ဒေါ်အောင်ဆန်းစုကြည်လည်းတက်ခဲ့တယ်၊ နောင်ယူကေဝန်ကြီးချုပ်လည်း ဒီကျောင်းထွက်ပဲ ဖြစ်မယ်။

အောက်စဖို့ဒ်ထွက် နိုင်ငံခေါင်းဆောင် ဖြစ်လာသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သူတို့အားလုံးဟာ နိုင်ငံခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်။ အောက်စဖို့ဒ်ထွက်တွေအပြင် နောက်ခံ တူကြတာတွေလည်း အများကြီးပါ။
    • ရေးသားသူ, ယူရီဗင်းဒစ်
    • ရာထူးတာဝန်, ဘီဘီစီရုရှားဘာသာဌာန

အခု လောလောဆယ် ယူကေနိုင်ငံရေးမှာ အပြင်းထန်ဆုံး ပြိုင်ပွဲတစ်ခုရှိနေပါတယ်။ အဲဒါက ယူကေက အဓိက ပါတီကြီးဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာအတွက် ပြိုင်နေတာပါ။ အဲဒီနေရာရသူ၊ ခေါင်းဆောင်ဖြစ်လာသူဟာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ်သစ်လည်း ဖြစ်လာမှာပါ။ ဘယ်သူ အဲဒီနေရာ ရမယ်ဆိုတာ အခုအချိန်မှာ ယတိပြတ် ပြောလို့ မရသေးပေမယ့် ဒီပြိုင်ပွဲမှာ တကယ်တန်း အနိုင်ရသူကတော့ တစ်ဦးပဲ ရှိပါတယ်။ အဲဒါကတော့ အောက်စဖို့တက္ကသိုလ်ပါပဲ။

ဗြိတိန်နိုင်ငံရေးမှာ ထိပ်တန်း နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင် အားလုံးလိုလိုဟာ အောက်စဖို့ဒ်မှာ ပညာသင်ခဲ့ကြသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒါလည်း တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်ပါဘူး။

အခု လတ်တလော ပါတီခေါင်းဆောင် ဝန်ကြီးချုပ်နေရာအတွက် ပြိုင်နေကြသူတွေကို ကြည့်ပါ။ နောက်ဆုံး အဆင့်ကို ရောက်လာကြသူ လေးယောက်ထဲမှာ ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်ကလွဲလို့ ကျန်တဲ့ သုံးယောက်စလုံးက အောက်စဖို့ဒ်ထွက်တွေပါ။ အခုဆို နောက်ဆုံး နှစ်ယောက်ပဲ ကျန်တော့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ လန်ဒန်မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင်နဲ့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့် တို့ နှစ်ယောက်စလုံးက အောက်စဖို့ဒ်ထွက် ဆိုတော့ သူတို့ထဲက တစ်ယောက် ဝန်ကြီးချုပ်ဖြစ်လာမှာပါ။ ဒီတော့ အောက်စဖို့ဒ်က ဘွဲ့ရသူပဲ ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုတဲ့ သီဝရီ ဒီတစ်ကြိမ်လည်း ဆက်မှန်နေဦးမှာပါ။

အခု ပါတီခေါင်းဆောင်နေရာကို ဝင်ပြိုင်ကြတဲ့ ကနဦးပုဂ္ဂိုလ် ၁၁ ယောက်ထဲမှာဆို အောက်စဖို့ဒ်ထွက်က ရှစ်ယောက်တောင် ပါပါတယ်။ အဲဒီအထဲမှာ ငါးယောက်က သူတို့ သင်ခဲ့တဲ့ ဘာသာရပ်၊ ရတဲ့ဘွဲ့ တူကြပါတယ်။

ဒုတိယ ကမ္ဘာစစ်တုန်းက ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဆာဝင်စတန်ချာချီ ပြီးတဲ့နောက် ဝန်ကြီးချုပ် ဖြစ်လာသူ ၁၂ ယောက်မှာ ကိုးယောက်က အောက်စဖို့ဒ် တက်ခဲ့သူတွေပါ။

အနားယူတော့မယ့် လက်ရှိဝန်ကြီးချုပ် ထရီဆာမေဆိုလည်း သူ့ခင်ပွန်း ဖြစ်လာမယ့် ဖိလစ်ကို အဲဒီ အောက်စဖို့ဒ် တက္ကသိုလ်မှာပဲ ဆုံခဲ့တာပါ။ သူတို့နှစ်ယောက်ကို ကျောင်းမှာ မိတ်ဆက်ပေးခဲ့တဲ့သူကတော့ တခြားသူမဟုတ်ပါဘူး။ နောင်မှာ ကိုယ်တိုင် ပါကစ္စတန် ဝန်ကြီးချုပ် ဖြစ်လာသူ ဘနာဇီယာဘူတို ပါပဲ။

အောက်စဖို့ဒ်တက္ကသိုလ် စကားစစ်ထိုးပွဲအဖွဲ့

ကျောင်းသားတွေအကြားမှာပဲ နောင်ခေါင်းဆောင်ဖြစ်လာမယ့်သူဟာ ဒီ ဆွေးနွေးပွဲတွေမွာ နာမည်ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၈၂၃ ခုနှစ်ကတည်းက ဒီနေရာမှာ ဉာဏ်ကြီးရှင်တွေ စုဝေးငြင်းခုံ ဆွေးနွေးခဲ့ကြပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကျောင်းတက်ခဲ့တဲ့ မစ္စဘူတိုဟာ အဲဒီတုန်းက အောက်စဖို့ဒ်သမဂ္ဂရဲ့ တွဲဘက်ဥက္ကဌ ဖြစ်ပါတယ်။ အောက်စဖို့ဒ်သမဂ္ဂ ဆိုတာ နိုင်ငံမှာ နာမည်အကျော်ဆုံး၊ သိက္ခာအကြီးဆုံး စကားစစ်ထိုးကြတဲ့ ကလပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲဒီကလပ်ဟာ ဗြိတိသျှနဲ့ ကမ္ဘာ့နိုင်ငံရေးမှာ နာမည်ကျော်ပြီးသူတွေနဲ့ နာမည်ကျော်လာမယ့် လူတွေ ကျက်စားရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးမှာ နေရာတစ်ခုရဖို့ ရည်မှန်းချက် ကြီးသူတွေအတွက် ဒီကလပ်ဟာ မလွဲမသွေ ဝင်ရောက် လှုပ်ရှားကြရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ထရီဆာမေလည်း ဒီကလပ်ရဲ့ အမှုဆောင်ပါ။ နောင်ဝန်ကြီးချုပ် ဖြစ်လာဖို့ အများက ထင်ကြေးပေး ခံနေရသူ ဘောရစ်ဂျွန်ဆင်လည်း သမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်မှာ အဆင့်အတန်း၊ လူတန်းစား မညီမျှမှုနဲ့ နိုင်ငံရေး တို့အကြောင်း လေ့လာ သုတေသနပြုခဲ့သူ ပါမောက္ခ ဂျက်ဖရီ အီဗန်က နိုင်ငံရေးလမ်းကြောင်း ပွင့်ဖို့ အရေးဟာ အဆက်အသွယ် ဘယ်လောက် ကောင်းသလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်လို့ ဆိုပါတယ်။

"အောက်စဖို့ဒ်မှာ ကျောင်းတက်မယ်၊ ပြီးတော့ စကားစစ်ထိုးတဲ့ ကလပ်မှာ နာမည်ထွက်လာခဲ့မယ်ဆိုရင် ကိုယ့်အတွက် နိုင်ငံရေးသမား ဖြစ်လာဖို့ လိုအပ်တဲ့၊ သိသင့်တဲ့ လူတွေနဲ့ တွေ့ဆုံ သိကျွမ်းရတဲ့ အခွင့်အလမ်းတွေ ရသွားတာပါပဲ။"

အသံဖိုင် ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ပုံရိပ် အကြောင်း သူရဦးရွှေမန်းနဲ့ အင်တာဗျူး

ဒဿနိက၊ နိုင်ငံရေးနဲ့ စီးပွားရေးပညာ

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ကောလိပ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ကောလိပ်များ

၁၉၂၀ ခုနှစ်မှာတော့ အောက်စဖို့ဒ်တက္ကသိုလ်မှာ အင်္ဂလိပ်လို အတိုကောက် PPE လို့ခေါ်တဲ့ ဘာသာတွဲတစ်ခု စပြီး ပြဋ္ဌာန်း သင်ကြားလာပါတယ်။ အဲဒါကတော့ ဒဿနိက၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘာသာတွဲပါ။ သိပ်မကြာခင်မှာပဲ ဒီဘာသာတွဲဟာ အနာဂတ် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေကို မွေးထုတ်ပေးတဲ့ ဘာသာတွဲတစ်ခု အဖြစ် လူသိများ ထင်ရှားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း အဲဒီ PPE ဘာသာတွဲနဲ့ ဘွဲ့ရပြီး နိုင်ငံခေါင်းဆောင် ဖြစ်လာသူတွေကတော့ မှတ်သားမိသမျှ -

- ဗြိတိသျှဝန်ကြီးချုပ် သုံးဦး (ဟိသ်၊ ဝီလ်ဆင်နဲ့ ကင်မရွန်း)

- သြစတြေးလျ ဝန်ကြီးချုပ် သုံးဦး (အက်ဘော့၊ ဖရေဇာ၊ ဟော့က်)

- ပါကစ္စတန် ဝန်ကြီးချုပ် လေးယောက်နဲ့ သမ္မတ တစ်ယောက် (လီကွတ် အလီခန်၊ ဇူလ်ဖီကာ အလီ ဘူတို၊ ဘနာဇီယာ ဘူတို၊ အီမရန် ခန်နဲ့ ဖာရွတ် လီဂါရီ)

- ဂါနာ သမ္မတနှစ်ယောက် (ကိုဖီအဘရီဖာဘူရှာ၊ ဂျွန်ကူဖူအိုး)

- ထိုင်း ဝန်ကြီးချုပ် နှစ်ယောက် (ကူကရစ် ပရာမော့၊ အဖိစစ် ဝေ့ချာချီဝ)

- ပီရူး ဝန်ကြီးချုပ် တစ်ယောက် (ပက်ဒရို ပက်ဘလိုကူဇင်းစကီး)

- မြန်မာ့ နိုင်ငံတော်အတိုင်ပင်ခံ (ဒေါ်အောင်ဆန်းစုကြည်) တို့ဖြစ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆိုလည်း ၁၉၆၇ မှာ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟျူးကောလိပ်ကနေ PPE ဘာသာတွဲနဲ့ ဘီအေဘွဲ့ ရခဲ့ပါတယ်။ ၁၉၆၈ မှာတော့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်နဲ့ မဟာဝိဇ္ဇာ ရခဲ့ပါတယ်။

အခုစာရင်းဟာ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင် ဖြစ်လာသူကိုပဲ ဖော်ပြခဲ့တာပါ။ တခြား နယ်ပယ် အသီးသီးမှာ ထူးချွန်ထင်ရှား အောင်မြင်နေသူတွေ အများကြီး ရှိပါတယ်။

အခု လောလောဆယ်မှာတော့ ပါကစ္စတန်က အမျိုးသမီးတွေ ပညာသင်ကြားခွင့် ရရေး လှုံ့ဆော်လှုပ်ရှားခဲ့လို့ သေနတ်နဲ့ အပစ်ခံရပြီး နောက်ပိုင်း နိုဗယ်လ် ငြိမ်းချမ်းရေးဆု ရခဲ့သူ မာလာလာ ယူဆွပ် ဇိုင်းလည်း အောက်စဖို့ဒ်မှာ PPE ဘာသာတွဲကို သင်ယူနေပါတယ်။

အခွင့်အရေးရတဲ့ အထက်တန်းလွှာများ

ယူနီဖောင်း အပြည့်အစုံနဲ့ ပုဂ္ဂလိကကျောင်းက ကျောင်းသားလေးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုဂ္ဂလိက ကျောင်းတက်နိုင်သူတွေဟာ ငယ်စဉ်ကတည်းက ကွဲထွက်ခွဲထွက်နေခဲ့ကြပါတယ်။

အောက်စဖို့ဒ်ထွက်တွေ အတော်များများက နိုင်ငံရေး ထိပ်ပိုင်းနေရာတွေ ရလာတတ်တာဟာ သူတို့ကိုယ်တိုင် တက္ကသိုလ် ရောက်မလာခင်ကတည်းက ဒီလမ်းကြောင်းပေါ် ခြေချမိပြီးသားလို့တောင် ဆိုနိုင်ပါတယ်။

"နောက်ခံအကြောင်း မကောင်းသူတွေ၊ လိုအပ်တဲ့ အဆက်အသွယ် ရှိမထားသူတွေကို ပယ်ပစ်တဲ့ ပညာရေးစနစ်ရဲ့ ထိပ်ဆုံးမှာ အောက်စဖို့ဒ် တက္ကသိုလ်က ရှိနေတယ်" လို့ ပါမောက္ခ အီဗန်က ပြောပါတယ်။ "ဒီစနစ်က မသင့်တော်သူတွေကို မရွေးဘဲ ချန်ရစ်တာကို အစောကြီးကတည်းက ကျင့်သုံးတယ်။ နောက်လည်း အဆင့်တိုင်း အဲဒီလို လုပ်သွားခဲ့ပါတယ်။"

ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်ကြီးတစ်ခု အနေနဲ့ အတော်ဆုံး ကျောင်းသားတွေကိုပဲ ရွေးချယ် လက်ခံချင်တာ သဘာဝကျပါတယ်။ ဒါပေမယ့် ယူကေမှာက စျေးကြီးပေး တက်ရတဲ့ ပုဂ္ဂလိကကျောင်းမျိုးတွေကပဲ အတော်ဆုံး ကျောင်းသူ ကျောင်းသားတွေကို မွေးထုတ်ပေးနေတယ် ဆိုတာကလည်း အထင်အရှားပါပဲ။

အောက်စဖို့ဒ်တက္ကသိုလ်ကတော့ ဒီလို မညီမမျှ ဖြစ်နေတာတွေကို ပြုပြင်ဖို့ ပုဂ္ဂလိကကျောင်း မတက်နိုင်သူတွေနဲ့ အောင်မှတ်အဆင့် အမြင့်ဆုံး မရတဲ့ ကျောင်းသားတွေကိုလည်း အခုထက် ပိုတိုးပြီး လက်ခံသွားပါမယ်လို့ သိပ်မကြာခင်က ကတိပြုခဲ့ပါတယ်။

အောက်စဖို့ဒ်မတက်ရရင် ဘာဖြစ်မှာလဲ

နံပတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အောက်စဖို့ဒ်တက္ကသိုလ်ထွက်တွေ အများစုဟာ ဗြိတိသျှ နိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်လာတတ်ကြပါတယ်။

ပိုက်ဆံ မတတ်နိုင်သူ၊ ရွှေဇွန်းကိုက် မွေးမလာသူ၊ မိဘတွေက မတောင့်တင်းသူ၊ အဆက်အသွယ် မကောင်းသူတွေကတော့ ရုန်းကန်ရမှာပါပဲ။

ဗြိတိသျှ နိုင်ငံရေးမှာလည်း ရွေးကောက်ပွဲစနစ်က မဲအများဆုံးရသူ နိုင်ကြေး ဆိုတော့ အပြင်က ဝင်လာသူ တစ်ယောက်ဟာ နိုင်ငံရေးပါတီ အသစ်တစ်ခုကို ထောင်ရင်လည်း အစိုးရ ဖွဲ့နိုင်လောက်တဲ့ နေရာကို နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက် နိုင်ငံရေးမှာ နေရာရချင်သူဟာ ဗြိတိန်ရဲ့ အဓိက ပါတီကြီး နှစ်ခုအထဲက တစ်ခုကိုဝင်၊ ပြီးတော့ အဲဒီပါတီထဲက အောက်စဖို့ဒ်ထွက် အခွင့်အရေးသာ အထက်တန်းလွှာ အုပ်စုနဲ့ အပြိုင်အဆိုင် အနိုင်နွှဲဖို့ပဲ ရှိပါတယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုတာ မျှော်လင့်ချက် လုံးလုံးမဲ့တာတော့လည်း မဟုတ်ပြန်ပါဘူး။

မာဂရက် သက်ချာရော ထရီဆာမေ ပါ နောက်ပိုင်းမှာတော့ ထိပ်ဆုံး ရာထူးနေရာကို ရခဲ့ကြပါတယ်။ နှစ်ယောက်စလုံးဟာ ဘဝအစမှာ အခွင့်ထူးခံ အလွှာတွေက ဆင်းသက်သူတွေ မဟုတ်ခဲ့ကြပါဘူး။

ထရီဆာ မေဆိုလည်း ခရစ်ယာန် သာသနာ့ဝန်ထမ်း ဖခင်က မွေးဖွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ခဲ့တဲ့ အောက်စဖို့ဒ်က စိန့်ဟျူးကောလိပ်မှာပဲ တက်ခဲ့ပါတယ်။ သူကျောင်းတက်တုန်း မုန့်ဖိုးရအောင် စနေ၊ တနင်္ဂ်နွေနေ့တွေမှာ မုန့်ဆိုင် တစ်ဆိုင်မှာ ဝင်အလုပ် လုပ်ခဲ့ပါတယ်။

အခုနောက်ဆုံး ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်လောင်း ရွေးပွဲမှာ နောက်ဆုံး လေးယောက်အထိ ပါလာသူ ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျာဗစ် ကတော့ အောက်စဖို့ဒ်ထွက် မဟုတ်ပါဘူး။ သူ့အဖေက ပါကစ္စတန်က ရွှေ့ပြောင်းလာရောက် နေထိုင်သူ ဖြစ်ပြီး ယူကေကို ရောက်တော့ ဘတ်စကား မောင်းသူ အလုပ်ကို လုပ်ခဲ့ပါတယ်။ ဆာဂျစ်ကတော့ ဘဏ်လုပ်ငန်းဘက်မှာ အောင်မြင်ပြီးမှ နိုင်ငံရေးထဲ ဝင်လာပြီး ထိပ်ပိုင်းရာထူး ရလာသူ ဖြစ်ပါတယ်။

ယူကေမှာ ထိပ်ပိုင်း အာဏာရသူတွေဟာ နိုင်ငံထဲက တခြားလူ အများစုကြီးနဲ့တော့ နောက်ခံ ဘဝပေး အခြအနေတွေချင်း မတူကြပါဘူး။ ဒါပေမယ့်လည်း ထိပ်ဆုံး ရောက်သူတွေဟာ ပညာတတ်ကြ၊ ပညာရေး အခြေခံကောင်းကောင်း ရခဲ့သူတွေ ဆိုတာကိုတော့ မြင်သာပါတယ်။

အခုလိုပဲ တက္ကသိုလ်တစ်ခုက လူအများစုဟာ နိုင်ငံရေးမှာ ခေါင်းဆောင်ပိုင်းနေရာ ရကြတာ၊ နိုင်ငံရေး ခေါင်းဆောင်တွေဟာ တူညီတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ရှိခဲ့ကြတာဟာ ဒီက လူမှုဘဝကို ပိုကောင်းအောင်လုပ်နိုင်မှာလား ဆိုတာကိုတော့ ယတိပြတ် ပြောလို့မရပါဘူး၊ အကဲဖြတ်နိုင်မယ့် နည်းလမ်းမျိုးလည်း မရှိပါဘူး။

ဒါပေမဲ့ ဘာပဲ ပြောပြော ဗြိတိန်ရဲ့ နောက်ဖြစ်လာမယ့် ဝန်ကြီးချုပ်ဟာ အောက်စဖို့ဒ်ထွက် တစ်ယောက်ပဲ ဖြစ်နေလိမ့်မယ် ဆိုတာကတော့ အသေအချာ ပြောနိုင်နေပါပြီ။