၁၇ နှစ် ပြည့် အေအေ-ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံဖော်နေတဲ့ ရခိုင်ပြည်

ဖတ်ရန်အချိန်: မိနစ် ၁၃

သေနတ်တစ်လက်၊ လူ ၂၆ ယောက်နဲ့ မြန်မာပြည်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်ထိန်းချုပ်ဒေသကနေ စတင်သန္ဓေတည်ခဲ့တဲ့ အာရက္ခတပ်တော် (အေအေ)ဟာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှာ ၁၇ နှစ်ပြည့်ခဲ့ပါပြီ။

ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့အခွန်အခကို အပြည့်အဝ စီမံခန့်ခွဲခွင့်ရှိတဲ့ ကွန်ဖက်ဒရိတ်အုပ်ချုပ်ရေးတည်ဆောက်ဖို့ ၂၀၁၈ ခုနှစ်မှာ ကြွေးကြော်ခဲ့တဲ့ အေအေ ရဲ့ 'အာရက္ခ အိပ်မက် ၂၀၂၅' ဟာလည်း ပြည့်မီလုနီး ဖြစ်နေပါတယ်။

စစ်တပ်ရဲ့လေကြောင်းဗုံးကြဲခံရမှုအန္တရာယ်ကြီးနေဆဲပေမဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို အေအေက ထိန်းချုပ်ပြီးအုပ်ချုပ်ရေးထူထောင်ထားပါတယ်။

အေအေတည်ဆောက်နေတဲ့အုပ်ချုပ်ရေးယန္တရား

အာရကန်အိပ်မက် ကို စပြောခဲ့တဲ့၂၀၁၈ ခုနှစ် ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက သူတို့ထိန်းချုပ်ဧရိယာတွေမှာ တရားစီရင်ရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ မြေယာအငြင်းပွားမှုတွေ၊ ရာဇဝတ်မှုတွေအပြင်တချို့ တရားမမှုတွေထိ အေအေလက်အောက်တရားရုံးတွေမှာ စီရင်ဆုံးဖြတ်တာတွေကို လုပ်ဆောင်ခဲ့တာပါ။

NLD အစိုးရခန့်တဲ့အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးတာ၊ ဘက်ပြောင်းခိုင်းတာ၊ အေအေရဲ့အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်စေတာတွေလုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အေအေရဲတပ်ဖွဲ့ဆိုပြီး စစ်ဒေသအလိုက်ဖွဲ့စည်းခဲ့ပြီး လုံခြုံရေးလုပ်ငန်းစဉ်တွေကိုပါ အခိုင်အမာတည်ဆောက်ခဲ့ပါတယ်။

လက်ရှိမှာလည်း သူတို့သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၅ ခုအတွင်း မှာ အုပ်ချုပ်ရေး၊ တရား‌ရေး၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊ အခွန်ဌာနတွေက ပုံမှန်လည်ပတ်နေပြီလို့ အေအေလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အေအေကဖွဲ့စည်းထားတဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံဖြိုးရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) လက်အောက်မှာရှိတဲ့ ပညာရေး၊ ကျန်းမာရေး၊ မီးသတ်၊ စတဲ့ဌာနအဖွဲ့အစည်းတွေကိုလည်း လည်ပတ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်နေတာ တွေ့လာရပါတယ်။

၂၀၂၅ ခုနှစ်လယ်လောက်မှာ ကုန်သည်များအသင်းကို စတင်ဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့က စစ်ပွဲတွေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာတော့ အာရက္ခဆေးပညာသိပ္ပံကျောင်းဖွင့်လှစ်ဖို့အတွက်လျှောက် လွှာခေါ်ယူတာတွေ တွေ့လာရပြီး အလားတူ ၂၀၂၆ ခုနှစ် ဇန်နဝါရီ လကုန်မှာ သူနာပြု သိပ္ပံကျောင်းတစ်ခုကို ဖွင့်လှစ်ဖို့ပြင်ဆင်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း အာရက္ခပညာရေးကောလိပ်တစ်ခုကို တည်ထောင်သွားဖို့ရှိတယ်လို့ အေအေပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုဖူးပါတယ်။ ဒါပေမဲ့ ဒီအစီစဉ်ကတော့ အကောင်အထည် ဖော်ဆောင်တာမတွေ့ရသေးပါဘူး။ ဒီဘာသာရပ်တွေကိုသင်ကြားပို့ချနိုင်ဖို့ သူ့မှာကျွမ်းကျင်တဲ့ ပညာရှင်တွေရှိနေတယ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အေအေက မြို့တွေကိုသိမ်းပိုက်တဲ့နောက် ဌာနဆိုင်ရာလုပ်ငန်းတွေအလိုက် ကျွမ်းကျင်သူတွေဟာ အေအေဆီမှာ ပြန်လည်တာဝန်ထမ်းဆောင်ကြတာတွေရှိနေပါတယ်။ ဒီအရင်းအမြစ်တွေနဲ့ တည်ဆောက်ရေးလုပ်ရတာ ပိုပြီးတော့မြန်မြန်ဆန်ဆန်လုပ်နိုင်တာ တွေ့ရတယ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းက ပြောပါတယ်။

အေအေရဲ့ နိုင်ငံရေးရည်မှန်းချက်

တကျော့ပြန်တိုက်ပွဲကာလဖြစ်တဲ့ ၂၀၂၄ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ကင်းစင်အောင် တိုက်ခိုက်သွားမယ်လို့ အေအက ကြေညာထားပါတယ်။ ရခိုင်ပြည်နယ်ကို ရခိုင်ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ကွန်ဖက်ဒရိတ် ဒေသတစ်ခုအဖြစ် ထူထောင်သွားမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောခဲ့ပါတယ်။

"အေအေက တခြားအဖွဲ့တွေနဲ့မတူတာက ၂၀၂၁ နောက်ပိုင်းမှာ နယ်မြေတွေကို ပိုပြီးတော့ထိန်းချုပ်နိုင်တယ်။ ပြောမယ်ဆိုရင် လက်နက်ကိုင်တွေထဲမှာ ကိုယ့်နယ်မြေကို ကိုယ်ထိန်းချုပ်နိုင်တဲ့သူက အုပ်ချုပ်ရေးကိုအကောင်အထည် ဖော်တဲ့နေရာမှာ ပိုပြီးတော့ အောင်မြင်တာကိုတွေ့ရတယ်"လို့ နိုင်ငံရေးသုံးသပ်သူ ကိုဘွေပီးက ပြောပါတယ်။

အေအေက ဖက်ဒရေးရှင်း ဆိုတဲ့ စကားလုံးကိုထက် ကွန်ဖက်ဒရေးရှင်း ကိုယူတာက တခြားတိုင်း ရင်းသားတွေ ထက်ပိုပြီးတော့ ထူးခြားတာကိုတွေ့ရပါတယ်။ အဓိကထူးခြားတဲ့အကြောင်းရင်း တစ်ခုကတော့ သူတို့စစ်အင်အားကြောင့် အဲဒီလိုမျိုးပိုတွေးတာလို့ ကိုဘွေပီးက ထောက်ပြတား ပါတယ်။

ရခိုင်ဒေသဟာ လူမျိုးစုတွေနဲ့စုဖွဲ့ထားတဲ့ဒေသတစ်ခုဆိုပေမဲ့ ရခိုင်မျိုးနွယ်စုတွေသီးသန့် တည်ရှိတဲ့ဒေသဖြစ်ပါတယ်။ ဒါကြောင့် အေအေရဲ့သဘောထားတွေကို အလျင်အမြန်အကောင် အထည်ဖော်ဆောင်ခွင့်ရရှိခဲ့ပါတယ်။ အေအေမှာ သီးခြားဆန်တဲ့ တော်လှန်ရေး နယ်မြေ တသီးတသန့်တည်ရှိနေတာကလည်း သူ့ရဲ့ ထိုးစစ်တွေအောင်မြင်ဖို့ အရေးပါတဲ့အချက်ဖြစ်ခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တချို့ ရှိနေပါတယ်။

အေအေအုပ်ချုပ်ရေးနဲ့ အဂတိ

လက်ရှိမှာ အေအေက သူထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေကို အကောင်အထည် ဖော်ဆောင်နေပေမဲ့ မြေပြင်မှာတော့ အခက်အခဲတွေရှိနေကြပါတယ်။ အခက်အခဲတွေက တော့ ULA/AA ဘက်မှာရော ရခိုင်ပြည်သူတွေဘက်မှာပါ ရှိကြတာပါ။

လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်စေဖို့အတွက် လမ်းတွေကိုချဲ့တာ၊ လမ်းသစ်ဖောက်တာ၊ တံတားဆောက်တာတွေကို အေအေဘက်က ရှိတဲ့အရင်းအမြစ်နဲ့လုပ်ပေးပါတယ်။ တပြိုင်တည်းမှာပဲ ဥပဒေတွေထုတ်ပြီးစည်းကမ်းတင်းကျပ်မှုတွေအောက်၊ အခွန်အခကြီးမှုတွေဒဏ်ကို ရခိုင်လူထုခံနေရပါတယ်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်တာ၊ လက်ခံတာတွေရှိပေမဲ့ စည်းကမ်းသတ်မှတ်တာ ဥပဒေတွေတင်းကျပ်တဲ့ အပိုင်းတွေတော့ အခက်အခဲတွေကြား ရပ်တည်ဖို့ကြိုးစားနေကြရတဲ့ ပြည်သူတွေအတွက် လိုက်လျာညီထွေနေထိုင်နိုင်ဖို့ ရုန်းကန်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အေအေ ပြောခွင့်ရ ဦးခိုင်သုခကတော့ ''အခက်အခဲတွေကြားထဲကနေ ပြည်သူတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အေအေက ရှိတဲ့အရင်းအမြစ်တွေနဲ့ အကန့်အသတ်တွေကြားထဲကနေ ပြည်နယ်တိုးတက်အောင်အရှိန်မြှင့်လုပ်ပေးနေတယ်''လို့ တုံ့ပြန်ပါတယ်။

ဒါ့အပြင် အေအေရဲ့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ဆွေမျိုးကောင်းစားရေးဝါဒတွေလုပ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေရှိလာပါတယ်။ ၂၀၂၅ ခုနှစ်လယ်လောက်မှာ ကုန်သည်များအသင်းကို စတင်ဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့က စစ်ပွဲတွေအတွင်း ချွတ်ခြုံကျသွားတဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ဦးမော့နိုင်ရေး ရည်ရွယ်ထားတာပါ။

အဲဒီအသင်းကို ဒေသခံကုန်သည်တချို့နဲ့ဖွဲ့စည်းထားပြီး အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက္ခမဖြစ်တဲ့ (ယခင်ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဟောင်း) ဦးစံကျော်လှက ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားပါတယ်။ အဲဒီလို ဆွေမျိုးတော်စပ်သူကို ရာထူးပြန်လည်ခန့်အပ်မှုကို ဒေသခံတွေက ဝေဖန်တာတွေရှိပါတယ်။

"ဦးစံကျော်လှဟာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းနဲ့ အတွေ့အကြုံအရပါ သင့်တော်တဲ့သူဖြစ်လို့ လုပ်ငန်းရှင်အများစုက ရွေးချယ်ထားကြတာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးလုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ဖို့နဲ့ ကုန်သည်များကို စုစည်းထားရှိနိုင်ဖို့ ပြင်ဆင်ထားရုံသာ ဖြစ်ပါတယ်"လို့ ဦးခိုင်သုခက တုံ့ပြန်ပါတယ်။

တချိန်တည်းမှာပဲ အေအေရဲ့ ဒေသတာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်တချို့ က အာဏာပြတာ၊ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်ပြီးလုပ်ကြတာ၊ အခွန်အခတွေ အဆမတန် တိုးမြှင့်ကောက်ခံတဲ့ ကိစ္စမျိုးတွေရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အေအေတပ်ဖွဲ့ဝင်တချို့ရဲ့ ဒီလုပ်ရပ်တွေကို အလုံးစုံ မကြိုက်ကြပေမဲ့ ဒီအပေါ် ဆန့်ကျင်မှုတွေ မလုပ်ရဲကြတဲ့အထိ ဖြစ်နေကြတယ်လို့ဆိုပါတယ်။

"မြို့တွေကိုသိမ်းလိုက်ပြီးကတည်းက ပြည်သူတွေရဲ့နေအိမ်တွေ ဖောက်ထွင်းခံရတာရှိတယ်။ ဒါတွေကို ပြောရင် ပြောတဲ့သူတွေကို ဖမ်းဆီးတာတွေရှိတယ်၊ အခုနောက်ပိုင်းမှာလည်း သူတို့တပ်တွင်းက စည်းကမ်းတွေအတိုင်း ပြည်သူတွေကို လိုက်နာရမယ်၊ မလိုက်နာလို့ရှိရင် ထိပ်တုံးခတ်ခံရတာ‌တွေရှိကြတယ်။ ပြီးတော့ မြို့မှာတာဝန်ရှိတဲ့သူတွေက သူတို့လုပ်ချင်ရာလုပ်နေကြတာ၊"လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလိုမျိုး ပွတ်တိုက်မှုတွေက အေအေထိန်းချုပ်ထားတဲ့ မြို့နယ်တိုင်းမှာ ရှိကြတယ်လို့ ဒေသခံတွေဘက်က ပြောဆိုမှုတွေ ကြားသိနေရပါတယ်။ ယေဘုယျအားဖြင့် လူတွေရဲ့နေရေးထိုင်ရေးတွေ အဆင်ပြေပြေနေထိုင်လို့ရရှိကြပေမဲ့ တဖက်မှာလည်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေ ကြောင့် လူတွေအစုလိုက်အပြုံလိုက်သေဆုံးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

စစ်တပ်ဘက်ကလည်း ဒီလိုတိုက်ခိုက်မှုတွေကို ရွေးကောက်ပွဲနောက်ပိုင်းကာလတွေမှာ ခပ်စိပ်စိပ် လုပ်ဆောင်လာတာကြောင့် အရပ်သားပြည်သူတွေအတွက် အသက်ရှင်နေထိုင်ရေးက နေ့စဉ်နဲ့ အမျှ စိန်ခေါ်မှုတွေ ဖြစ်လာနေတယ်လို့ ပြောဆိုကြပါတယ်။

အေအေပြောခွင့်ရ ဦးခိုင်သုခကတော့ ''အခွင့်အရေးချိုးဖောက်ခံရရင် Justice for Arakan တယ်လီဂရန်ချန်နယ်နဲ့ အေအေအဖွဲ့ချုပ်အီးမေးလ် တွေကနေ တိုင်ကြားနိုင်ကြောင်းနဲ့ ပြည်သူ့အသံကိုနားထောင်ပြီး လိုအပ်ရင် ပြည်သူကိုပြန်တောင်းပန်၊ ပြန်ရှင်းပြတဲ့ လုပ်ငန်းစဥ်တွေရှိထားတယ်'' လို့ ဖြေပါတယ်။

အေအေအနေနဲ့ အစိုးရတစ်ရပ်အဖြစ် ပုံဖော်လိုတာကြောင့် ပြည်သူတွေဒုက္ခရောက်နေတဲ့ကြားက အုပ်ချုပ်ရေးတွေကို ထူထောင်နေတာဖြစ်တယ်လို့ လက်ရှိ ULA/AA ရဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ရခိုင်ပြည်သူတွေနဲ့ အေအေနဲ့အကြားမှာ မျိုးချစ်စိတ်၊ ဖိနှိပ်ခံဘဝကိုတော်လှန်ချင်တဲ့ နာကြည်းစိတ်တွေက ထပ်တူကျကြပေမဲ့ အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံလူတန်းစားဆိုတဲ့ အဆင့်အတန်းတွေ ကွာဟသွားတဲ့အခါမှာ အဆင်မပြေနိုင်တော့တဲ့ အဖုအထစ်လေးတွေတော့ ရှိလာကြတာတွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

တော်လှန်ရေးတပ်တစ်ခုက အစိုးရဖြစ်လာတဲ့အခါ အစိုးရနဲ့ ပြည်သူကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေ ဖြစ်လာနေပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ စနစ်ကို အေအေက အသက်သွင်းခဲ့ပြီး ပြည်နယ်ပြင်ပ ခရီးထွက်ခွာခွင့်ကိုလည်းတားမြစ်ကန့်သတ်ထားပါတယ်။

အာရက္ခ‌ဒေသတွင်းတချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်ပွဲကာလကြားမှာ ပြည်သူလူထုတွေဟာ ရန်သူရဲ့လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အသေခံဒရုန်း ပစ်ခတ်တိုက်ခိုက်မှုတွေကို အချိန်မရွေးနေရာမ‌ရွေးမှာ တိုက်ခိုက်ခံရနိုင်ပါတယ်။

ဒါကြောင့်လည်း အစိုးရအနေနဲ့ စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေကို သိုသိုသိပ်သိပ်နဲ့ လုပ်နေရတဲ့အပြင် စစ်ရေးသတိအပြည့်နဲ့ပါ လည်ပတ်လုပ်ဆောင်နေရပါတယ်လို့ အေအေဘက်က ပြောပါတယ်။

အေအေအတွက် စိန်ခေါ်မှုတွေ

လက်ရှိအခြေအနေမှာ အေအေဟာ အလုပ်သုံးခုကို တပြိုင်တည်း လုပ်နေတာကိုတွေ့ရပါတယ်။ စစ်ပွဲတွေကို ဆက်တိုက်နေသလို သံတမန်ဆက်ဆံရေးကို တည်ဆောက်နေပြီး အခြားတဖက် မှာလည်း အုပ်ချုပ်ရေးလုပ်ငန်းတွေကို တစ်ဆင့်ချင်း အကောင်အထည်ဖော် လာတာတွေ့ရပါတယ်။

အေအေ ကြွေးကြော်ထားတဲ့ အာရက္ခအိပ်မက်ကို ၂၀၂၆ ခုနှစ်အထိ စောင့်ဆိုင်ပေးကြဖို့ အေအေခေါင်း ဆောင်ကိုယ်တိုင်ကလည်း တိုက်ပွဲအစပိုင်းကာလမှာ ပြောလာနေပါတယ်။ ဒါကြောင့် ၂၀၂၆ အကုန် မှာ ရခိုင်ပြည်နယ်ဟာ သီးခြားဒေသတစ်ခုအဖြစ် ရပ်တည်တော့မှာလားဆိုတဲ့ စဉ်းစားစရာမျိုးတွေ ရှိလာခဲ့ပါတယ်။

"အေအေက ပြည်ထောင်စုကခွဲမထွက်ဘူး။ ဖက်ဒရယ်တည်ဆောက်ရေးမှာလည်း ပါကောင်းပါနိုင်တယ် ဆိုတဲ့ အနေအထားရှိတယ်။ တဖက်မှာလည်း အေအေက သူ့အိပ်မက်နဲ့ သူလာတယ်ဆိုတော့ ရခိုင်နဲ့ စီးပွားရေးဆက်စပ်နေတဲ့ နိုင်ငံကြီးတွေရဲ့ အသိအမှတ်ပြုမှုတွေကို တည်ဆောက်နေတာဖြစ်မှာပါ။"လို့ စစ်ရေး လေ့လာသူတစ်ဦးက ပြောပါတယ်။

လက်ကျန်မြို့တွေကို စစ်မြေပြင်ကနေ တိုက်ရိုက်သိမ်းပိုက် ထိန်းချုပ်တာမျိုးဆိုလို့ရှိရင်တော့ အေအေရော ရခိုင်ပြည်သူတွေအတွက်ပါ လေကြောင်းတိုက်ခိုက်မှုတွေကို အဆိုးဆုံးကြုံရနိုင်တဲ့အတွက် စားပွဲဝိုင်းကနေ ထိန်းချုပ်တဲ့အခြေအနေမျိုးဆိုလို့ရှိရင်တော့ ပိုပြီးကောင်းမွန်တဲ့အနေအထားမျိုးကိုရရှိလာနိုင်တယ်လို့ စစ်ရေးနီးစပ်သူတစ်ဦးက ထောက်ပြပါတယ်။

ဒီမြို့တွေကိုသိမ်းပိုက်ခါစ ၂၀၂၄-၂၀၂၅ အကုန်ပိုင်းကာလတုံးက အိမ်နီးချင်းနိုင်ငံတွေရဲ့ အေအေ အပေါ် ဆက်ဆံရေး အခြေအနေတွေနဲ့ လက်ရှိအခြေအနေတွေက အပြောင်းအလဲတချို့ရှိလာ နေတယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်။ အရင်နှစ်တွေက အေအေ အပေါ် အသိအမှတ်ပြုဆက်ဆံတာမျိုးမရှိကြပေမဲ့ အခုနောက်ပိုင်းကာလတွေမှာတော့ အလားအလာကောင်းတဲ့ဘက်ကို ဦးတည်လာနေတယ်လို့ ပြောဆိုကြပါတယ်။

တဖက်မှာလည်း လက်ရှိရခိုင်ပြည်နယ်အတွင်းက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ အဲ့ဒီနိုင်ငံတွေ ဘက်က စစ်ကော်မရှင်နဲ့ပဲ တိုက်ရိုက်ဆက်ဆံမှုတွေရှိနေကြပြီး အေအေဟာ နယ်မြေအများစုကို သိမ်းပိုက်ထားပေမဲ့ သံတမန်ဆက်ဆံရေးကောင်းမွန်ဖို့လိုအပ်နေသေးတယ်ဆိုတဲ့ ကောက်ချက်ချမှုတွေရှိပါတယ်။ အေအေဟာ ဒေသတွင်းနိုင်ငံရေး တည်ဆောက်မှုနဲ့ အချုပ်အခြာပိုင်ဆိုင်မှုတွေကို ရရှိလာအောင် ကနဦးလုပ်ငန်းစဉ်တွေအနေနဲ့ ဆောင်ရွက်နေရတဲ့အခြေအနေလို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

နောက်ထပ်စိန်ခေါ်မှုကတော့ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခြေပြုလှုပ်ရှားနေတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေအရေးဖြစ်ပါတယ်။ အေအေက ဘင်္ဂါလီလို့ သုံးနှုန်းတဲ့ မွတ်ဆလင်လူဦးရေ ထူထပ်စွာရှိတဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေကို အေအေက ၂၀၂၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားခဲ့ပါတယ်။

အဲဒီဒေသတွေမှာ နှစ်ရှည်လများ ပိတ်ခံထားရတဲ့ ဗလီကြီးနှစ်ခုကို အေအေက ပြန်ဖွင့်ပေးခဲ့ပြီး အဲဒီက ဒေသခံမွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် အရောက်သွားပြခဲ့ပါတယ်။

ဘင်္ဂါလီတွေကို အုပ်ချုပ်ရေးမှူးတွေ ပြန်ခန့်တာ၊ မောင်တောဘူးသီးတောင်မှာဆိုအေအေရဲတပ်ဖွဲ့ထဲမှာ ဘင်္ဂါလီတွေကို ထည့်သွင်းခန့်အပ်တာတွေ လုပ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ နယ်စပ်ဒေသက ရခိုင်အပါအဝင် မြို၊ သက် ၊ ဒိုင်းနက် စတဲ့ လူမျိုးစုတွေကို လုပ်ကြံသတ်ဖြတ်ခံရတာတွေမကြာခဏဖြစ်လာပါတယ်။ အေအေကတော့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာကယ်တင်ခြင်းတပ် (ARSA) တို့ရဲ့လက်ချက်လို့ ပြောနေပြီး ဒါဟာ အေအေရဲ့ နယ်စပ်ဒေသ အုပ်ချုပ်ရေးကို စိန်ခေါ်တဲ့၊ အုပ်ချုပ်မှုမလုပ်နိုင်အောင် အနှောင့်အယှက်ပေးတဲ့တိုက်ခိုက်မှုတွေလို့ အေအေက ရှုမြင်ပါတယ်။

တစ်ဖက်မှာလည်း ၂၀၁၇ ရိုဟင်ဂျာအရေးအခင်းမတိုင်ခင်တည်းက ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေဟာ အသွားအလာကန့်သတ်ခံထားရသလို လွတ်လပ်စွာ ပညာသင်ကြားခွင့်လည်းမရကြပါဘူး။

ဒါတွေဟာ နှစ်ကာလရှည်ကြာလာတဲ့အခါ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ဖို့လမ်းတစ်ခုတည်းပဲရှိတော့တဲ့အခြေအနေကို တွန်းပို့စေသလိုဖြစ်သွားတယ်လို့ စစ်တွေမှာ ကောင်စစ်ဝန်လုပ်ဖူးတဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဗိုလ်မှူးဟောင်း အမ်ဒါဒူဟာကေး က ဘီဘီစီကို ပြောပါတယ်။

အေအေကတော့ စစ်ဦးစီးချုပ်ကိုယ်တိုင် မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ မြေပြင်ဆင်းတာတွေလုပ်နေပေမဲ့ တပြိုင်တည်းမှာပဲ ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်ဖို့ ဒီအသိုင်းအဝိုင်းတွေဆီကနေ ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေတာလည်းမြင်သာနေပါတယ်။