မတ်လ ၁၅ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - TNLA နဲ့ MNDAA ကွတ်ခိုင်မှာ တိုက်ပွဲဆက်ပြင်းထန်

၂၀၂၄ ခုနှစ်၊ ကျောက်မဲမြို့မှာ မြင်တွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင် တစ်ဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ ကျောက်မဲမြို့မှာ မြင်တွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင် တစ်ဦး (ပုံဟောင်း)
ဖတ်ရန်အချိန်: မိနစ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့မှာ တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ဒီနေ့မနက် ကွတ်ခိုင် ရပ်ကွက် ၅နဲ့ ၈ မှာ တိုက်ပွဲပြင်းထန်နေတယ်" လို့ မြို့ခံတစ်ဦးကပြောပါတယ်။ နမ့်ဖတ်ကာ နဲ့ နမ့်ခမ်းမြို့ အကြားက ၁၂ မိုင်ရွာက TNLA တပ်စခန်းကိုလည်း MNDAA က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၁၃ ရက် က ကွတ်ခိုင်မြို့ပေါ်က MNDAA အုပ်ချုပ်ရေးဌာနရုံးခန်းတွေကို အင်အားသုံးဖယ်ရှားခဲ့ရကာနေစတင်ခဲ့တာပါ။

မတ်လ ၁၄ ရက်၊ ၉ နာရီ ၄၅ မိနစ် မှာ MNDAA က မူဆယ်မြို့ (၁၀၅) မိုင်၊ ကွတ်ခိုင် ဗျူဟာကုန်း၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့ နေရာ ၅ ခုထက်မနည်းက TNLA ရဲ့ တပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ TNLA မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုးကန့်တပ် MNDAA က တော့ မတ်လ ၁၄ ရက်၊ ၉ နာရီခွဲမှာ ကင်းလှည့်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို TNLA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မတတ်နိုင်လို့ တန်ပြန်ခုခံတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ် ရဲ့ နောက်ဆက်တွဲ ပြဿနာအားလုံးကို TNLA က တာဝန်ခံရမယ်လို့ ဆိုပါတယ်။ TNLA ကတော့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိုနှိုင်းမှုနဲ့ ကြိုးစားအဖြေရှာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သမ္မတရွေးချယ်ရေးလုပ်ငန်းစဥ် ပြည်ထောင်စုလွှတ်တော်မှာ အမတ်တွေကိုရှင်းပြ

လွှတ်တော်အဆောက်အအုံတွေကို တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတသုံးဦးထဲကနေတစ်ဦးကို သမ္မတအဖြစ်မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။

သမ္မတရွေးချယ်ရေးလုပ်ငန်းစဥ်အပါအဝင် လွှတ်တော်လုပ်ငန်းစဥ်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ရှင်းပြခဲ့တယ်လို့ သွားရောက်ခဲ့တဲ့အမတ်တွေထံက သိရပါတယ်။

ဝန်ကြီးချုပ်ဦးညိုစောအပါအဝင် ရွေးကောက်ခံအမတ်ဖြစ်သွားတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေလည်း ဒီနေ့ပြည်ထောင်စုလွှတ်တော်ကို လာရောက်ကြတယ်လို့ ဘီဘီစီသတင်းအရင်းအမြစ်တွေကပြောပါတယ်။

သမ္မတရွေးတဲ့အခါ ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ အမျိုးသားလွှတ်တော်အစုအဖွဲ့နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက ဒုသမ္မတတစ်ဦးစီ ကနဦးတင်မြှောက်ရမှာ ဖြစ်ပါတယ်။

အဲဒီနောက်ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတသုံးဦးထဲကနေတစ်ဦးကို သမ္မတအဖြစ်မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်ပွဲလုပ်ထုံးလုပ်နည်းတွေကိုလည်း နေပြည်တော်ကလွှတ်တော်တွေမှာ မတ် ၁၂ ရက်က ရှင်းပြခဲ့ပြီးပါပြီ။

ပြည်သူ့လွှတ်တော်ကို မတ် ၁၆ မှာခေါ်ထားပြီး အမျိုးသားလွှတ်တော်ကို မတ် ၁၈ ရက်မှာ ခေါ်ထားပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ အမေရိကန်နိုင်ငံသားတွေ ထွက်ခွာကြဖို့ တိုက်တွန်း

အရှေ့အလယ်ပိုင်းတစ်ခွင်မှာရှိတဲ့ အမေရိကန်ပစ်မှတ်တွေကို အီရန်ကတိုက်ခိုက်နေတာကြောင့် အမေရိကန်နိုင်ငံသားတွေကို ထွက်ခွာဖို့သတိပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရှေ့အလယ်ပိုင်းတစ်ခွင်မှာရှိတဲ့ အမေရိကန်ပစ်မှတ်တွေကို အီရန်ကတိုက်ခိုက်နေတာကြောင့် အမေရိကန်နိုင်ငံသားတွေကို ထွက်ခွာဖို့သတိပေးထားပါတယ်။

စနေနေ့တုန်းက သံရုံးအဆောက်အအုံကို ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ပြီးနောက် အီရတ်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို ချက်ချင်း ထွက်ခွာဖို့ ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။

အီရတ်မှာ ဆက်နေဖို့ ဆုံးဖြတ်ထားတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ သံရုံးက အလေးအနက် တိုက်တွန်းထားပါတယ်။

အီရန်ဘက်တော်သား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေရှိနေတာကြောင့်လို့ သံရုံးကရေးပါတယ်။

အရှေ့အလယ်ပိုင်းတစ်ခွင်မှာရှိတဲ့ အမေရိကန်ပစ်မှတ်တွေကို အီရန်ကတိုက်ခိုက်နေတာကြောင့် နိုင်ငံပေါင်း ၁၂ ခုမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို ထွက်ခွာဖို့ အမေရိကန်အစိုးရကပြောထားပါတယ်။

ဒါ့အပြင် အိုမန်နိုင်ငံမှာရှိတဲ့ လုံခြုံရေးအရမရှိမဖြစ်လိုအပ်တဲ့အစိုးရဝန်ထမ်းတွေကလွဲလို့ တခြားဝန်ထမ်းတွေနဲ့သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း နိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ထုတ်ထားတယ်လို့ ရိုက်တာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

KNLA ပူးပေါင်းတပ်ကို KTLA ခြုံခိုတိုက်ခိုက်

KTLA တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ဝင် ၄ ဦး

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, KTLA တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ဝင် ၄ ဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီးအနီးက စစ်တပ် နှစ်ပေါင်း (၃၀) ကျော် စခန်းချထားတဲ့ ဝင်းဝစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေကို ကော်သူးလေတပ်မတော် (KTLA) က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၁၄ ရက်နေ့၊ ညနေ ၃ နာရီမှာ ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ်က သမီးပေါ်သော(ဟင်းကပိ)ကျေးရွာ နဲ့ ကနဲဃော‌(ပျားသားချောင်း)ကျေးရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် KNLA မဟာမိတ် ဗထူးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ပြောပါတယ်။ တစ်ဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ KTLA အနေနဲ့ "အကြမ်းဖက်စစ်တပ် ရဲ့ လက်အောက်ခံတပ်ဖွဲ့တစ်ခုအလား" တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ KNU က သဘောထားထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ KNU တပ်မဟာ ၄ နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်ထဲမှာ မတ်လ ၁၃ ရက်နေ့ကလည်း KNLA ရဲ့ နယ်စပ်လုံခြုံရေး ဂိတ်စခန်းတစ်ခု ကို KTLA က တိုက်ခိုက်ခဲ့သေးတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒီနယ်မြေမှာ KNU နဲ့ KTLA နှစ်ဖွဲ့အကြားပွတ်တိုက်မှုတွေ မကြာခဏဖြစ်ပွားနေတာပါ။

KTLA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးဘိုမြက ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ကော်သူးလေအစိုးရဆိုပြီး မကြာသေးမီက ကြေညာထားပါတယ်။

ဒါကို KNU အပါအဝင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နဲ့ ကရင်နယ်ခြားစောင့်တပ် BGF အမည်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) ကလည်း ကန့်ကွက်ထားကြပါတယ်။

အလှူလှည့်တဲ့ ကျောက်ဆည်ဆင် ဓာတ်လိုက်သေဆုံး

ဆုံးပါးသွားတဲ့ လသားအရွယ်ဆင်၊ ဖားလယ်နာချဲ

ဓာတ်ပုံ ရင်းမြစ်, Ko Toe Gyi

ဓာတ်ပုံ ပုံစာ, ဆုံးပါးသွားတဲ့ လသားအရွယ်ဆင်၊ ဖားလယ်နာချဲ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်က အလှူလှည့်တဲ့ ဆင် ဓာတ်ကြိုးနဲ့ ထိလို့ ရေထဲကျပြီး သေဆုံးခဲ့တယ်လို့ ဆင်အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မတ်လ ၁၄ ရက် မနက်ပိုင်းက လက်ဝဲစုကျေးရွာမှာ အလှူလှည့်လာတဲ့ ရွှေဇမ္ဗူအောင်ဆင်တော်အဖွဲ့ ရဲ့ ဆင်ဟာ အခုလို ဓာတ်လိုက်ပြီး ဆုံးပါးသွားခဲ့တာပါ။

ဒီဆင်ရဲ့ နာမည်က ဖားလယ်နချဲ ဖြစ်ပြီး ဝယ်ယူထားတာ မကြာသေးဘူးလို့လည်း သိရပါတယ်။

ဆင်ပေါ်လာပါတဲ့ ဆင်ဦးစီး နဲ့ အလှူရှင်နှစ်ဦး အပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ဆင် ဦးစီးဖြစ်သူကတော့ ပြန်ပြီး သတိလည်လာပြီလို့ ရွှေဇမ္ဗူအောင်ဆင်အဖွဲ့ နဲ့ နီးစပ်သူက ပြောပါတယ်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ နှစ်စဉ် ဆင်ပြိုင်ပွဲတွေလည်း ကျင်းပကြပါတယ်။ သီတင်းကျွတ်ကာလ ကျောက်ဆည်က ဆင်ပြိုင်ပွဲတွေဟာ နိုင်ငံတဝန်းလူထုအကြားမှာလည်း ထင်ရှားကျော်ကြားပါတယ်။

ဒရုန်းမိုးရွာခဲ့တဲ့ ကွတ်ခိုင်မြို့တိုက်ပွဲ - မြို့ပေါ် နဲ့ နမ့်ဖက်ကာကို MNDAA စိုးမိုးထား

နမ့်ဖတ်ကာရွာ နဲ့ နမ့်ခမ်းမြို့နယ် အစပ်က ၁၂ မိုင်ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, နမ့်ဖတ်ကာရွာ နဲ့ နမ့်ခမ်းမြို့နယ် အစပ်က ၁၂ မိုင်ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မြင်ကွင်း

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ နေရာအများစု နဲ့ နမ့်ဖက်ကာကျေးရွာက တအာင်းတပ် TNLA စခန်းတွေကို ကိုးကန့်တပ် MNDAA က ဝင်ရောက်စိုးမိုးထားပြီလို့ စစ်ရေးသတင်းအရင်းအမြစ် နဲ့ မြို့ခံတွေက ပြောပါတယ်။

ကွတ်ခိုင်မြို့မှာ ရပ်ကွက်ကြီး ၈ ခု ရှိပြီး စစ်တပ်စခန်း၊ ရဲစခန်းတွေ ရှိတဲ့ ရပ်ကွက် (၁) မှာ တိုက်ပွဲတွေ အပြင်းအထန်ဆုံးလို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

ခြေလျင်တပ်ရင်း ခလရ (၂၄၁) ဗျူဟာတပ်စခန်းအထိုင်ချခဲ့တဲ့ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၁) မှာ မနေ့ညပိုင်းကစလို့ ဒီနေ့မနက်အထိ ဒရုန်းတိုက်ခိုက်မှုတွေ အမြောက်အမြားမြင်တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

" ဗျူဟာ နဲ့ ရဲစခန်းကို ဒီနေ့အထိ အဓိကတိုက်တာ။ အပြန်အလှန် ဒရုန်းစစ်ဆင်ရေးအလား အောက်မေ့ရတယ်။ ဟိုဘက်က ဒရုန်းလားမသိ၊ ဒီဘက်က ဒရုန်းလား မသိ။ အစင်းရေ တော်တော်များတယ်။ ရေလို့ကို မရဘူး။ အခုက ဗျူဟာထဲကို ဝင်သွားပြီလို့ ကြားတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဗျူဟာကုန်းရှိတဲ့ ရပ်ကွက် (၁) မှာ လူထိခိုက်သေဆုံးမှုတွေ များနေပေမဲ့ တိုက်ပွဲကြောင့် ကူညီကယ်ဆယ်ရေးတွေ မလုပ်နိုင်ကြဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အခုကွတ်ခိုင်မြို့ပေါ်နေရာတွေအများစုကို ကိုးကန့်တပ် MNDAA က ရောက်ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။ ဒီနေ့မနက်မှာတော့ MNDAA တပ်ဖွဲ့ဝင်တွေက မြို့ပေါ်က အိမ်တွေကို သွားရောက်ခဲ့ပြီး အရပ်သားတွေ နဲ့ တွေ့ ဆုံခဲ့တယ်လို့ ဆိုပါတယ်။

MNDAA ဟာ လက်ရှိ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ နဲ့ နမ့်ခမ်းမြို့နယ် အစပ်က TNLA တပ်စခန်းရှိတဲ့ ၁၂ မိုင်ရွာကို လည်း ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်ထံက သိရပါတယ်။

MNDAA ဟာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့အထိပါ သိမ်းယူဖို့ ရည်ရွယ်ထားတယ်လို့ ကိုးကန့်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဒီတိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၁၃ ရက် က ကွတ်ခိုင်မြို့ပေါ်မှာရှိတဲ့ MNDAA အုပ်ချုပ်ရေးဌာနရုံးခန်းတွေကို အင်အားသုံးဖယ်ရှားခဲ့ရကာနေစတင်ခဲ့တာပါ။

မတ်လ ၁၄ ရက် မှာ MNDAA က မူဆယ်မြို့ (၁၀၅) မိုင်၊ ကွတ်ခိုင် ဗျူဟာကုန်း၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့ နေရာ ၅ ခုထက်မနည်းက TNLA ရဲ့ တပ်စခန်းတွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

TNLA အနေနဲ့ ဒါကို 'မိတ်ဖက်ပြဿနာ' လို့သာ သတ်မှတ်ထားတာကြောင့် ထိုးစစ်ဆင်လာပေမယ့် ပြန်လည်ပစ်ခတ်တာ မလုပ်ခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိုနှိုင်းမှုနဲ့ ကြိုးစားအဖြေရှာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ် MNDAA က တော့ မတ်လ ၁၄ ရက်၊ ၉ နာရီခွဲမှာ ကင်းလှည့်နေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို TNLA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မတတ်နိုင်လို့ တန်ပြန်ခုခံတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ် ရဲ့ နောက်ဆက်တွဲ ပြဿနာအားလုံးကို TNLA က တာဝန်ခံရမယ်လို့ ဆိုထားပါတယ်။

ရန်ကုန်မှာ ရဲသုံးယောက်ကို ကားနဲ့ တိုက်ခဲ့တဲ့ စသုံးလုံး သားအဖ သုံးဦး ကို စရဖ စစ်ကြောရေးလုပ်

မန္တလေးတိုင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စ.စ.စ ရုံး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Bureau Of Special Investigation (BSI)

ဓာတ်ပုံ ပုံစာ, မန္တလေးတိုင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စ.စ.စ ရုံး (ပုံဟောင်း)

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ရဲ သုံးယောက်ကို ကားနဲ့ တိုက်၊ ရိုက်နှက်ခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ( စသုံးလုံး ) ဒုတိယစုံစမ်းရေးမှူး အပါအဝင် သားအဖ သုံးဦးကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) က စစ်ကြောရေးလုပ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

" ဒီအမှုကို စ.ရ.ဖ က စစ်နေတာ။ ရဲမဟုတ်ဘူး။ စစ်နေတဲ့နေရာက ရဲစခန်းတော့ မဟုတ်ဘူး။ တခြားတနေရာမှာ" လို့ သူက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ မတ်လ ၉ ရက်နေ့၊ ညသန်းခေါင်အချိန်မှာ ရွှေပေါက်ကံမြို့သစ်၊ ၁၂ ရပ်ကွက်ထဲက ပုဂံလမ်းမကြီးနဲ့ အောင်ရာဇာလမ်းထိပ်မှာ ဖြစ်ပွားခဲ့တာပါ။

ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦး စီးလားတဲ့ ဆိုက်ကယ်ကို စသုံးလုံး ဒုတိယစုံစမ်းရေးမှူး၊ သူ့ရဲ့ ဖခင် နဲ့ ညီဖြစ်သူတို့ စီးလာတဲ့ ကားက ဝင်တိုက်ပြီး တုတ်နဲ့ ရိုက်နှက်ခဲ့တာလို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက ပြောပါတယ်။

ဒီ ရဲတပ်ဖွဲ့ဝင်တွေက စသုံးလုံးအရာရှိရဲ့ ညီဖြစ်သူ ခိုက်ရန် ဖြစ်ပွားနေတာကို ဖျန်ဖြေပေးရာကနေ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက်နေ့မှာတော့ ရဲတပ်ဖွဲ့က သားအဖ သုံးဦးကို လာရောက်ဖမ်းဆီးခဲ့ပြီး အခုတော့ စ.ရ.ဖ က စစ်ဆေးနေတာဖြစ်ပါတယ်။