လုံခြုံရေး ကောင်စီ တံခါးဖွင့် ဆွေးနွေးပွဲမှာ ရခိုင်အရေး ဆွေးနွေးမယ်

ကုလသမဂ္ဂ၊ လုံခြုံရေး ကောင်စီ၊

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရခိုင်ဒေသ အရေးမှာ ဖြစ်ပေါ် တိုးတက်မှုတွေ အများကြီး ရှိတယ်လို့ မြန်မာသံအမတ်ကြီးပြော

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်လို့ လာမယ့် သြဂုတ်လ ၂၈ ရက်နေ့ကျရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တံခါးဖွင့် ဆွေးနွေးပွဲ ပြုလုပ်မယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် စတင် တာဝန်ယူ ဆောင်ရွက်မယ့် ဗြိတိန်နိုင်ငံရဲ့ သံအမတ်ကြီး ကရင်ပီးယာ့စ် က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရခိုင်အရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အများအပြားကို ဒီတံခါးဖွင့် ဆွေးနွေးပွဲမှာ တင်ပြသွားမယ်လို့ နယူးယောက် အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း ထွက်ပြေးသွားတဲ့ လူတွေကို ပြန်လည် လက်ခံရေး ကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ လက်မှတ် ရေးထိုးထားချက် အတိုင်း လုပ်ဆောင်နေတာတွေ၊ UNDP၊ UNHCR နဲ့ မြန်မာအစိုးရ ၃ ပွင့်ဆိုင် နားလည်မှု စာချွန်လွှာကို အကောင်အထည် ဖော် ဆောင်ရွက်နေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်ခဲ့သူတွေကို အရေးယူရေးနဲ့ ပတ်သက်လို့ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းခဲ့တာတွေကို တင်ပြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင် သံတမန်ဟောင်းနဲ့ ဂျပန် သံတမန်ဟောင်းတို့ ပါဝင်တဲ့ အဲဒီ စုံစမ်း စစ်ဆေးရေး ကော်မရှင်သစ်ကို ကုလသမဂ္ဂက အပြုသဘောနဲ့ လက်ခံတယ်လို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

လုံခြုံရေး ကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ဗြိတိန်နိုင်ငံ သံအမတ်ကြီး က ရိုဟင်ဂျာတွေကို နိုင်ငံသား ပေးရေး ကိစ္စနဲ့ ပတ်သက်လို့လည်း ဒီဆွေးနွေးပွဲမှာ ဆွေးနွေးသွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အာဆာ လက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး တပ်မတော်ရဲ့ စစ်ဆင် လှုပ်ရှားမှုတွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင်တွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း ထွက်ပြေးသွားခဲ့ကြတာ တနှစ်တင်းတင်း ပြည့်တဲ့ သြဂုတ်လ ၂၈ ရက်နေ့မှာ ဒီ တံခါးဖွင့် ဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။