ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူထုကို အနှောင့်အယှက်ပြုခဲ့မှုနဲ့ အမေရိကန် ယူကျုဘာ တစ်ဦးကို တောင်ကိုရီးယားမှာ ထောင်ဒဏ်ချမှတ်
- ရေးသားသူ, ကယ်လီ င
- ဖတ်ရန်အချိန်: မိနစ် ၂
တောင်ကိုရီးယားနိုင်ငံမှာ ဒုတိယကမ္ဘာစစ်ကာလ လိင်ကျွန်အဖြစ် အသုံးချခံရတဲ့အထိမ်းအမှတ် ရုပ်တုတစ်ခုကို နမ်းရှုံ့ပြခဲ့တဲ့ အမေရိကန် ယူကျုဘာ ဂျော်နီ ဆိုမာလီ ကို တောင်ကိုရီးယားအစိုးရက ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံကို လာရောက်လည်ပတ်စဉ် ဂျော်နီ ဆိုမာလီ ဟာ အဲဒီရုပ်တုရဲ့ ပေါင်ပေါ်တက်ပြီး ကပြနေပုံ၊ နမ်းရှုံ့နေပုံ ဗီဒီယိုကလစ်ကို အွန်လိုင်းပေါ်မှာ တင်ခဲ့အပြီး အများပြည်သူကို အနှောင့်အယှက်ဖြစ်စေမှုနဲ့ တောင်ကိုရီးယားအစိုးရက သူ့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တရားစွဲဆိုခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ သူ့ကို တောင်ကိုရီးယားနိုင်ငံထဲကနေ ထွက်ခွာခွင့် ပိတ်ပင်ထားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် အမည်ရင်း အစ္စမေးလ် ရမ်ဆီ ခါလစ် ဟာ လိင်စိတ်ကြွစေတဲ့ အကြောင်းအရာတွေပါတဲ့ သူ့ရဲ့ ဗီဒီယိုကလစ်တွေကြောင့် လူသိများပြီး လိုက်ဗ်လွှင့်တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းအတော်များများရဲ့ ပိတ်ပင်တာကို ခံထားရပါတယ်။
သူဟာ ဂျပန်နဲ့ အစ္စရေးနိုင်ငံတွေဆီ သွားတုန်းကလည်း လူတွေကို အနှောင့်အယှက်ပေးခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရပါတယ်။
အများပြည်သူကို အနှောင့်အယှက်ဖြစ်အောင် လုပ်မှု၊ လိင်ပိုင်းဆိုင်ရာ deepfakes အတုအယောင်ပုံတွေ ဖြန့်ဝေမှု အပါအဝင် စွဲချက်အတော်များများမှာ ပြစ်မှုထင်ရှားကြောင်း ခါလစ် ကို တောင်ကိုရီးယား တရားရုံးက စီရင်ချက်ချခဲ့ပါတယ်။
"တရားခံဟာ ယူကျုကတဆင့် အကျိုးအမြတ် ခံစားဖို့ ဘယ်သူဘယ်ဝါ အတိအကျ မဖော်ပြတဲ့ အများပြည်သူအပေါ် ရာဇဝတ်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး ကိုရီးယား စည်းမျဉ်းဥပဒေကို ဂရုမစိုက်ဘဲ လူမှုကွန်ရက်ပေါ်မှာ တင်ချင်ရာတွေ လျှောက်တင်ခဲ့တယ်" ဆိုပြီး တရားရုံးက စီရင်ချက် ချခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာမှာ ဖော်ပြထားပါတယ်။
အစိုးရ အမှုလိုက်ရှေ့နေတွေက သူ့ကို ထောင်ဒဏ် သုံးနှစ် ချမှတ်နိုင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ခံရသူတွေအပေါ် ကြီးကြီးမားမား အန္တရာယ်ပြုတာမျိုး မရှိခဲ့ဘူးဆိုတဲ့ အချက်နဲ့ တရားသူကြီးတွေက ထောင်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ The Korea Herald သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ခါလစ် ထောင်ကနေ ပြန်လွတ်လာတဲ့အခါမှာ အရွယ်မရောက်သေးသူတွေ၊ မသန်စွမ်းသူတွေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခွင့်ကိုလည်း တားမြစ် ပိတ်ပင်လိုက်ပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်းက အာရှဒေသတဝန်းမှာ အမျိုးသမီး ၂၀၀,၀၀၀ လောက် ဂျပန်စစ်သားတွေအတွက် စစ်တွင်း လိင်ကျွန်တွေအဖြစ် အဓမ္မ စေခိုင်းခံခဲ့ရပါတယ်။ အဲဒီထဲက အတော်များများဟာ ကိုရီးယားအမျိုးသမီးတွေ ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် က အမျိုးသမီးတွေ ဖြစ်ပါတယ်။
လိင်ကျွန်အဖြစ် အသုံးချခံခဲ့ရပြီး "ဇိမ်မယ်တွေ"လို့ အများသိကြတဲ့ အဲဒီအမျိုးသမီးတွေကို သတိရ အောက်မေ့ဖို့အတွက် တက်ကြွလှုပ်ရှားသူတွေက အမျိုးသမီးငယ်တစ်ဦး ကုလားထိုင်မှာ ထိုင်နေပုံ ရုပ်တုတွေကို တောင်ကိုရီးယား နိုင်ငံတဝန်းမှာ ထားရှိထားပါတယ်။ အဲဒီ အမျိုးသမီးတွေအတွက် လျော်ကြေး ပေးဖို့ ဂျပန်အစိုးရထံကနေ တောင်ကိုရီးယား အစိုးရက ကာလတာရှည် တောင်းဆိုနေရာမှာ အရင်က အဲဒီ ရုပ်တုတွေကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်အကြား သံတမန်ရေး တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
ယူကျုမှာ ဖော်လိုဝါ ၅၀၀၀ လောက် ရှိတဲ့ ခါလစ် က "ဒီရုပ်တုရဲ့ ထူးခြား အရေးပါမှုကို သူနားမလည်ခဲ့လို့ပါ" ဆိုပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တောင်းပန်စကား ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့ စိတ်ရင်းအမှန်အတိုင်း ပြောတာဟုတ်မဟုတ် ဆိုတဲ့အပေါ် သံသယ ဖြစ်မိတယ်လို့ ဖော်လိုဝါ အတော်များများက ထုတ်ဖော် ပြောခဲ့ကြပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ တောင်ကိုရီးယားမှာ လုပ်နေချိန်မှာပဲ ခါလစ်က သူ့နဲ့ ကိုရီးယား ဒေသခံတွေကို ရန်စ စိန်ခေါ်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဗီဒီယို အတော်များများမှာ သူ့ကို ဒေသခံတွေ လမ်းမပေါ်မှာ လက်သီးနဲ့ လိုက်ထိုးခဲ့ပုံတွေကို တွေ့ရပါတယ်။
အစောပိုင်းတုန်းကလည်း ခါလစ်ကြောင့် လူထု သယ်ယူပို့ဆောင်ရေး နေရာတစ်ခုမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ သူဟာ ကုန်စုံဆိုင်တစ်ခုကို ဖျက်ဆီး ခဲ့သလို လူမြင်ကွင်းမှာ မတော်တလျော် ဗီဒီယိုတွေကို လိုက်ဗ် လွှင့်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းတုန်းက အစ္စရေးနိုင်ငံ တဲလဗိဗ်မြို့က ဆန္ဒပြပွဲတစ်ခုမှာ အမျိုးသမီး ရဲအရာရှိတစ်ဦးကို မဖွယ်မရာ မှတ်ချက်ပြုခဲ့တဲ့အတွက် ခါလစ် ကို ရဲက ထိန်းသိမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
၂၀၂၃ ခုနှစ် တုန်းကလည်း ဂျပန်နိုင်ငံမှာ ဒေသခံတွေကို လှောင်ပြောင် ပျက်ရယ်ပြုခဲ့ပါတယ်။ သူလှောင်ပြောင် ပြောခဲ့တဲ့အထဲမှာ တခြားအကြောင်းတွေနဲ့အတူ ဒုတိယကမ္ဘာစစ် နောက်ဆုံးကာလရက်တွေအတွင်း ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေပေါ် ဗုံးကြဲခံခဲ့ရတဲ့အကြောင်းတွေ ပါဝင်ပါတယ်။
အဲဒီနောက် စားသောက်ဆိုင်တစ်ခုမှာ သီချင်း အကျယ်ကြီး ဖွင့်ခဲ့တဲ့အတွက် ဒေါ်လာငွေ ၁၄၀၀ ဒဏ်တပ်ခံခဲ့ရပါတယ်။