ကွတ်ခိုင် - မဟာမိတ်မှ တိုက်ပွဲသို့

အင်အားကြီးမြန်မာစစ်တပ်ကို နိုင်ပွဲတွေရယူခဲ့တဲ့ မြောက်ပိုင်းညီနောင်နှစ်ဖွဲ့တိုက်ပွဲဖြစ်တာက တိုင်းရင်းသားလက်နက်ကိုင်တွေအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။
၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်ဖွဲ့ခဲ့ကြတဲ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA) တို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့မှာ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ တရုတ်ရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်းကလည်း နေပြည်တော်ကိုရောက်နေပြီး စစ်ကော်မရှင် ဝန်ကြီးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တွေ့ဆုံဆွေးနွေးတာတွေလုပ်နေပါတယ်။
တရုတ်ဩဇာမကင်းတဲ့ ကိုးကန့်တပ်အနေနဲ့ မဟာမိတ်အချင်းချင်း ထိုးစစ်တွေပြန်ဖော်တာက တရုတ်ဘက်က မီးစိမ်းပြလို့လား၊ ဒါမှမဟုတ်တရုတ်ကပဲ မကြာခင်ကြားဝင်တားမလားဆိုတာ မကြာခင်အဖြေပေါ်လိမ့်မယ်လို့ အကဲခတ်တွေကသုံးသပ်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်အရေးအခင်း

ဓာတ်ပုံ ရင်းမြစ်, PSLF/ TNLA
မတ် ၁၄ ရက်နေ့ မဟာမိတ် ၂ တပ်ကြား တိုက်ပွဲဖြစ်ရတာဟာ TNLA အနေနဲ့ ကိုးကန့်တပ်ရဲ့ ပုံမှန်ကင်းလှည့်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တန်ပြန်ခုခံတိုက်ခိုက်ရတာလို့ ကိုးကန့်သတင်းကွန်ရက်ကနေ တိုက်ပွဲဖြစ်တဲ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
နောက်ဆက်တွဲပြဿနာတွေကိုလည်း တအာင်းအဖွဲ့အစည်းကပဲ အပြည့်အဝတာဝန်ယူရမယ်လို့လည်း ကိုးကန့်က ပြောပါတယ်။
ကိုးကန့်တပ်နဲ့ TNLA တို့ရဲ့ နှစ်ဖက်တပ် ပဋိပက္ခဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်တုန်းက ကွတ်ခိုင်မြို့ပေါ်မှာ ကိုးကန့်တပ်က စောင့်ကြည့်ကင်မရာတွေ တပ်ဆင်တာလုပ်ခဲ့တာကို TNLA က အင်အားသုံးကန့်ကွက်ခဲ့ရာကနေ ကိုးကန့်တပ်ဖွဲ့ဝင်တချို့ ထိုးကြိတ်ခံရပြီး နှစ်ဖက်တပ် တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖေဖော်ဝါရီ ၁၃ ရက်မှာပဲ TNLA က MNDAA ရဲ့ ကွတ်ခိုင်ခရိုင်ရဲ့ အုပ်ချုပ်ရေးဌာနအဆင့်ဆင့်ကို အကြမ်းဖက်ဝင်ရောက်တာ၊ သေနတ်ဖောက်ခြိမ်းခြောက်တာနဲ့ တပ်ဖွဲ့ဝင်တွေကို ရိုက်နှက်တာတွေလုပ်ခဲ့တယ်လို့ ကိုးကန့်တပ်ရဲ့ မတ် ၁၄ ရက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်မှာလည်း ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ သိန္နီခရိုင်ထဲကို TNLA ဘက်က တပ်ဖွဲ့ဝင်တွေလွှတ်ပြီး နယ်မြေလုဖို့ ရည်ရွယ်ခဲ့တယ်လို့ ကိုးကန့်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားတာပါ။
ဖေဖော်ဝါရီ ၂၁ ရက်မှာတော့ ကိုးကန့်တပ်က TNLA ဘက်ကို ဖေဖော်ဝါရီ ၁၃ ရက်က ဖြစ်ခဲ့တဲ့ ကွတ်ခိုင်အရေးနဲ့ပတ်သက်ပြီး "ရပ်တည်ချက်နဲ့ သဘောထားများအား အကြောင်းကြားခြင်း"ဆိုတဲ့ စာတစ်စောင်ပို့ခဲ့တယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။
သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ကိုးကန့်ဘက်က ပဋိပက္ခတွေမဖြစ်ခင်အချိန်တုန်းကအတိုင်း ကွတ်ခိုင်မှာ နယ်မြေအပိုင်းလိုက်ခွဲပြီး အုပ်ချုပ်ခဲ့တဲ့ပုံစံအတိုင်း ပြန်နေကြပြီး TNLA နဲ့ ဆက်ဆွေးနွေးမယ်လို့ စာထဲကနေ သတင်းပါးခဲ့တဲ့အကြောင်း သိရပါတယ်။
အဲဒီစာထဲမှာလည်း ကိုးကန့်ထိန်းချုပ်ထားတဲ့ သိန္နီခရိုင်၊ မိုင်းပါးမြို့နယ် ကွမ်းရင်အုပ်စုထဲကို TNLA က လူအင်အား ၂၀၀ ကျော်နဲ့ အတင်းဝင်ရောက်ဖို့ရည်ရွယ်ခဲ့တယ်ဆိုပြီး ရေးသားထားတယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
သိန္နီခရိုင်မှာ ဆောက်နေတဲ့ တရုတ်စီမံကိန်း ရေအားလျှပ်စစ်စက်ရုံကို လုဖို့ရည်ရွယ်တာတွေကိုလည်း စာထဲမှာဖော်ပြထားတဲ့အကြောင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
TNLA ထောက်ခံသူတွေကတော့ ကိုးကန့်တပ်ဘက်က စတင်ထိုးစစ်ဆင်ခဲ့တာလို့ ပြောကြပါတယ်။
ကွတ်ခိုင်မြို့ကို တအာင်းတပ်(TNLA) က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီအစောပိုင်းမှာ ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
အလားတူ ကိုးကန့်တပ်(MNDAA) ကလည်း ကွတ်ခိုင်မြို့ကို သူ့ရဲ့ အထူးဒေသ ၁ ထဲမှာ ထည့်သွင်းထားပြီး မြို့ရဲ့ နေရာအစိတ်အပိုင်းတချို့မှာ အုပ်ချုပ်ရေးလည်ပတ်နေတာဖြစ်ပါတယ်။
ကွတ်ခိုင်ရဲ့ မြို့ပြင်နေရာတချို့မှာလည်း ကချင်လွတ်လပ်ရေးတပ်(KIA) ရဲ့ တပ်ဖွဲ့ဝင်တွေ အခြေချတပ်စွဲထားတာတွေ ရှိနေပါတယ်။
ဒါပေမဲ့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ကွတ်ခိုင်က မဟာမိတ် တပ် ၂ တပ်တိုက်ပွဲမှာ KIA က စစ်ရေးအရ ဝင်ပါတာမျိုးမရှိဘူးလို့ ဘီဘီစီကို မတ် ၁၄ ရက်မှာ ဖြေကြားထားပါတယ်။
တိုက်ပွဲအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, CJ
တိုက်ပွဲမဖြစ်ခင် ရက်ပိုင်းအလိုတည်းက ကိုးကန့်တပ်နဲ့ TNLA နှစ်ဖက်တပ်တွေဟာ ကွတ်ခိုင်တကြောမှာ စစ်အင်အားတွေ ဖြန့်ကြက်ထားခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်က အစောပိုင်းကတည်းက ပြောထားတာပါ။
"ကွတ်ခိုင်မြို့ထဲမှာ TNLA တွေက စစ်အင်အားတိုးထားပြီး မြို့ပြင်မှာတော့ ကိုးကန့်တပ်တွေက အင်အားဖြည့်နေတာ" လို့ သူက ပြောခဲ့ပါတယ်။
အပြန်အလှန်စစ်အင်အားတိုးချဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ကိုးကန့်တပ်က ကွတ်ခိုင်မြို့နယ်ထဲမှာ စစ်ကြောင်း ၄ ကြောင်းခွဲပြီး TNLA ကို ထိုးစစ်စတင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"ရှုခင်းသာရော ပန်းခြံဘက်ကနေရော လွယ်ခန်ရွာဘက်ကနေပါ စစ်ကြောင်းတွေ တက်လာတာ။ စစ်ကြောင်း ၄ ကြောင်းတောင်ဆိုတော့ TNLA အငိုက်မိသလိုဖြစ်နေတာပေါ့။၊ မြို့ထဲက TNLA တပ်ဖွဲ့ဝင်တွေဆိုလည်း ပိတ်မိနေတဲ့အခြေအနေ"လို့ သူက ရှင်းပြပါတယ်။
တစ်ဖက်မှာလည်း ကွတ်ခိုင်မြို့အစွန်ဘက် ရဲစခန်းနားက TNLA အထိုင်ချထားတဲ့ ဗျူဟာကုန်းကိုလည်း ကိုးကန့်တပ်တွေကသိမ်းဖို့ ထိုးစစ်ဆက်ဖော်နေတယ်လို့ သူက ဆက်ပြောပါတယ်။
"စစ်တပ်လက်ထက်ကတည်းက ထိုင်ခဲ့တဲ့ ဗျူဟာကုန်းပေါ့။ အခုက TNLA တွေထိုင်နေတာ။ ကိုးကန့်တပ်က ဒီကုန်းကိုရဖို့ လုပ်နေတယ်" လို့ သူက ဖြည့်ပြောပါတယ်။
နမ့်ဖတ်ကာမှာလည်း TNLA ရဲ့ အုပ်ချုပ်ရေးရုံးကို ကိုးကန့်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး ရုံးအနားက အရပ်သားနေအိမ်အပေါ် ဗုံးကျည်ကျလို့ အရပ်သား ၁ ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ နမ့်ဖတ်ကာဘက်က သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့နေ့လယ်ပိုင်းကတည်းက ကွတ်ခိုင်မြို့ထဲအထိ တိုက်ပွဲရောက်လာပြီလို့ မြေပြင်သတင်းရင်းမြစ်နဲ့ ဒေသခံတချို့က အတည်ပြုပါတယ်။
"မြို့ထဲမှာ အခြေအနေတော်တော်ဆိုးနေပြီ။ တိုက်ပွဲက ကွတ်ခိုင်မြို့လယ်ထဲက မီးပွိုင့်အထိ ရောက်လာပြီ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း ကွတ်ခိုင်မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပူးပေါင်းသိမ်းထားတဲ့ မူဆယ် ၁၀၅ မိုင်နားတဝိုက်က TNLA စခန်းတချို့ကိုလည်း ကိုးကန့်တပ်က ဝင်စီးထားပြီး TNLA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးထားတယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲက "တာမိုးညဲ၊ ၁၀၅ မိုင်ဘက်ရယ် ကျင်စန်းကျော့ဘက် အဲဒီနေရာတွေက စခန်းငယ်တချို့ကို ဝင်စီးထားတယ်"ဆိုပြီး သူက ဆက်ပြောပါတယ်။
ကိုးကန့်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ကိုးကန့်တပ်က စစ်ရေးအရ ကွတ်ခိုင်မြို့ကို သိမ်းဖို့အထိပါ ရည်ရွယ်ပြီး တိုက်နေတာလို့ ဒီနေ့ မတ်လ ၁၄ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြောပါတယ်။
ကွတ်ခိုင်က စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဘီဘီစီက TNLA ပြန်ကြားရေးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မတ် ၁၄ ရက် ညပိုင်းအထိ ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ကတော့ မဟာမိတ်တပ် ၂ တပ်အနေနဲ့ လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။
တစ်ဖက်မှာလည်း တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်ရောက်နေချိန်မှာပဲ ကွတ်ခိုင်မှာ ကိုးကန့်တပ်က TNLA ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒါကြောင့် တရုတ်ဩဇာညောင်းတဲ့ ကိုးကန့်တပ်ရဲ့ စစ်ရေးဖော်ဆောင်မှုကို တရုတ်ဘက်ကများ မီးစိမ်းပြလိုက်လားဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်လာပါတယ်။
မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းကတော့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုမရှိသလောက်ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
"မြောက်ပိုင်းညီနောင်သုံးဖွဲ့က စစ်ရေးရည်မှန်းချက်အတွက်ပဲ လုပ်ထားတာဆိုတော့ ရည်မှန်းချက်ကတိုတယ်။ သဘောတူညီချက်တွေလည်း နည်းပါလိမ့်မယ်။ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အချင်းချင်းထိပ်တိုက်တွေ့ကြတာပဲပေါ့"လို့ သူက ကောက်ချက်ချပါတယ်။












