ဧပြီ ၁၁ ရက် သတင်းများအနှစ်ချုပ် - စစ်အောင်နိုင်ရေးအတွက်စစ်မဟာဗျူဟာကော်မတီဖွဲ့စည်းထားတယ်လို့SCEFခေါင်းဆောင်တွေပြော

ဖတ်ရန်အချိန်: မိနစ် ၁၆

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF အနေနဲ့ စစ်အောင်နိုင်ရေးအတွက် စစ်မဟာဗျူဟာ ပူးပေါင်းညှိနှိုင်းကွပ်ကဲရေး ကော်မတီဖွဲ့စည်းပြီး လုပ်ဆောင်နေတယ်လို့ SCEF ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆလိုင်းထက်နီ က ပြောကြားလိုက်ပါတယ်။

ဧပြီ ၁၁ ရက်ညပိုင်းက လုပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ -SCEF နဲ့စပ်လျဉ်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

" အဲဒီကမှ တဆင့် တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေမဟာဗျူဟာ စစ်ရေးအရကွဲပြားတာတွေကို ချိန်ညှိပြီးတော့ အဲဒါကို တဆင့်ခြင်း တက်ပြီးတော့မှ ကျွန်တော်တို့ One command ၊ One policy၊ One strategy အောက်မှာ သွားနိုင်ဖို့ ဆိုပြီးတော့ စစ်ရေးကို အဲဒီလိုလုပ်ထားပါတယ်" လို့ ဆလိုင်းထက်နီ က ပြောပါတယ်။

SCEF မှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လည်းပါဝင်တဲ့ ကရင်နီအင်အားစုတွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးပေါင်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကလည်း SCEF စုဖွဲ့မှုအနေနဲ့ အဓိကအခန်းကဏ္ဍ ၂ ရပ်ရှိပြီး စစ်‌အောင်နိုင်ရေးနဲ့ အသွင်ကူးပြောင်းမှုကို ချောချောမွေ့မွေ့ ကူးပြောင်းနိုင်ရေးအတွက် လက်တွေ့ကျကျနဲ့ စစ်ရေး၊နိုင်ငံရေးကိုအကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

ဒါအပြင် SCEF အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်း သတ်မှတ်ထားတယ်လို့လည်း SCEF ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်၊ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံးက ပဒိုစောတာဒိုမှူးကလည်း စစ်ရေးပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စနစ်ကျတဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ ဒေသအခြေခံပြီး နယ်မြေချင်းချိတ်ဆက်တာဝန်ခွဲဝေယူတဲ့ ပုံစံနဲ့ စစ်ရေးရည်မှန်းချက်ကို ပိုအားဖြည့်အကောင် အထည်‌ဖော်သွားမယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ လက်ရှိ ၆ ဖွဲ့အပြင် မပါဝင်နိုင်သေးတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

SCEF က စစ်တပ်နဲ့ ဆွေးနွေးမှုတွေလုပ်လာနိုင်မလားဆိုတဲ့ သတင်းမီဒီယာတချို့ရဲ့မေးခွန်းတွေကိုတော့ စစ်တပ်နဲ့ဆွေးနွေးမှုဆိုတာမှာ တော်လှန်ရေးအင်အားစုတွေရဲ့ အခြေခံ အချက် ၃ ချက်ပေါ် စစ်တပ်ကလက်ခံဖို့ လိုအပ်တယ်လို့ပြောပါတယ်။

အဲဒီအချက် ၃ ချက်က စစ်တပ်နိုင်ငံရေးမှထွက်ခွာရေး၊ ၂၀၀၈ မဟုတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအစစ်အမှန်လိုအပ်ချက်နဲ့ စစ်တပ်ဟာသူကျူးလွန်ထားတဲ့မတရားမှုတွေအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) တို့ ကိုလက်ခံရမယ်လို့ ပြောပြီး စစ်တပ်က အဲဒီလိုလက်ခံလာဖို့အတွက် အားလုံးကပူးပေါင်းလုပ်ဆောင်ရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ပဒိုစောတာဒိုမှူးက ဖြေဆိုပါတယ်။

SCEF အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းသတ်မှတ်တာ ၊ မူဝါဒ အခြေပြုတဲ့ ကဏ္ဍ ၅ ခု ရဲ့ မဟာဗျူဟာအရ ပေါင်းစပ်ညှိနှိုင်းမှုအားကောင်စေရန် ဆောင်ရွက်တာ ၊ အဖွဲ့ဝင်အသစ်တွေ ပါဝင်လာနိုင်ရေး ဆက်လက်တွေ့ဆုံ ဆွေးနွေးဆောင်ရွက်တာ နဲ့ ပြည်တွင်း၊ ပြည်ပ ထောက်ခံမှု ရရှိနိုင်ရေး လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

"အာတီမစ်စ် ၂ မစ်ရှင်အောင်မြင်၊အာကာသ ယာဉ်မှူးအဖွဲ့ ကမ္ဘာမြေပြန်ရောက်ပြီ"

Artemis II ရဲ့ သမိုင်းဝင်အာကာသယာဉ်မှူးအဖွဲ့ အိမ်ရောက်ပြီ

Artemis II- အာတီးမစ်စ် ၂ ရဲ့ အာကာသယာဉ်မှူးအဖွဲ့ဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း လူသားတွေ လကို ပထမဆုံး ပြန်လည်သွားရောက်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ အခုတော့ ဒီသမိုင်းဝင် ခရီးစဉ်ကို ဖန်တီးခဲ့တဲ့ အာကာသယာဉ်မှူးတွေ ကမ္ဘာမြေကိုပြန်ရောက်ကြပါပြီ။

ရိဒ် ဝိုက်စမန် (Reid Wiseman) – မစ်ရှင်ခေါင်းဆောင်

အမေရိကန်ရေတပ်က လေယာဉ်မှူးဟောင်း(လေယာဉ်တင်သင်္ဘောပေါ်က လေယာဥ်တွေကိုမောင်းနှင်သူ) တစ်ဦးဖြစ်ပြီး စမ်းသပ်လေယာဉ်မှူးအတွေ့အကြုံလည်း ရှိသူပါ။

၂၀၀၉ ခုနှစ်မှာ နာဆာ အာကာသယာဉ်မှူးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်က အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) ပေါ်မှာ နေ့ပေါင်း ၁၆၅ ရက် တာဝန်ထမ်းဆောင်ခဲ့သူပါ။

ဗစ်တာ ဂလိုဗာ (Victor Glover) – အာကာသယာဉ်မောင်း (Pilot)

၂၀၂၀ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၁ ခုနှစ် မေလ အထိ ISS ပေါ်မှာ နေထိုင်ခဲ့ဖူးပြီး SpaceX Crew‑1 မစ်ရှင်ရဲ့ ယာဉ်မောင်းလည်း ဖြစ်ပါတယ်။ မဟာဘွဲ့ သုံးခု ပိုင်ဆိုင်ထားသူဖြစ်ကာ လ ခရီး မစ်ရှင်တစ်ခုမှာ ပါဝင်သွားတဲ့ ပထမဆုံး လူမည်း အာကာသယာဉ်မှူးအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

ခရစ္စတီနာ ကို့ခ် (Christina Koch) – မစ်ရှင်အထူးကျွမ်းကျင်သူ

၂၀၁၃ ခုနှစ်မှာ အမျိုးသမီးအာကာသယာဉ်မှူးဖြစ်လာပြီး ISS ပေါ်မှာ ၃၂၈ ရက် ဆက်တိုက် နေထိုင်ခဲ့တဲ့ အမျိုးသမီးအာကာသယာဉ်မှူးတွေအထဲမှာ ရက်အရှည်ဆုံးနေထိုင်သူအဖြစ်မှတ်တမ်းကို ကိုင်ဆောင်ထားသူပါ။

Artemis II နဲ့အတူ လကို ပတ်လည်သွားရောက်တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

ဂျာမီ ဟန်ဆန် (Jeremy Hansen) – မစ်ရှင်အထူးကျွမ်းကျင်သူ

ကနေဒါနိုင်ငံသားအနေနဲ့ လကို သွားရောက်တဲ့ ပထမဆုံး အာကာသယာဉ်မှူး ဖြစ်ပါတယ်။ နာဆာရဲ့ aquanaut အစီအစဉ်အောက်မှာ ရေအောက်မှာ ခုနစ်ရက်အထိ နေထိုင်ခဲ့ဖူးသူ ဖြစ်ပြီး အာကာသနဲ့ဆက်စပ်တဲ့ သိပ္ပံလုပ်ငန်း အတွေ့အကြုံ များစွာရှိထားသူပါ။ ဒီလေးဦးဟာ Apollo ခေတ်နောက်ပိုင်း လူသားတွေ လခရီး ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့ "Artemis မျိုးဆက်" ရဲ့ ကိုယ်စားလှယ်သူရဲကောင်းတွေဖြစ်လာခဲ့ကြပါတယ်။

နိုင်ငံရေးနောက်ခံနဲ့ ဆက်စပ်နေတဲ့ နာဆာရဲ့ လ စူးစမ်းရေးခရီးမစ်ရှင်တွေ

နာဆာရဲ့ Artemis II မစ်ရှင် ဟာ အာကာသယာဉ်မှူး လေးဦးကို လရဲ့ အနောက်ဘက်ကို ပတ်လည်လှည့်လည်သွားရောက်နိုင်အောင် အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ကမ္ဘာမြေကို လုံခြုံဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။

အော်ရိုင်းယန် အာကာသယာဉ် ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်ခဲ့သလို၊ အာကာသယာဉ်မှူးတွေ ရိုက်ကူးပေးခဲ့တဲ့ ပုံရိပ်တွေကလည်း အာကာသခရီးသွားခြင်းရဲ့ အလားအလာကို မျိုးဆက်သစ်တစ်ရပ်အတွက် စိတ်လှုပ်ရှားစေခဲ့ပါတယ်။

ဒါပေမဲ့ အရေးကြီးတဲ့မေးခွန်းတစ်ခုကတော့ ဆက်ရှိနေပါတယ်။ ဒီမစ်ရှင်ကို စိတ်ဝင်စားအားကျပြီး ကြီးပြင်းလာမယ့် ကလေးတွေဟာ သူတို့သက်တမ်းအတွင်း အဲဒီလို အခွင့်အလမ်းပေါ်လာမှာလား၊ နာဆာပြောနေသလို အင်္ဂါဂြိုဟ်ပေါ်သွားနိုင်မှာလား။ ရိုးရိုးသားသား ပြောရရင်တော့ လကို ပတ်လည်လှည့်သွားရောက်ခြင်းနဲ့ နှိုင်းယှဉ်ရင် လွယ်ကူသေးတဲ့ အဆင့်လို့ပြောနိုင်ပါတယ်။ အမှန်တကယ် ခက်ခဲတဲ့ အပိုင်းတွေကတော့ နောင်လာမယ့် အဆင့်တွေမှာပဲ စောင့်နေပါတယ်။ ဒါကြောင့် အဖြေက "ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး'' လို့ ထွက်နိုင်ပါတယ်။

နာဆာက ၂၀၂၈ ခုနှစ်မှာ လူသားကို လပေါ် ထပ်ပြီး ဆင်းသက်စေမယ်ဆိုတဲ့ ရည်မှန်းချက်ကို ဆက်လက် ထိန်းထားခြင်းဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် နိုင်ငံရေးအကြောင်းရင်းများ ကြောင့်လည်း ဖြစ်ပါတယ်။

အဲဒီနှစ်ဟာ သမ္မတ ဒေါနယ်ထရမ့် သက်တမ်းအတွင်း ဆက်ရှိနေပြီး သူ့ရဲနာဆာ အာကာသမူဝါဒအသစ်နဲ့ ကိုက်ညီနေတာကြောင့် ဖြစ်ပါတယ်။ အဲဒီမူဝါဒအရ ၂၀၂၈ မတိုင်မီ အမေရိကန်တွေ လပေါ် ပြန်ရောက်စေဖို့ တောင်းဆိုထားပါတယ်။

ဒါပေမဲ့ လွတ်လပ်တဲ့သိပ္ပံခန့်မှန်းချက်ပညာရှင်များ ကတော့ အဲဒီ အချိန်ဇယားဟာ အကောင်အထည် ဖော်ရခက်ခဲနိုင်တယ် လို့ မြင်ကြပါတယ်။ ဒါပေမဲ့ အမေရိကန် ကွန်ဂရက်က ဒီအစီအစဥ်အတွက် ဘီလီယံများစွာ ပံ့ပိုးပေးထားပြီးသား ဖြစ်ပါတယ်။ ဒါကလည်း လပေါ် အာကာသစူးစမ်းရေးမှာ ပြိုင်ဖက်တရုတ်လည်း ကြိုးစားနေတယ်ဆိုတာ ကြောင့် ဖြစ်ပါတယ်။

Artemis II မစ်ရှင်ဟာ အောင်မြင်ပြီဖြစ်ပေမဲ့ လပေါ် အမြဲတမ်းနေထိုင်ရေးနဲ့ အနက်ရှိုင်းဆုံး အာကာသခရီးတွေကတော့ နောက်ထပ် စိန်ခေါ်မှုကြီးများကို ရင်ဆိုင်နေရဦးမယ် ဆိုတာကို ပြသနေပါတယ်။

"နာဆာရဲ့ လကမ္ဘာသွားတဲ့ မစ်ရှင်အောင်မြင်၊ အာကာသယာဉ်မှူးအဖွဲ့သားတွေကျန်းမာရေးကောင်းမွန်"

အာတီမစ်စ် ၂ (Artemis II) အာကာသယာဉ်မှူးအဖွဲ့ဟာ ကိုးရက်ကြာမစ်ရှင်ကို အောင်မြင်စွာပြီးဆုံးပြီး ကမ္ဘာမြေကို ပြန်လာခဲ့ကြပါပြီ။

အဖွဲ့သားတွေကို သယ်ဆောင်လာတဲ့ အော်ရိုင်းယန် အာကာသယာဥ်ကြီး ဟာ ပစိဖိတ်သမုဒ္ဒရာထဲကို အမေရိကန်စံတော်ချိန် ဧပြီ ၁၀ ရက် ည ၈ နာရီ ခန့်မှာ ဆင်းသက်ခဲ့ပြီး၊ ခေါင်းဆောင် အာကာသယာဉ်မှူး ရိဒ်ဝိုက်စမန်က အဖွဲ့သားအားလုံး ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

အခုအချိန်မှာ အာကာသယာဉ်မှူး လေးဦးကို အမေရိကန်ရေတပ်က ရဟတ်ယာဥ်နဲ့ သယ်ဆောင်သွားကာ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အာတီမစ်စ် ၂ ယာဉ်ဟာ ကမ္ဘာ့ လေထုကို ပြန်လည်ဝင်ရောက်ရာမှာ ၆ မိနစ် လောက် ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပေမဲ့ လုပ်ငန်းစဉ်အတိုင်း အောင်မြင်စွာရောက်ရှိခဲ့ပါတယ်။

နာဆာ အုပ်ချုပ်ရေးမှူး ဂျာရက်အိုက်ဆက်မန်က "လူတွေကို လကမ္ဘာဆီကို ပို့နိုင်တဲ့ ခေတ်ကို ပြန်ရောက်လာခဲ့ပြီပါပြီ။ ဒါဟာ စတင်ခြင်းသာဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ဒါဟာ လူသားတွေရဲ့ အာကာသစူးစမ်းရေး ခေတ်သစ်တစ်ခေတ်ရဲ့ စတင်ခြင်းပဲဖြစ်ပါတယ်" လို့ နာဆာက ပြောကြားခဲ့ပါတယ်။

ဧပြီလ ၆ ရက်မှာယာဉ်ဟာ လကို ဖြတ်သန်းပျံသန်းချိန် ကမ္ဘာမြေက အများဆုံးအကွာအဝေး ၄၀၆,၇၇၁ ကီလိုမီတာ (၂၅၂,၇၅၆ မိုင်) အထိ ရောက်ရှိခဲ့ပြီး၊ လူသားတွေ အာကာသထဲကို သွားရောက်ခဲ့သမျှထဲမှာ အကွာအဝေးအများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။ ဒါအပြင် အာတီးမစ် ၂ ခရီးစဥ်ဟာ ကမ္ဘာက ဘယ်တော့မှ မမြင်ရတဲ့ လရဲ့ တစ်ဖက်ခြမ်းကို သမိုင်းဝင် ပျံသန်းလှည့်ပတ်နိုင်ခဲ့ပါတယ်။

မစ်ရှင်အောင်မြင်မှုဟာ နာဆာရဲ့ လကမ္ဘာဆီကို ပြန်လည်သွားရောက်ရေး အစီအစဉ်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး၊ အနာဂတ် လ ဆင်းသက်မစ်ရှင်တွေအတွက် လမ်းဖွင့်ပေးသွားမှာဖြစ်ပါတယ်။

Artemis II မစ်ရှင် အောင်မြင်မှုအပေါ် နာဆာ အကဲဖြတ်ချက် ထုတ်ပြန်

နာဆာ တာဝန်ရှိသူများ ပါဝင်တဲ့ ဆွေးနွေးပွဲအဖွဲ့က Artemis II လမစ်ရှင်ရဲ့ အောင်မြင်မှုများကို အကဲဖြတ်ပြောကြားခဲ့ပါတယ်။

အဲဒီ အကဲဖြတ်ချက်မှာ လူသားအာကာသစူးစမ်းရေးအတွက် အခုမစ်ရှင်ရဲ့ အရေးပါမှုနဲ့ အနာဂတ် လမစ်ရှင်တွေအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်လာကြောင်းကို အလေးထား ပြောဆိုခဲ့ကြပါတယ်။

အရိုင်းယန် အာကာသယာဉ်မှူးအဖွဲ့ splashdown အပြီး ကမ္ဘာမြေကို အောင်မြင်စွာ ပြန်လည်ရောက်ရှိလာပြီးနောက် ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ချိန်မှာပြောခဲ့ကြတာပါ။

နာဆာက အရိုင်းယန်အာကာသယာဥ်မစ်ရှင်ရဲ့ ခေါင်းဆောင် ဟော်ဝတ်ဟူးစ် က ဒီကနေ့ကို

"လူသားအာကာသစူးစမ်းရေး ခေတ်သစ်တစ်ခေတ်ရဲ့ စတင်ချက်" လို့ ဖော်ပြခဲ့ပြီး၊ Entry Flight Director ရစ် ဟန်ဖ်လင်း ကတော့လာမယ့်နှစ်မှာ ဆက်လက်လုပ်ဆောင်မယ့် နောက်ထပ် မစ်ရှင်ဟာ "အလွန်နီးကပ်နေပြီ" လို့ ပြောကြားခဲ့ပါတယ်။

ဟန်ဖ်လင်း ရဲ့ ပြောကြားချက်အရ Artemis II မစ်ရှင်အဖွဲ့ဟာ ၇၀၀,၂၃၇ မိုင် ခရီးပေါင်း သွားရောက်ခဲ့ပြီး၊ ခရီးစဉ်အတွင်း အမြန်နှုန်းအမြင့်ဆုံး ၂၄,၆၆၄ mph (ကီလိုမီတာ/နာရီ ၃၉,၇၀၀ ခန့်) ရောက်ရှိခဲ့ပါတယ်။

မစ်ရှင်အတွင်း အထင်ကရ အခိုက်အတန့်များကိုလည်း ပြန်လည်အသုံးချပြောဆိုခဲ့ကြပြီး၊ Acting Associate Administrator လိုရီ ဂလေဇ် ကအာကာသက ကြည့်ရှုတွေ့မြင်ခဲ့ရတဲ့ နေရောင်ခြည်ဖုံးကွယ်မှု (solar eclipse) ဟာ "အပြည့်အဝ ထူးခြားပြီး တကယ်ကို တပြိုင်နက်တည်း ထပ်မဖြစ်စေနိုင်တဲ့ အတွေ့အကြုံ" ဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အစောပိုင်းအာကာသပုံရိပ်များနောက်ပိုင်းမှာလည်းအဖွဲ့အနေနဲ့ ဒေတာအချက်အလက်များ အများအပြားကို စုဆောင်းပြီးဖြစ်ကာ၊ လာမယ့် အပတ်များအတွင်း ဆက်လက် စိစစ်လေ့လာသွားမယ် လို့ ဂလေဇ်က ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲအဆုံးမှာတော့ ဟော်ဝတ်ဟူးစ် က ကိုယ်ရေးကိုယ်တာမှတ်ချက်တစ်ခုပေးခဲ့ပါတယ်။ ဒီကနေ့ရဲ့ အတွေ့အကြုံဟာ တချိန်က Star Wars ဇာတ်ကားကို ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဖခင်နဲ့ အတူ သွားကြည့်ခဲ့ရတဲ့ အချိန်ထက်ပင် "ထောင်ချီအဆ" ပိုပြီး အံ့အားသင့်ဖွယ် ကောင်းမွန်ခဲ့တယ် လို့ ပြောကြားခဲ့ပါတယ်။

အာကာသယာဉ်မှူးတွေကို မိသားစုတွေထံပြန်ပို့ရေးက ဦးစားပေးဖြစ်

အာကာသယာဉ်မှူးတွေကမ္ဘာမြေပေါ် ပြန်ရောက်လာပြီးတဲ့နောက် ပထမဆုံးနေ့မှာ နာဆာက ဘာတွေ ဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းကို သတင်းသမားတွေက မေးမြန်းခဲ့ကြပါတယ်။

နာဆာရဲ့ အာကာသယာဥ်မှူးတွေ လေထုထဲပြန်လည်ဝင်ရောက်မှုဆိုင်ရာမစ်ရှင်ရဲ့ ခေါင်းဆောင် ရစ် ဟန်ဖလင်းကတော့ နာဆာအတွက် အမြင့်ဆုံးဦးစားပေးအချက်က အာကာသယာဉ်မှူးတွေကို သူတို့ရဲ့ မိသားစုတွေထံ လုံခြုံစွာ ပြန်လည်ရောက်ရှိစေအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

အာကာသယာဉ်မှူးအဖွဲ့ဟာ မနက်ဖြန်မှာ အမေရိကန်၊တက္ကဆက်က ဟူစတန်မြို့ကို ဒေသအချိန် မနက် ၇ နာရီနဲ့ ည ၇ နာရီအကြား မှာ ပြန်လည်ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၂၈ မှာ လပေါ်ကို နှစ်ကြိမ် ဆင်းသက်နိုင်ရေးကို နာဆာက ပြင်ဆင်နေ

နာဆာက အမျိုးသမီးအကြီးအကဲတစ်ဦးဖြစ်တဲ့ လိုရီ ဂလေဇ် က လဆီသွားတဲ့ Artemis II မစ်ရှင်ကို အောင်မြင်ပြီးဆုံးခဲ့တဲ့ ခရီးစဉ်တစ်ခုအဖြစ်သာမက၊ နောင်လာမယ့် မစ်ရှင်များအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် သတ်မှတ်စေချင်ကြောင်း ပြောပါတယ်။

နာဆာအနေနဲ့ ၂၀၂၈ ခုနှစ်အတွင်း လပေါ်ကို နှစ်ကြိမ် ဆင်းသက်နိုင်ရေးကို ရည်မှန်းထားကြောင်း သူက ဖြည့်စွက်ပြောဆိုခဲ့ပြီး၊ အဲဒီရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အာကာသလုပ်ငန်းကဏ္ဍတစ်ခုလုံးက ပါဝင်ပူးပေါင်းလာဖို့ "ကျွန်မတို့နဲ့အတူ လိုက်လာကြပါ" လို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

Artemis II မစ်ရှင်ကို နာဆာရဲ့ လအာကာသအစီအစဉ်အနာဂတ်အတွက် အရေးပါတဲ့ စမ်းသပ်မှုတစ်ရပ်အဖြစ် ပြသနေပါတယ်။

ကမ္ဘာအနှံ့ Watch Party တွေမှာအားပေးချီးကျူးသံတွေညံခဲ့

Artemis II မစ်ရှင်အတွင်းအရေးပါတဲ့နေ့တွေမှာ ကမ္ဘာတဝန်းက အနီးကပ်စောင့်ကြည့်ခဲ့ကြသလို ဧပြီ ၁၀ ရက် အာကာသယာဉ်မှူးအဖွဲ့ ကမ္ဘာမြေကို ပြန်လည်ရောက်ရှိလာချိန်မှာလည်း မခြားနားခဲ့ပါဘူး။

အာကာသယာဥ်မှူး အဖွဲ့သားတွေ ပင်လယ်ထဲပြန်လည်ဆင်းသက်ခဲ့ချိန်မှာ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရေဂိုရှိ Air and Space Museum မှာ အဲဒီသမိုင်းဝင်အခိုက်အတန့်ကို ကိုယ်တိုင်မြင်တွေ့ဖို့ လူစုလူဝေးတွေနဲ့ watch party ပြုလုပ်ခဲ့ကြ ပါတယ်။

Watch Party တွေတွေမှာ အရိုင်းယန်အာကာသယာဉ် ကမ္ဘာမြေကို ပြန်လည်ရောက်ရှိလာတာကို ကြည့်ရှုရင်း လက်ခုပ်သံတွေ၊ အားပေးသံတွေထွက်ပေါ်ခဲ့ကြပြီး၊ လူသားအာကာသစူးစမ်းရေး သမိုင်းဝင်အချိန်ကို တပြိုင်နက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။

မဟာဗျူဟာမြောက်အရေးကြီးတဲ့နယ်မြေတွေကို ဆက်တိုက်မယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

ရခိုင်ပြည်နယ်ထဲကျန်နေတဲ့ မဟာဗျူဟာမြောက်အရေးကြီးတဲ့နယ်မြေတွေနဲ့ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေကို အာမခံချက်ခိုင်မာစေဖို့အတွက် ဆက်ပြီးတိုက်ပွဲဝင်မယ်လို့ အာရက္ခတပ်တော်(အေအေ)ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောလိုက်ပါတယ်။

၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်မတိုင်ခင်မှာ လက်စသိမ်းအောင်ပွဲခံနိုင်ဖို့ ယုံကြည်တယ်လို့ဆိုပြီး ၂၀၂၇ ခုနှစ် ကုန်သွားတဲ့တိုင် လက်ကျန်မြို့တွေကို သိမ်းပိုက်မှု မပြီးနိုင်ခဲ့ရင် အာရက္ခတပ်တော် အနေနဲ့ ရခိုင်ပြည် အလုံးစုံလွတ်မြောက်ရေးအတွက် မိုးအဆုံးမြေအဆုံး ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြော ပါတယ်။

ဧပြီ ၁၀ ရက်ကကျရောက်တဲ့ ၁၇ နှစ်ပြည့် အာရက္ခတပ်တော်နေ့ကိုပေးပို့တဲ့ ရခိုင်ဘာသာစကားနဲ့ သဝဏ်လွှာမှာ အဲဒီလိုပြောကြားထားတာဖြစ်ပါတယ်။

'' စစ်ကာလလုံခြုံရေး အခြေအနေကြောင့် အထူးတလည် အခမ်းအနားတွေနဲ့ မပြုလုပ်ပေမဲ့ လက်တွေအကျဆုံး တော်လှန်တဲ့စစ်ပွဲတွေ၊ မဟာဗျူဟာမြောက် နယ်မြေတွေ သိမ်းပိုက်ရရှိရေးနဲ့ အဆုံးအဖြတ်တိုက်ပွဲတွေအတွက် အာရက္ခတပ်တော်နဲ့ တကွ ပြည်သူ တရပ်လုံး ဟန်ချက်ညီ လက်တွဲတိုက်ပွဲဝင် ကြိုးစားနေ့ ကာလဖြစ်တယ်''လို့ သူကထည့်ပြောပါတယ်။

လက်ရှိမှာ အေအေဟာ သူတို့ သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၅ ခုအတွင်း မှာ အုပ်ချုပ်ရေး၊ တရား‌ရေး၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊ အခွန်ဌာနတွေက ပုံမှန်လည်ပတ်နေပြီဖြစ်ပါတယ်။ တဖက်မှာလည်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကစလို့ အေအေဟာ ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်ထဲက ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့တို့ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒါကြောင့် ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်မှာသာ စစ်ကောင်စီတပ်တွေ ကျန်ရှိပါတော့တယ်။

NCA လမ်းကြောင်းကို မဖြစ်မနေဆက်သွားမယ်ဆိုပြီး ဦးမင်းအောင်လှိုင်ပြော

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) လမ်းကြောင်းကို မဖြစ်မနေဆက်သွားမယ်ဆိုပြီး စစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က မနေ့က သမ္မတအဖြစ်ကျမ်းကျိန်ပြီးနောက် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ သူ့အစိုးရအဖွဲ့သစ်မူဝါဒတွေကိုထည့်ပြောခဲ့ပြီး ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေ၊ ဆန္ဒနဲ့လိုလားချက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ဖြေရှင်းနေကြတာဟာ လုံးဝမှားယွင်းနေတယ်လို့ ဦးမင်းအောင်လှိုင်ကဆိုပါတယ်။

နိုင်ငံနဲ့ပြည်သူရဲ့အကျိုးကိုကြည့်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ဒီအမှားကိုအချိန်မီပြုပြင်ကြဖို့လိုအပ်တယ်လို့ သူကဆိုပြီး ဖြစ်ချင်တာတွေ တောင်းဆိုနေမဲ့အစား ဖြစ်သင့်တာပဲတောင်းဆို၊ ဖြစ်နိုင်တာတွေ ဆောင်ရွက်သွားဖို့လိုတယ်လို့ ထည့်ပြောပါတယ်။

တဖက်မှာတော့ စစ်တပ်ဦးဆောင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့နေပြည်တော်က လွှတ်တော်စတဲ့ မတ်လလယ်ကစလို့ ဧပြီလမှာ သမ္မတအပါအဝင် အစိုးရသစ်အဖွဲ့ဝင်တွေ ရွေးချယ်တင်မြှောက်နေချိန်တွေမှာတောင် မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေ၊လေကြောင်းဗုံးကြဲမှုတွေဆက်ရှိနေတယ်လို့ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့တချို့ က ထောက်ပြထားပါတယ်။

ဒါအပြင် မြေပြင်သတင်းတွေအရ ဧပြီလအစောပိုင်းကစလို့ ကချင်(ဖားကန့်) ၊ကရင်(မြဝတီ- ဝေါလေ)နဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး (တောင်သာ၊မြင်းခြံ) ဘက်တွေမှာလည်း စစ်ရေးပြင်းထန်နေပါတယ်။

စစ်အစိုးရကိုတရားဝင်မှုမပေးဖို့ SAC-M နဲ့ ANFREL တို့ပူးတွဲထုတ်ပြန်

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချပြီး အနာဂတ်မှာ စစ်အစိုးရအပေါ် တရားဝင်မှုပေးခြင်းကို ငြင်းပယ်ဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက် (ANFREL) အဖွဲ့တို့က ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အပိုင်း ၃ ပိုင်းနဲ့ စစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်မှုမရှိသလို နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီးထုတ်ပြန်ချက်မှာပြောထားပါတယ်။

SAC-M ဟာ နိုင်ငံတကာလူ့အခွင့်အရေးကျွမ်းကျင်သူများ၊ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒါအပြင်အဲဒီပူးတွဲထုတ်ပြန်ချက်ထဲမှာ ''မြန်မာစစ်အစိုးရကို တရားဝင်မှုပေးနေတဲ့ ဘယ်နိုင်ငံမဆို သူ့ရဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်''ဆိုပြီး SAC-M ရဲ့ အမှုဆောင်ဒါရိုက်တာ Ben Lee က ပြောကြားထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ သူ့ရဲ့ ကျမ်းကျိန်မိန့်ခွန်းမှာ နိုင်ငံတကာဆက်ဆံရေးကိုလည်း ဟန်ချက်ညီအောင်ဆောင်ရွက်မှာဖြစ်ပြီး အာဆီယံနဲ့ ပုံမှန် ဆက်ဆံရေးပြန်ရအောင် ကြိုးပမ်းသွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ဒါအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ရင်းနှီးမှုမြှင့်တင်မယ်လို့ ဆိုပါတယ်။ သူဦးဆောင်မယ့်အစိုးရအတွက် စိန်ခေါ်မှုအများကြီးစောင့်ကြိုနေတာကို သိရှိကြောင်းပြောထားပါတယ်။