိတက်ခဲ့တာပါ။
အကယ်လို့ မတ်လကုန်အထိ ဟော်မုဇ်ရေလက်ကြားက ဆက်ပြီးပိတ်ဆို့ခံထားရရင် ရေနံဈေးတွေက ဒီထက်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG
အာဏာသိမ်းစစ်တပ်က နိုင်ငံတကာအသိအမှတ်ပြုမှုကို တနည်းမဟုတ် တနည်းနဲ့ ရယူဖို့ ကြိုးစားနေတာကြောင့် သမားရိုးကျဖြစ်ရပ်လို့ မယူဆဘဲ တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူးလိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ယာယီသမ္မတဒူဝါလရှီးလ ကပြောပါတယ်။
ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းအပြီး ၅ နှစ်အကြာ ဒီကနေ့ ပြည်သူ့လွှတ်တော် ခေါ်ယူချိန်မှာ CRPH ကလည်း ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးဒီကနေ့ကျင်းပခဲ့တာပါ။
ဒါအပြင် တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင်ပုံဖော်ကြဖို့အတွက် ယာယီသမ္မတ က တိုက်တွန်းထားပါတယ်။
NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က “အကြမ်းဖက် စစ်ကော်မရှင်ဟာ၊ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး အတုအယောင်လွှတ်တော်ကို ဖန်တီးဖို့ လုပ်နေပါတယ်။ အတုအယောင်ရွေးကောက်ပွဲကနေ အတုအယောင်ကိုယ်စားပြုမှုတွေနဲ့ ပြည်သူ့ကို မျက်လှည့်ပြဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ စစ်ကော်မရှင်ဟာ၊ နိုင်ငံတကာမှာ ရေပန်းစားတဲ့ စကားလုံးတွေကို “ထည်၊ လဲ” သုံးစွဲဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် အာဏာသိမ်းစစ်ကော်မရှင် ဟာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုကို တနည်းမဟုတ် တနည်း ရယူဖို့ ကြိုးစားနေတဲ့ လမ်းစတွေ တွေ့လာရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဖြစ်ရပ်လို့ မယူဆဘဲ၊ လေးလေးနက်နက် တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူး လိုပါတယ်” လို့ ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့် ကလည်း ''ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဆန္ဒကို အခြေမခံတဲ့ စစ်အာဏာသိမ်းမှုကို မတားဆီးနိုင်တဲ့ ဘယ်လို နိုင်ငံရေးအစီအမံကိုမျှ လက်မခံသလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အာမခံချက်ရှိတဲ့ နိုင်ငံရေးစနစ်ကို ထူထောင်တည်ဆောက်သွားနိုင်ရေးအတွက် တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ဆက်လက်လက်တွဲကြိုးပမ်းသွားမှာ ဖြစ်ပါတယ်'' လို့ ပြောကြားပါတယ်။
လွှတ်တော်တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် ၂၈၃ ဦး ထဲက ၁၈၂ ဦး တက်ရောက်ခဲ့တာကြောင့် လွှတ်တော်အထမြောက်တယ်လို့ ဆိုပါတယ်။
နဝမအကြိမ်မြောက်ပြည်ထောင်စုလွှတ်တော်ကို NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အစိုးရအဖွဲ့ဝင်တွေ၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ရဲ့ ပူးတွဲဥက္ကဌ ချားစ် ဆန်တီရေဂို၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ နိုင်ငံတကာ သံရုံးကိုယ်စားလှယ်တွေ၊ ဖက်ဒရယ်ယူနစ်၊ နိုင်ငံရေးပါတီတွေ၊ တော်လှန်ရေးအင်အားစုတွေ တက်ရောက်ခဲ့ပါတယ်။
အကယ်လို့သာ အော်စကာမှာ အကောင်းဆုံးဝတ်စားဆင်ယင်မှုဆု ချီးမြှင့်မယ်ဆိုရင် အတော် ခေါင်းခဲရမယ့် ဆုဖြစ်မှာပါ။
ဟောလိဝုဒ် ရဲ့ အကျော်အကြားဆုံး အကျော်အမော်တွေ တက်ကြတဲ့ဒီပွဲရဲ့ အနီရောင်ကော်ဇောထက်မှာ ထူးခြားတဲ့ ဖက်ရှင်တွေကို ပြသခဲ့ကြတာပါ။
အဲဒီအထဲ ‘One Battle After Another’ ရုပ်ရှင်ဇာတ်ကားသရုပ်ဆောင် ချေ့စ် အင်ဖန်နတီ ပါဝင်ပါတယ်။ သူ့ကိုယ်သူ အဓိက မင်းသမီး ၊ ဒီနှစ်ရဲ့ စံပြဖက်ရှင် လို့ ပြောပါတယ်။ သူဝတ်ထားတာကတော့ Louis Vuitton ရဲ့ သီးသန့်ချုပ်လုပ်ထားတဲ့ လာဗင်ဒါအရောင် ဂါဝန် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty
‘If I Had Legs I’d Kick You’ ရုပ်ရှင်ဇာတ်ကားနဲ့ ဆန်ခါတင်ခံထားရတဲ့ ရို့စ် ဗန်းကတော့ ပန်းလေးတွေ နဲ့ ချယ်လှယ်ထားတဲ့ Dior အမဲရောင် အဝတ်အစားကို ဝတ်ဆင်လာတာပါ။
Hamnet ရုပ်ရှင် နဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အော်စကာဆု ကို သိမ်းယူခဲ့တဲ့ ဂျက်စီ ဘက်ကလေ ကတော့ သူဝတ်နေကျ အရောင်တွေ ကနေ ခွဲထွက်ပြီး အနီရောင် နဲ့ ပန်းရောင် ဝတ်စုံကို ဝတ်ဆင်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
One Battle After Another ဇာတ်ကား သရုပ်ဆောင် လီယိုနာဒိုက ပုံမှန် အနက်ရောင် အနောက်တိုင်းဝတ်စုံ ကို ရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။ အမျိုးသားဇာတ်ဆောင်ဆုအတွက် Marty Supreme ဇာတ်ကားနဲ့ ရေပန်းစားခဲ့တဲ့ တီမိုသီ ချာလ်မက် ကတော့ အဖြူရောင် ဝတ်စုံကို ရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို Sinners ရုပ်ရှင်နဲ့ ဆွတ်ခူးခဲ့တဲ့ မိုက်ကယ် ဘီ ဂျော်ဒန်ရဲ့ ပွဲတက်ဝတ်စုံဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

အင်အားကြီးမြန်မာစစ်တပ်ကို နိုင်ပွဲတွေရယူခဲ့တဲ့ မြောက်ပိုင်းညီနောင်နှစ်ဖွဲ့တိုက်ပွဲဖြစ်တာက တိုင်းရင်းသားလက်နက်ကိုင်တွေအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။
၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်ဖွဲ့ခဲ့ကြတဲ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA) တို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့မှာ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ တရုတ်ရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်းကလည်း နေပြည်တော်ကိုရောက်နေပြီး စစ်ကော်မရှင် ဝန်ကြီးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တွေ့ဆုံဆွေးနွေးတာတွေလုပ်နေပါတယ်။
တရုတ်ဩဇာမကင်းတဲ့ ကိုးကန့်တပ်အနေနဲ့ မဟာမိတ်အချင်းချင်း ထိုးစစ်တွေပြန်ဖော်တာက တရုတ်ဘက်က မီးစိမ်းပြလို့လား၊ ဒါမှမဟုတ်တရုတ်ကပဲ မကြာခင်ကြားဝင်တားမလားဆိုတာ မကြာခင်အဖြေပေါ်လိမ့်မယ်လို့ အကဲခတ်တွေကသုံးသပ်ပါတယ်။
အပြည့်အစုံကို ဒီလင်ခ့် မှာ ဖတ်ရှုနိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, စစ်ကော်မရှင်
တရားမဝင် ဝင်ရောက်နေတဲ့ တရုတ်နိုင်ငံသား ၆၅ ဦးအပါအဝင် အခြားနိုင်ငံသား ၄ ဦး စုစုပေါင်း ၆၉ ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီးက တောအုပ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က မတ်လ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံသား အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၂ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မလေးရှားနိုင်ငံသူ ၁ ဦး၊ ရုရှားနိုင်ငံသူ ၁ ဦး၊ လာအိုနိုင်ငံသူ ၁ ဦး၊ စုစုပေါင်း ၆၉ ဦး ကို ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို မြဝတီမြို့မှာ ထိန်းသိမ်းထားရှိပြီး လိုအပ်တဲ့အချက်အလက်၊ မှတ်တမ်းတွေကို စိစစ်နေပြီး သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးမယ်လို့ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဘာကြောင့်တရားမဝင် ဝင်ရောက်လာတယ်ဆိုတာကို စစ်ကော်မရှင်ထုတ်ပြန်ချက်ထဲ ထည့်သွင်း ဖော်ပြတာမရှိဘဲ အွန်လိုင်းငွေလိမ်လုပ်ငန်း (Online Scams) နဲ့ လောင်းကစားလုပ်ငန်တွေကို အိမ်နီးနားချင်းနိုင်ငံတွေနဲ့ပူးပေါင်းနှိမ်နင်းနေတယ်လို့သာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကလည်း မဲထော်သလေးကျေးရွာအနီးက အဆောက်အဦတွေနဲ့ နေအိမ်တွေမှာ တရားမဝင် ပြည်ပနိုင်ငံသား ၈၆ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုးကန့်တပ်- MNDAA က မူဆယ်-နမ့်ခမ်းလမ်းပေါ်က စယ်လန့်ရွာမှာ အင်အား ၃၀၀ နီးပါး နဲ့ ရောက်လာပြီလို့ တအာင်းတပ် -TNLA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။
“နမ့်ခမ်းမြို့နဲ့ ၁၂ မိုင်အကွာက ၁၂ မိုင်ကုန်းကိုလည်း ဒီမနက်မှာပဲ ဒရုန်းအားပြုပြီးတော့ သိမ်းသွားတယ်လို့ ကြားသိရပါတယ်။ မူဆယ်ကနေ နမ့်ခမ်းလမ်းပိုင်း တအာင်းတပ်- TNLA ရော ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP ရော ထိန်းထားတဲ့ စယ်လန့်ကျေးရွာ မှာ ကိုးကန့်တပ်ဘက်က ၁၀၅ မိုင် တောလမ်းကနေ အယောက် ၃၀၀ လောက် ရောက်တယ်” လို့ သူက ပြောပါတယ်။
ဒီရွာဟာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နဲ့ ၁၃ မိုင်ကျော် အကွာအဝေးမှာရှိပါတယ်။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ နဲ့ နမ့်ခမ်းကြားက တအာင်းတပ် TNLA စခန်းရှိရာ ၁၂ မိုင်ရွာကို လည်း MNDAA က ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
မတ်လ ၁၄ ရက်ကစတင်ခဲ့တဲ့ MNDAA ရဲ့ ထိုးစစ်ဟာ ကွတ်ခိုင်မြို့ကနေ နမ့်ခမ်းမြို့အထိ ရည်ရွယ်ထားတယ်လို့ ကိုးကန့်သတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
အခုဆို MNDAA က ပြည်ထောင်စုလမ်းပိုင်းတလျှောက် ကွတ်ခိုင်မြို့ကနေ မူဆယ်တလျှောက်က တအာင်းတပ် TNLA ကိုဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
သီပေါကနေ မြန်မာ-တရုတ် ကုန်သွယ်ရေးဇုန် ကျင်စန်းကျော့ အထိ MNDAA က နေရာယူထားလိုက်တဲ့ သဘောဖြစ်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ အလံတွေ လွှင့်တင်ထားတဲ့ မူဆယ်အပါအဝင် မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေမှာလည်း တအာင်းအမျိုးသားအလံတွေကို MNDAA က ဖြုတ်ချလိုက်ပြီလို့ သိရပါတယ်။
“ ၁၀၅ မိုင် နဲ့ ကျင်စန်းကျော့ကုန်သွယ်ရေးဇုန်ထဲက TNLA တပ်ဖွဲ့ဝင်တွေကို တချို့ဖမ်းဆီးတယ်၊ တချို့ စခန်းသိမ်းလိုက်တယ်။ အုပ်ချုပ်ရေးအပိုင်းရော၊ အကောက်အခွန်ဌာနရောအကုန်လုံးကို အင်အားနဲ့ ဖမ်းဆီးထားတယ် ” လို့ TNLA နဲ့ နီးစပ်သူကပြောပါတယ်။
ဒီကနေ့ မတ် ၁၆ ရက် မနက်ပိုင်း၊ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ကျင်းပခဲ့ ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ က ရွေးချယ်ခံရပြီး ကတိသစ္စာပြုလိုက်ပြီဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လွှတ်တော်စဖို့ ပြင်နေချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ၅ နှစ်အကြာမှာ စစ်တပ်က ရွေးကောက်ပွဲလုပ်ပြီး အခု လွှတ်တော်ကို ခေါ်ယူလာတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ တင်မြှောက်ခံရလို့ အာဏာရပါတီဥက္ကဋ္ဌဟာ သမ္မတဖြစ်ခွင့်နဲ့ လွဲချော်သွားပြီဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ လက်ရှိစစ်ကော်မရှင်ဝန်ကြီးချုပ် ဦးညိုစောအပါအဝင် အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ ဒါဇင်ကျော်ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သုံးဦး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ USDP က သူရဦးရွှေမန်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က ဦးဝင်းမြင့်တို့ တာဝန်ထမ်းခဲ့ပါတယ်။ ဦးဝင်းမြင့် သမ္မတဖြစ်သွားတဲ့အခါ ဦးတီခွန်မြတ်က ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် လက်ရှိပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဖြစ်လာပါတယ်။


စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို ဆက်ခံမယ့်သူအဖြစ် ရေပန်းစားလာပါတယ်။
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေကပဲ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
အစိုးရသစ်ဖွဲ့ဖို့ ရက်သတ္တပတ်အနည်းငယ်သာလိုတော့တဲ့အချိန်မှာ တပ်တွင်းက ထိပ်တန်း ရာထူးအပြောင်းအရွှေ့တွေဖြစ်ပေါ်ခဲ့ပြီး တပ်ရဲ့ထောက်လှမ်းရေးအကြီးအကဲတစ်ဦး ပထမဆုံးအကြိမ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာတာပါ။
မြန်မာ့တပ်မတော်မှာ ၁၅ နှစ်အတွင်း တပ်ချုပ်ရာထူးအပြောင်းအလဲကို စမြင်ရဖို့ အလားအလာများနေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူအယုံကြည်ရဆုံးလူကို တပ်ချုပ်နေရာမှာ ချန်ရစ်ပြီး တပ်ကို ဆက်လက်သြဇာလွှမ်းမိုးထားဖို့ ရည်ရွယ်တာ ထင်ရှားပါတယ်။
ဗိုလ်သင်တန်း အပတ်စဥ် ၇၇ ဆင်းဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးသာ တပ်ချုပ်ဖြစ်လာရင် စစ်တက္ကသိုလ် DSA ဆင်းမဟုတ်တဲ့ တပ်ချုပ်တစ်ဦး ထပ်ပေါ်လာမှာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ OTS ကနေ တပ်ချုပ်ဖြစ်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာဆက်ပြီးဖတ်ရှု နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘ့ာရုပ်ရှင်လောကရဲ့ ဂုဏ်သိက္ခာအကြီးဆုံး အော်စကာဆုပေးပွဲကြီးရဲ့ ၉၈ ကြိမ်မြောက် အော်စကာဆုပေးပွဲကို လောစ့်အိန်ဂျလိစ်မြို့ ဟောလီးဝုဒ်က ဒိုလ်ဘီ (Dolby Theatre) ဇာတ်ရုံကြီးမှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။
၂၀၂၅ အတွင်း ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေထဲက အကောင်းဆုံးရုပ်ရှင်တွေနဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
အမျိုးသား၊ အမျိုးသမီး အကောင်းဆုံးသရုပ်ဆောင် အော်စကာဆုတွေကို Michael B Jordan နဲ့ Jessie Buckley တို့ဆွတ်ခူးခဲ့ကြပါတယ်။
Michael B Jordan က သွေးစုပ်ဖုတ်ကောင် ဇာတ်ကား Sinners နဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင် အော်စကာဆုကို အရယူခဲ့ပြီး Jessie Buckley ကတော့ Hamnet ရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသမီးဆုကို ရရှိခဲ့တာပါ။
အော်စကာဆုပေးပွဲသမိုင်းတလျှောက်မှာ Sinners ရုပ်ရှင်လို ခြောက်ခြားဖွယ်ကောင်းတဲ့ ဇာတ်ကားအမျိုးအစားတွေ ကို ရှားရှားပါးပါး အသိမှတ်ပြု၊ ဆုချီးမြှင့်ခံရတာလည်း ဖြစ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ မိခင်လည်းဖြစ်တဲ့ Jessie Buckley က စင်မြင့်ထက် အော်စကာဆု တက်ယူချိန် သူရရှိတဲ့ဆုဟာ ကသောင်းကနင်းနိုင်တဲ့ အမေတွေရဲ့ နှလုံးသား ကို ရည်ရွယ်တယ်လို့ ဆိုပါတယ်။
“ဒီနေ့က ဗြိတိန်မှာ အမေများနေ့ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဆုဟာ ကသောင်းကနင်းနဲ့ လှပသိမ့်မွေ့လှတဲ့ အမေတွေရဲ့ နှလုံးသား အတွက် ရည်ရွယ်ပါတယ်” လို့ သူက ပြောပါတယ်။
“ကျွန်မတို့တွေက မဖြစ်နိုင်တဲ့အရာတွေကို အံတုပြတဲ့ အမျိုးသမီးတွေကနေ မွေးဖွားလာကြတာပါ။ ကျွန်မကို ဒီနေရာမှာ သရုပ်ဆောင်ခွင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်'' လို့ သူက ဆိုပါတယ်။
ဒါရိုက်တာ Paul Thomas Anderson က တော့ One Battle After Another ရုပ်ရှင် နဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ One Battle After Another ရုပ်ရှင်က အကောင်းဆုံး ဓာတ်ပုံဆုအပါအဝင် တခြားသောဆုတွေ ၆ ခုကို ဆွတ်ခူးခဲ့ပြီး Sinners ၊ Frankenstein နဲ့ Kpop Demon Hunters ရုပ်ရှင်တွေထက်ကို ကျော်လွန်ပြီး ဆုတွေ သိမ်းပိုက်ခဲ့တာပါ။
အခုနှစ်အော်စကာဆုပေးပွဲမှာတော့ အကောင်းဆုံးသရုပ်ဆောင်ရွေးချယ်မှုဆု ဆိုပြီး ပထမဆုံးအကြိမ်ပါဝင်လာပါတယ်။ သရုပ်ဆောင်နဲ့ ဇာတ်ကားလိုက်ဖက်မှု၊ အံဝင်ခွင်ကျ ဖြစ်မှုကို ဆုချီးမြှင့်တာပါ။

ဓာတ်ပုံ ရင်းမြစ်, Phyo Hein Kyaw / BBC
ဒီကနေ့ မတ် ၁၆ ရက် မနက်ပိုင်း၊ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးစတင်ကျင်းပမှာဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ရွေးချယ်ခံရနိုင်တယ်လို့ အနိုင်ရအမတ်တချို့ဆီက သိရှိရပါတယ်။
လွှတ်တော်အစည်းအဝေးကို သဘာပတိတစ်ဦးကစတင်ကျင်းပပေးမှာဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဒုတိယဥက္ကဋ္ဌတွေကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လွှတ်တော်စဖို့ ပြင်နေချိန်မှာ စစ်တပ် က အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ စစ်တပ် က ရွေးကောက်ပွဲလုပ်ပြီး အခုလို လွှတ်တော်ခေါ်ယူလာတာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီရေပန်းစားနေသလို ဒုတိယဥက္ကဋ္ဌကတော့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းဖြစ်လာလိမ့်မယ် လို့ အမတ်တွေက ခန့်မှန်းကြပါတယ်။
ပြည်သူ့လွှတ်တော်မှာ လက်ရှိစစ်ကော်မရှင်ဝန်ကြီးချုပ် ဦးညိုစောအပါအဝင် အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ ဒါဇင်ကျော်ရှိနေပါတယ်။
ပြည်သူ့လွှတ်တော်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ သာတင်မြှောက်ခံရရင် အာဏာရပါတီဥက္ကဋ္ဌဟာ သမ္မတဖြစ်ခွင့်နဲ့ လွဲချော်မှာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သုံးဦး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ USDP က သူရဦးရွှေမန်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က ဦးဝင်းမြင့်တို့ တာဝန်ထမ်းခဲ့ပါတယ်။ ဦးဝင်းမြင့် သမ္မတဖြစ်သွားတဲ့အခါ ဦးတီခွန်မြတ်က ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။
မင်္ဂလာပါ။ မတ် ၁၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။